Taxi ယာဉ်မောင်းနှင့် ခရီးသည်ကို ရိုက်နှက်ခဲ့သည့် ပြိုင်ကားပေါ်မှ လူငယ် ငါးဦးကို ရဲစခန်းထံ မိဘများ အပ်နှံ


ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆

ရန်ကုန်မြို့တော် လှိုင်မြို့နယ် ခြောက်မိုင်ခွဲ ပြည်လမ်းမ ပေါ်တွင် လွန်ခဲ့သော ၁၀ ရက် ဖေဖော်ဝါရီလ ၁၆ ရက်နေ့ နံနက် ၁ နာရီကျော်က Taxi ယာဉ်မောင်းနှင့် ခရီးသည်ကို ပြိုင်ကား ငါးစီးပေါ်မှ လူငယ်များက ဘေ့စ်ဘော တုတ်ဖြင့် ရိုက်နှက်မှု၊ အုတ်ခဲများဖြင့် ထုနှက်ခဲ့မှုနှင့် ပတ်သက်၍ အဆိုပါ လူငယ် ငါးဦးကို ၎င်းတို့၏ မိဘများက ဖေဖော်ဝါရီလ ၂၅ ရက်နေ့ ညနေ ၆ နာရီခန့်၌ လှိုင်မြို့မ ရဲစခန်းထံ လာရောက် အပ်နှံခဲ့ကြောင်း အဆိုပါ ရဲစခန်းမှ ရဲအရာရှိ တစ်ဦးက The Voice သို့ ပြောကြားသည်။

အဆိုပါ ရိုက်နှက်မှု၌ မရမ်းကုန်း မြို့နယ် (၂) ရပ်ကွက်တွင် နေထိုင်သူများ ဖြစ်သော အသက်၂၁ နှစ်အရွယ် ကိုကိုနိုင်နှင့် အသက် ၂၀ အရွယ် ကိုဇာနည်ထက်ဝေ (ခ) ဇာနည် (ခ) ကိုထက်၊ လှိုင်မြို့နယ် (၂) ရပ်ကွက်တွင် နေထိုင်သူ အသက် ၂၀ အရွယ် ကိုဝေယံလင်း၊ တောင်ဥက္ကလာပ မြို့နယ် (၃) ရပ်ကွက်တွင် နေသူ အသက် ၁၈ နှစ်အရွယ် ကိုထက်အောင်လူ၊ အဆိုပါ မြို့နယ် (၅) ရပ်ကွက်တွင် နေထိုင်သူ အသက် ၁၇ နှစ်အရွယ် ကိုကောင်းစည်သူတို့ ပါဝင်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ သိရှိရသည်။

အဆိုပါ အုပ်စုဖွဲ့ ရိုက်နှက်မှုများတွင် အသုံးပြုခဲ့သော ပြိုင်ကားများအနက် ဖေဖော်ဝါရီလ ၁၉ ရက်နေ့ နံနက် ၂ နာရီခန့်က ကိုကိုနိုင် မောင်းနှင်ခဲ့သော Nissan Fairlady အဖြူရောင် ပြိုင်ကားကို မရမ်းကုန်း မြို့နယ်၊ (၆)ရပ်ကွက်၊ တော်ဝင်ချယ်ရီ အိမ်ရာတွင် လည်းကောင်း၊ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ ည ၁၀ နာရီကျော်က ကိုဇာနည်ထက်ဝေ မောင်းနှင်ခဲ့သော V 300 ARISTO အဖြူရောင် ပြိုင်ကားနှင့် ဖေဖော်ဝါရီလ ၂၂ ရက် ညနေ ၆ နာရီ မိနစ် ၃၀ ခန့်က ကိုဝေယံလင်း မောင်းနှင်ခဲ့သော MAZDA RX-8 ခဲပုတ်ရောင် ပြိုင်ကားကို ၎င်းတို့၏ မိဘများက လှိုင်မြို့မ ရဲစခန်းသို့ အပ်နှံခဲ့ကြောင်း လှိုင်မြို့မ ရဲစခန်းထံမှ စုံစမ်း သိရှိရသည်။

ယင်းနောက် ဖေဖော်ဝါရီလ ၂၅ ရက် ညနေ ၅ နာရီ ၅ နာရီ ၁၀ မိနစ်ခန့်က ရိုက်နှက်မှုတွင် အသုံးပြုခဲ့သည့် မော်တော်ယာဉ်များ ဖြစ်သော ကိုထက်အောင်လူ မောင်းနှင်ခဲ့သော FRAND CHIEROKEE JEEP အနက်ရောင် ယာဉ်နှင့် ကိုကောင်းစည်သူ မောင်းနှင်ခဲ့သော Nissan Fairlady 350Z ခဲပုတ်ရောင် ပြိုင်ကားတို့ကို ပြိုင်ကား မောင်းနှင်ခဲ့သူတို့၏ မိဘများက လှိုင်မြို့မ ရဲစခန်းသို့ ထပ်မံ အပ်နှံခဲ့ကြောင်း အဆိုပါမြို့မ ရဲစခန်းထံမှ သိရှိရသည်။

ဖေဖော်ဝါရီလ ၁၆ ရက်နေ့ နံနက် အစောပိုင်းက ကိုကောင်းစည်သူ၏ Nissan Fairlady 350Z ခဲပုတ်ရောင်မှာ ကားအင်ဂျင် စက်ချို့ယွင်းရာမှ RC-2 ဝင်ပေါက်ရှေ့ အနီးတွင် ရပ်ထားစဉ် မရမ်းကုန်း မြို့နယ်မှ ကမာရွတ် မြို့နယ်ဘက်သို့ ပြည်လမ်းတိုင်း မောင်းလာသော ယာဉ်မောင်းနှင့် ခရီးသည် သုံးဦး လိုက်ပါလာသည့် Taxi ပေါ်မှ ခရီးသည် နှစ်ဦးက မူးယစ်ကာ အော်ဟစ် ဆဲဆိုခဲ့ကြောင်း၊ ယင်းနောက် သူငယ်ချင်းများက ကားပျက်၍ ရောက်ရှိလာချိန်နှင့် ကြုံသဖြင့် ယာဉ်ဖြင့် လိုက်ကာ မဆဲရန် ယာဉ်ကို ရပ်တန့် စေသော်လည်း ယာဉ်မရပ်သဖြင့် အဆိုပါ အငှားယာဉ် ရှေ့တွင် ရောက်ရှိနေသော ကိုဇာနည်ထက်ဝေ မောင်းနှင်သော ယာဉ်၏ ညာဘက် နောက်ဘေးကို တိုက်မိခဲ့ကြောင်း ရဲစခန်းထံ အပ်နှံခံရသူ လူငယ်များကို စစ်ဆေး မေးမြန်းချက်အရ သိရသည်။

ယင်းနောက် Taxi ယာဉ်မှာ မရပ်ဘဲ ဆက်လက် မောင်းနှင်မှုကြောင့် နောက်မှ လိုက်ခဲ့ရာ ပြည်လမ်း IBC အနီးတွင် ယာဉ်များကို ပိတ်ရပ်ကာ ယာဉ်ပေါ်မှ ဆင်းပြီး အငှားယာဉ်မောင်းကို ယခုကဲ့သို့ မလုပ်ရန် ပြောဆိုသော်လည်း မရသဖြင့် ဝေယံလင်းက ၎င်းယာဉ်ပေါ် ပါသော ဘစ်ဘော့တုတ်ဖြင့် ရိုက်နှက်ကာ ကျန်လေးဦးက အုတ်ခဲများဖြင့် ယာဉ်ကို ပစ်ပေါက် ဖျက်ဆီးခဲ့ကြောင်း၊ ယင်းအချိန်တွင် ခရီးသည် နှစ်ဦးက ထွက်ပြေးခဲ့ပြီး ပြိုင်ကား ယာဉ်များလည်း ၈ မိုင်ဘက်သို့ မောင်းနှင် ထွက်ပြေးခဲ့ကြောင်း လှိုင်မြို့မ ရဲစခန်းထံမှ သိရှိရသည်။

“ရဲတပ်ဖွဲ့ရဲ့ အချိန်မီ လုပ်ဆောင်မှု ၊ ကလေးတွေ မိဘတွေက ဥပဒေပေါ် လေးစား လိုက်နာမှုကြောင့် အမြန်ဆုံး ဖော်ထုတ်နိုင်တာပါ” ဟု လှိုင်မြို့မ ရဲစခန်းမှ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။

ဖေဖော်ဝါရီလ ၁၆ ရက် နံနက် ၁ နာရီ ၁၅ မိနစ်က စူပါရုဗင် အငှားယာဉ်မောင်း ကိုသက်ဇင်ဝင်းမှာ ခရီးသည် အမျိုးသား သုံးဦးကို မင်္ဂလာဒုံ မြို့နယ်မှ လသာ မြို့နယ်သို့ ပို့ဆောင်ရန် ပြည်လမ်းအတိုင်း မောင်းလာစဉ် ၇ မိုင် ကားမှတ်တိုင်တွင် ညာဘက် ပလက်ဖောင်းဘေး ရပ်ထားသော ဟွန်ဒါစီဗစ် ယာဉ်ကို ကျော်တက် မောင်းနှင်ရာ လှိုင်မြို့နယ်၊ ၆ မိုင်ခွဲ မှတ်တိုင် အနီးတွင် ပြိုင်ကား တစ်စီးက ကျော်တက်ကာ အဆိုပါ ခရီးသည် ယာဉ်ရှေ့ ပိတ်ရပ်မှုကြောင့် ခရီးသည်တင် ယာဉ်က ထပ်မံ ကျော်တက်ရန် ပြုစဉ် ဟွန်ဒါစီဗစ် ယာဉ်က ဘေးဘက်က ပိတ်ရပ်ခဲ့သဖြင့် ဆက်မောင်း၍ မရတော့သဖြင့် ရပ်တန့်ခဲ့ကြောင်း လှိုင်မြို့မ ရဲစခန်းထံမှ သိရှိရသည်။

ထိုကဲ့သို့ ဖြစ်ပွားနေစဉ် ပြိုင်ကား နှစ်စီး ထပ်မံ ရောက်ရှိလာပြီး အငှားယာဉ်ကို စုစုပေါင်း ပြိုင်ကား ငါးစီးက ပိတ်ဆို့ ဝိုင်ထားသဖြင့် အငှား ယာဉ်မောင်းက ယာဉ်ပေါ်မှ ဆင်းကာ တောင်းပန်စဉ် ပြိုင်ကားပေါ်မှ အသက် ၂၀ ဝန်းကျင်ခန့် ရှိသော လူငယ် ငါးဦးက ဘေ့စ်ဘော တုတ်များ၊ အုတ်ခဲများဖြင့် အငှား ယာဉ်မောင်းနှင့် ခရီးသည်ကို ဝိုင်းရိုက်ပြီး အငှားယာဉ်ပါ ရိုက်နှက် ဖျက်ဆီးကာ ပြိုင်ကားများကို မောင်းနှင် ထွက်ခွာခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

ဟွန်ဒါစီဗစ် အမျိုးအစား ပြိုင်ကား နှစ်စီး အပါအဝင် စုစုပေါင်း ပြိုင်ကား ငါးစီးမှ လူငယ် ငါးဦး ရိုက်နှက်စဉ် အငှားယာဉ်ပေါ်ပါ ခရီးသည် အမျိုးသား သုံးဦးအနက် နှစ်ဦး ထွက်ပြေး လွတ်မြောက် ခဲ့သော်လည်း ယာဉ်အတွင်း ကျန်ခဲ့သော အသက် ၂၆ နှစ်အရွယ် ကိုအင်ထိတ်ကြန်နှင့် ယာဉ်မောင်း ကိုသက်ဇင်ဝင်းတို့ နှစ်ဦးတွင် ဖူးရောင် ပေါက်ပြဲ ဒဏ်ရာများ ရရှိကာ အငှားယာဉ် ဘော်ဒီနှင့် ရှေ့နောက် လေကာမှန်တို့ ကွဲအက် ပျက်ဆီးခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ သိရှိရသည်။

“ကားနဲ့ လူကို ရိုက်ခဲ့ပေမယ့် ကျေနပ်လောက်တဲ့ အနေအထားမျိုး ဖြစ်အောင် ဆောင်ရွက်ပေးမယ် ဆိုရင်တော့ အမှုကို ကျေအေးပေးမယ်။ ရိုက်ခဲ့တဲ့ ကောင်လေးတွေက ကျွန်တော့်ညီ အရွယ်လောက်ပဲ ရှိသေးတာ။ လူငယ် ဘဝကို အချုပ်အနှောင်ထဲမှာ အချိန် မကုန်ဆုံးစေချင်ဘူး။ ပြီးခဲ့တဲ့ ရက်ပိုင်းက သူတို့ဘက်က ကျေအေးပေးဖို့ ၁၅ သိန်းနဲ့ လာကမ်းလှမ်းခဲ့တယ်။ ကားတစ်စီးလုံး ဖျက်ဆီးခံရပြီး လူပါ အရိုက်ခံရတာကို ဒီငွေနဲ့ ဘယ်လိုလုပ် ကျေအေး ပေးနိုင်မှာလဲ။ ကျေနပ်အောင် သူတို့ဘက်က မဆောင်ရွက်ခဲ့ဘူးဆို တရား ဥပဒေ အတိုင်းပဲ ဆောင်ရွက်သွားမယ်။” ဟု အရိုက်ခံရသူ အငှားယာဉ်မောင်း ကိုသက်ဇင်ဝင်းက ရှင်းပြသည်။

ပြည်လမ်းမကြီး ပေါ်တွင် ညနက်ချိန် အုပ်စုဖွဲ့ ပြိုင်ကား မောင်းနှင်ကာ ခရီးသည်တင် အငှားယာဉ်ကို ဝိုင်းရိုက်ခဲ့သော ပြိုင်ကားမောင်းသူ လူငယ်တစ်စုကို (ပ) ၇၆/၁၄၊ ပုဒ်မ ၄၄၀/၃၂၅/၄၂၇/၁၁၄ ဖြင့် အမှုဖွင့်ကာ စုံစမ်းလျက် ရှိကြောင်း လှိုင်မြို့မ ရဲစခန်းထံမှ သိရှိရသည်။

The Voice Weekly


Taxi ယာဉ်မောင်းနှင့် ခရီးသည်ကို ရိုက်နှက်ခဲ့သည့် ပြိုင်ကားပေါ်မှ လူငယ် ငါးဦးကို ရဲစခန်းထံ မိဘများ အပ်နှံ Taxi ယာဉ်မောင်းနှင့် ခရီးသည်ကို ရိုက်နှက်ခဲ့သည့် ပြိုင်ကားပေါ်မှ လူငယ် ငါးဦးကို ရဲစခန်းထံ မိဘများ အပ်နှံ Reviewed by သစ်ထူးလွင် on 09:57 Rating: 5
Powered by Blogger.