တရုတ်ရေနံပိုက်လိုင်းကြောင့် ငဖဲမြို့နယ်ရှိ တောင်ပေါ်ချင်းရွာများ စိုက်ပျိုးရေအခက်ကြုံ


မကွေး၊ မတ် ၁၁

တရုတ်နိုင်ငံသို့ သွယ်တန်းထားသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းကြောင့် မကွေးတိုင်းဒေသကြီး ငဖဲမြို့နယ်ရှိ တောင်ပေါ်ချင်း ရွာများတွင် နှစ်ရှည်သီးနှံပင်များအတွက် အဓိက မှီခိုရသော စိမ့်စမ်းပေါက်များ ပိတ်ဆို့ခန်းခြောက်ခဲ့ရပြီး စိုက်ပျိုးရေ အခက်ကြုံတွေ့နေရကြောင်း ခြံစိုက်တောင်သူများက ပြောကြားသည်။

ပိုက်လိုင်းဖြတ်သန်းရာ နေရာများတွင် မြေမပြိုရန် ဆောက်လုပ်ထားသည့် ကျောက်နံရံများ ကာခြင်းနှင့် ပိုက်လိုင်းမြှုပ်ရန် တူးဖော်လိုက်သည့် မြေစိုင်ခဲများက ပုံမှန် စီးဆင်းလျက်ရှိသည့် ရေထွက် စမ်းပေါက်များကို ပိတ်ဆိုခဲ့ခြင်း တို့ကြောင့် စမ်းရေအိုင်များ ခန်းခြောက်ခဲ့ရခြင်း တို့ကြောင့် စိုက်ပျိုးရေ အခက်ကြုံရခြင်း ဖြစ်သည်ဟု မြေလတ်ရွာက ခြံစိုက်တောင်သူ ဦးမောင်ငယ်က ပြောဆိုသည်။
“နွေရာသီဆိုရင် စမ်းရေခတ်ပြီး အပင်ငယ်တွေကို ရေလောင်းရတာ။ ခုစမ်းပေါက်တွေ ပိတ်သွားတော့ စမ်းရေအိုင်တွေ ရေခန်းကုန်တယ်” ဟု ၎င်းကဆိုသည်။

ဘိုးဘွားစဉ်ဆက် သောက်ရေနှင့် စိုက်ပျိုးရေအဖြစ် အားထားခဲ့ရသည့် စမ်းပေါက်များ ပိတ်ဆို့ခဲ့သောကြောင့် ရေရနိုင်သည့် နေရာများမှ ပိုက်လိုင်းဖြင့် သွယ်ယူခဲ့ရပြီး ရေသွင်းစိုက်ပျိုးနေရပြီ ဖြစ်ကြောင်း ငှက်ပျောခြံပိုင်ရှင် ဒေါ်စီစီဝင်းက ပြောကြားသည်။
“ပိုက်တစ်ခွေ ကျပ်သုံးသောင်းနဲ့ ကိုယ့်ခြံထဲရေရဖို့ ပိုက်ဆယ့်ငါးခွေလောက် သုံးရတာဆိုတော့ အပိုကုန်ကျစရိတ် များတာပေါ့” ဟု ၎င်းကဆိုသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ စွမ်းအင်ဝန်ကြီးဌာန၊ ငဖဲမြို့နယ် မြေစာရင်ဌာနနှင့် မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးတို့သို့ အကြိမ်ကြမ် တင်ပြခဲ့သော်လည်း ယခုတိုင် လုပ်ဆောင်ပေးခြင်း မရှိကြောင်း၊ စွမ်းအင်ဝန်ကြီးဌာနမှ အရာထမ်းတစ်ဦးက လျော်ကြေးရအောင် လုပ်ပေးမည်ဟု ပြောဆိုထားသော်လည်း ခြံစိုက်တောင်သူများ ယနေ့ထိ လျော်ကြေး မရသေးကြောင်း ဒေသခံများက ပြောကြားသည်။

ငဖဲမြို့နယ်ရှိ ရခိုင်ရိုးမ တောင်တန်းပေါ်တွင် တောင်ပေါ်ရွာ ဆယ်အုပ်စုရှိပြီး အများစုမှာ အရှိုချင်းတိုင်းရင်းသား များ ဖြစ်ကြောင်း၊ နှစ်ရှည်သီးနှံဖြစ်သည့် ကော်ဖီနှင့် ငှက်ပျော အဓိကစိုက်ပျိုးပြီး ကမ္ဗလာနှင့် သံပရာတို့ကိုလည်း စိုက်ပျိုးကြကြောင်း ဒေသခံများထံမှ သိရသည်။

The Voice Weekly


တရုတ်ရေနံပိုက်လိုင်းကြောင့် ငဖဲမြို့နယ်ရှိ တောင်ပေါ်ချင်းရွာများ စိုက်ပျိုးရေအခက်ကြုံ တရုတ်ရေနံပိုက်လိုင်းကြောင့် ငဖဲမြို့နယ်ရှိ တောင်ပေါ်ချင်းရွာများ စိုက်ပျိုးရေအခက်ကြုံ Reviewed by သစ်ထူးလွင် on 17:11 Rating: 5
Powered by Blogger.