တိုင်းမ်မဂ္ဂဇင်း ဆောင်းပါးရှင် ဟန်နာဘိခ်ျကို အစိုးရ ပြည်ဝင်ခွင့်ပိတ်


ရန်ကုန်၊ မတ် ၉

မန္တလေးမြို့ မစိုးရိမ်တိုက်သစ် နာယက ဆရာတော် အရှင်ဝီရသူ ပုံကို အသုံးပြုကာ တိုင်းမ်မဂ္ဂဇင်း မျက်နှာဖုံးတွင် The Face of Buddhist Terror ဟူသည့် ဆောင်းပါးကို ရေးသားဖော်ပြခဲ့သူ တိုင်းမ်မဂ္ဂဇင်း ဆောင်းပါးရှင် မစ္စဟန်နာဘိခ်ျ၏ မြန်မာနိုင်ငံသို့ လာရောက်ခွင့် ဗီဇာ လျှောက်ထားမှုကို အစိုးရက ခွင့်မပြုကြောင်း နိုင်ငံတော် သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောကြားသည်။

ရန်ကုန်မြို့တွင် မတ်လ ၁၀ ရက်မှ ၁၂ ရက်နေ့အထိ ကျင်းပမည့် East-West Center ၏ နိုင်ငံတကာ မီဒီယာ ကွန်ဖရင့်သို့ တက်ရောက်ရန် အတွက် ဗီဇာ ထောက်ခံချက် ပေးရန် မစ္စဟန်နာဘိခ်ျက ပြန်ကြားရေး ဝန်ကြီးဌာနသို့ လျှောက်ထားလာခြင်း ဖြစ်ပြီး မလိုလားအပ်သည့် အကျိုးဆက်များ ဖြစ်ပွားလာနိုင်သဖြင့် ခွင့်မပြုရန် ဆုံးဖြတ်ခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီးလည်းဖြစ်သူ ဦးရဲထွဋ်က ရှင်းပြသည်။

“နောင်သင့်တော်တဲ့ အချိန်မှာ မြန်မာနိုင်ငံကို လာရောက် သတင်းယူဖို့နဲ့ အဲဒီအခါမှာ ကျွန်တော့်ကို တွေ့ဆုံ မေးမြန်းချင်တယ် ဆိုရင်လည်း လက်ခံ ဖြေကြားပေးမယ် ဆိုပြီး အကြောင်း ပြန်လိုက်တာပါ” ဟု ၎င်းကဆိုသည်။

သို့သော် ယင်းကိစ္စနှင့် ပတ်သက်၍ အရှင်ဝီရသူကမူ တိုင်းမ်မဂ္ဂဇင်း၏ ဆောင်းပါးရှင် ဟန်နာဘိခ်ျကို ဗီဇာ ပိတ်ပင်ခြင်းမှာ အစိုးရအနေနှင့် စိုးရိမ်မှုဖြင့် ဆောင်ရွက်ခြင်း ဖြစ်ပြီး ပုဂ္ဂိုလ်ရေး အရမူ ပြဿနာ တစ်စုံတစ်ရာ မရှိပါကြောင်း မိန့်ကြားသည်။

သို့သော် မြန်မာနိုင်ငံသို့ ဟန်နာဘိခ်ျ လာရောက်သည်ကို သိရှိပါက မလိုလားအပ်သည်များ ဖြစ်လာနိုင်ခြေ ရှိကြောင်း၊ ဆိုးဆိုးရွားရွား ရေးသားမှုများ အတွက် ဘာသာ၊ သာသနာ ချစ်မြတ်နိုးသူများက မခံမရပ်နိုင် ဖြစ်ကာ ကုလသမဂ္ဂ ကိုယ်စားလှယ် ကင်တားနားကို ကန့်ကွက်မှုထက် ပိုမို ဆိုးရွားသွားနိုင်ကြောင်း ဆရာတော်က သုံးသပ်သည်။

ယင်းသို့ ဟန်နာဘိခ်ျကို ပြည်ဝင်ခွင့် ပိတ်ခြင်းမှာ စာနယ်ဇင်း လွတ်လပ်ခွင့်နှင့် မြန်မာနိုင်ငံ၏ ပြုပြင် ပြောင်းလဲရေးကို အခြားသူများ မေးခွန်း ထုတ်စရာ ဖြစ်လာနိုင်ကြောင်း၊ အကယ်၍ မကျေနပ်သူများ ဆန္ဒပြပါက ဥပဒေနှင့် အညီ ဆောင်ရွက်နိုင်ကြောင်း 7 Day Daily နေ့စဉ် သတင်းစာ သတင်းထောက်ချုပ် ဦးအောင်သူရက မှတ်ချက်ပြုသည်။

ဟန်နာဘိခ်ျ၏ တိုင်းမ်မဂ္ဂဇင်းပါ ရေးသား ဖော်ပြမှုများနှင့် ပတ်သက်၍ ပြည်တွင်းသတင်းစာ ဆရာများကလည်း ကန့်ကွက်ခဲ့ပြီး နိုင်ငံတော် သမ္မတရုံးနှင့် သာသနာရေး ဝန်ကြီးဌာန တို့ကလည်း တိုင်းမ်မဂ္ဂဇင်းပါ ဆောင်းပါးနှင့် ဆောင်းပါးရှင် ဟန်နာဘိခ်ျတို့ကို ကန့်ကွက်ကြောင်း အသီးသီး ထုတ်ပြန်ခဲ့သည့် အပြင် အဆိုပါ မဂ္ဂဇင်းကို မြန်မာနိုင်ငံတွင်း ဖြန့်ချိခြင်း မပြုရန် တားမြစ်ခဲ့သည်။

The Voice Weekly


တိုင်းမ်မဂ္ဂဇင်း ဆောင်းပါးရှင် ဟန်နာဘိခ်ျကို အစိုးရ ပြည်ဝင်ခွင့်ပိတ် တိုင်းမ်မဂ္ဂဇင်း ဆောင်းပါးရှင် ဟန်နာဘိခ်ျကို အစိုးရ ပြည်ဝင်ခွင့်ပိတ် Reviewed by သစ်ထူးလွင် on 11:31 Rating: 5
Powered by Blogger.