ဒေါ်အောင်ဆန်းစုကြည် မိုးကုတ်မြို့သို့ တတိယအကြိမ် ပြန်လည်သွားရောက်မည်


အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ဒီပဲယင်း အရေးအခင်း မတိုင်ခင် လွန်ခဲ့သော ၁၁ နှစ်ကရောက်ရှိခဲ့သော မန္တလေးတိုင်း အတွင်းရှိ မိုးကုတ်မြို့သို့ မတ်လတတိယပတ်တွင် သွား ရောက်ရန် စီစဉ်နေသည်ဟု ၎င်း၏လုံခြုံရေး တာဝန်ခံ ဦးဝင်းထိန်က မဇ္ဈိမကို ပြောသည်။

မတ်လ၂၂ နှင့်၂၃ ရက်တွင် မိုးကုတ်မြို့သို့ သွားရောက်ကာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ဆိုင်ရာ လူထုတွေ့ဆုံပွဲများ ပြုလုပ်ရန် စီစဉ်နေသည်ဟု ၎င်းက ဆိုသည်။

“မိုးကုတ်သွားမှာ ဟုတ်ပါတယ်။ ဒီတစ်ပတ် လွှတ်တော်ပိတ်ရက်ကျရင် စီစဉ်စရာတွေ သွားပြီးလုပ်မှာပါ။ အစီအစဉ်အတိအကျကိုတော့ ပြန်လာမှပဲ ထုတ်ပြန်မယ်”ဟု ပြောသည်။

မိုးကုတ်ခရီး အစီအစဉ်အသေးစိတ်ကိုမူ လာမည့် မတ်လ ၁၇ ရက်တွင် ထုတ်ပြန်ကြေညာသွားမည်ဖြစ် ပြီး မတ်လ ၂၂ နှင့် ၂၃ တွင် သွားမည်ဆိုသည်ကိုမူ အတည်ပြု ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၄ ခုနှစ်အတွင်း တိုင်းရင်းသားဒေသ ပြည်နယ်များနှင့် တိုင်းများသို့ အများဆုံးသွားရောက်ရန် အစီအစဉ်များရှိသည်ဟုလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြန်ကြားရေး တာဝန်ခံ ဦးကြည်တိုးက ပြောထားသည်။

“သွားမှာတွေတော့ အများကြီးပဲ။ အခုက နေရာတစ်နေရာကို သွားဖို့ဆိုရင် ရှေ့ပြေးအဖွဲ့က အရင်သွား ကြည့်ရတယ်။ သွားလို့ ဖြစ်မဖြစ်၊ အခြေအနေတွေကိုပေါ့။ အဲလို ရှေ့ပြေးတွေ သွားပြီး ပြန်လာတိုင်း လည်း သတင်းကထွက်တယ်”ဟု ၎င်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် မိုးကုတ်မြို့ကို ၁၉၈၉ ခုနှစ်တွင် တစ်ကြိမ်၊ ၂၀၀၃ ခုနှစ်တွင် တစ်ကြိမ် သွားရောက်ခဲ့သောကြောင့် ယခုတစ်ကြိမ်သည် တတိယအကြိမ်မြောက် သွားရောက်ခြင်းဖြစ်သည်။ ထိုသို့ သွားရောက်ခဲ့စဉ်ကလည်း လူထုတွေ့ဆုံပွဲများလည်း ပြုလုပ်ခဲ့သည်ဟု အင်န်အယ်လ်ဒီမှ ဗဟို အလုပ်အမှုဆောင်ဦးမင်းသူက အတည်ပြုပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၄ ဇန်န၀ါရီလအတွင်းက တိုင်းရင်းသားဒေသများဖြစ်သည့် ချင်းပြည် နယ်၊ ကရင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့သို့ သွားရောက်ကာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ လူ ထုတွေ့ဆုံဆွေးနွေးပွဲများ ပြုလုပ်ခဲ့သေးသည်။

စုမြတ်ဝေ
Mizzima - News in Burmese



ဒေါ်အောင်ဆန်းစုကြည် မိုးကုတ်မြို့သို့ တတိယအကြိမ် ပြန်လည်သွားရောက်မည် ဒေါ်အောင်ဆန်းစုကြည် မိုးကုတ်မြို့သို့ တတိယအကြိမ် ပြန်လည်သွားရောက်မည် Reviewed by သစ်ထူးလွင် on 14:42 Rating: 5
Powered by Blogger.