လုပ်ကိုင်ခွင့် ရပ်ဆိုင်းမှု တရားဝင် အကြောင်းကြားခြင်း မရှိဟု နယ်စည်းမထား ဆရာဝန်များ အဖွဲ့ဆို


ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇

ထွက်ခွာသွားရန် ဆန္ဒပြ ကန့်ကွက် ခံနေရသည့် နယ်စည်းမထား ဆရာဝန်များ အဖွဲ့ (MSF) ကို မြန်မာနိုင်ငံတွင် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ လုပ်ကိုင်ခွင့် ရပ်ဆိုင်းလိုက်ပြီ ဆိုသော အကြောင်းကြားစာ မြန်မာ အစိုးရထံမှ တရားဝင် မရရှိသေးကြောင်း MSF ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေ ကိုယ်စားလှယ် Mr. Peter-Paul de Groote က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ကျန်းမာရေး စောင့်ရှောက်ရေး လုပ်ငန်းစဉ်များကို ဆက်လက် လုပ်ကိုင်ခွင့် ရရှိရေး နားလည်မှု စာချွန်လွှာ (MoU) ရေးထိုးရန် ကျန်းမာရေး ဝန်ကြီးဌာနနှင့် ဆွေးနွေးမှုများ ပြုလုပ်နေဆဲ ဖြစ်ကြောင်း၊ ယင်း MoU သည် ရှမ်း၊ ရခိုင်၊ ကချင်နှင့် ရန်ကုန်တိုင်း ဒေသကြီးတို့အတွက် ရည်ရွယ်ခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ်၊ ဒုချီးရားတန်း ကျေးရွာတွင် ဇန်နဝါရီလ အတွင်းက ဖြစ်ပွားခဲ့သည့် ရဲတပ်ကြပ်ကြီး တစ်ဦး တိုက်ခိုက်ခံရမှု ဖြစ်စဉ် ဖြစ်ပွားပြီး နောက်တွင် ဘင်္ဂါလီများကို ဆေးကုသ ပေးခဲ့ရသည်ဟု သတင်းမှားများ ထုတ်လွှင့် ခဲ့မှုကြောင့် MoU ကို သက်တမ်း မတိုးရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်ကြောင်း နိုင်ငံတော် သမ္မတ၏ ပြောရေးဆိုခွင့် ရှိသူ ဦးရဲထွဋ်က ပြောကြားသည်။

“MSF လုပ်ဆောင်ချက်တွေဟာ ဒေသတွင်း အခြေအနေကို ပိုပြီး တင်းမာစေတဲ့ အပြင် တရားဥပဒေ စိုးမိုးရေးကိုလည်း ထိခိုက်လာတဲ့ အတွက် နားလည်မှု စာချွန်လွှာ သက်တမ်း တိုးမယ့်ကိစ္စ ရပ်ဆိုင်းလိုက်တာ” ဟု ၎င်းကဆိုသည်။

MoU ကို သက်တမ်း မတိုးတော့ကြောင်းကို ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးမှ တစ်ဆင့် MSF တာဝန်ရှိသူများကို ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် တရားဝင် အကြောင်း ကြားထားပြီး ဖြစ်ကြောင်း ဦးရဲထွဋ်က ပြောဆိုသည်။

မြန်မာအစိုးရနှင့် MSF ကြား ရေးထိုးထားသည့် MoU သည် ၂၀၁၃ ခုနှစ် ဇန်နဝါရီလတွင် သက်တမ်း ကုန်ဆုံးခဲ့ပြီး သက်တမ်း ထပ်ထိုးရန် ဆွေးနွေး ညှိနှိုင်းနေစဉ် ၎င်းတို့၏ လုပ်ငန်းများကို ဆက်လုပ်ကိုင်ခွင့် ပြုခဲ့ကြောင်း၊ သက်တမ်းတိုးရေး ဆွေးနွေးနေစဉ် ကာလတွင် ယင်းသို့ လုပ်ဆောင်သဖြင့် MoU သက်တမ်းတိုးမည့် အစီအစဉ်ကို ရပ်ဆိုင်းလိုက်ခြင်း ဖြစ်ကြောင်း ဦးရဲထွဋ်က ပြောဆိုသည်။

ဒုချီးရားတန်း ဖြစ်စဉ်တွင် ဆေးကုသ ခဲ့ရသူများကို ရခိုင်ပြည်နယ် အစိုးရအဖွဲ့နှင့် စုံစမ်း စစ်ဆေးရေး ကော်မရှင်များ တွေ့ဆုံခွင့် တောင်းရာတွင် သက်သေ အခိုင်အမာ ပြသနိုင်ခြင်း မရှိခဲ့သော်လည်း MSF က နိုင်ငံတကာကို ထုတ်ပြန်ခဲ့သည့် သတင်းများနှင့် ပတ်သက်၍ ပြန်လည် ရုပ်သိမ်းခြင်း မရှိသေးကြောင်း ၎င်းကဆိုသည်။

MSF ထွက်ခွာသွားမှုကြောင့် ရောဂါ ဝေဒနာရှင်များ ဆေးဝါးရရှိရန် အခက်အခဲ ရှိလာမည် ဖြစ်သဖြင့် ကျန်းမာရေး ဝန်ကြီးဌာနနှင့် မိတ်ဖက် အဖွဲ့အစည်းများ ပူးပေါင်း တာဝန်ယူသွားရန် စီစဉ်နေကြောင်း ဦးရဲထွဋ်က ပြောကြားသည်။

MSF အနေနှင့် လုပ်ငန်း လုပ်ကိုင်ရာတွင် ဘင်္ဂါလီ အများစုကိုသာ ခန့်ထားမှု၊ ဆေးကုသရာတွင် ဘက်လိုက်မှု၊ ရိုဟင်ဂျာ ဆိုသူများကို တိုင်းရင်းသား အဖြစ် အသိအမှတ် ပြုရန် နိုင်ငံတကာကို ဖိအားပေးနေမှု စသည့် ကိစ္စများကြောင့် ရခိုင်ပြည်နယ် စစ်တွေမြို့တွင် မြို့ခံများက MSF ရုံးများ ရှေ့တွင် လေးရက်ကြာ ထိုင်သပိတ် ဆင်နွှဲခဲ့ကြသည်။

ဒုချီးရားတန်း ဖြစ်စဉ် ဖြစ်ပွားပြီး နောက်ပိုင်းတွင် ဒဏ်ရာ ရရှိထားသည့် ဘင်္ဂါလီ ၂၂ ဦးကို ဆေးကုသ ပေးခဲ့ရသဖြင့် ယင်းအချက်အလက် ကိုသာ ထုတ်ပြန်ခြင်း ဖြစ်ပြီး ကျန်းမာရေး စောင့်ရှောက်မှုများ ပေးရာတွင် ခွဲခြားမှု မရှိဘဲ လုပ်ဆောင်ခဲ့ကြောင်း Mr.Peter-Paul de Groote က ပြောဆိုသည်။

MSF သည် ၁၉၉၂ ခုနှစ်မှ စတင်ကာ မြန်မာနိုင်ငံတွင် ကျန်းမာရေး စောင့်ရှောက်ရေး လုပ်ငန်းစဉ်များကို လုပ်ကိုင်ခဲ့သည်။

The Voice Weekly


လုပ်ကိုင်ခွင့် ရပ်ဆိုင်းမှု တရားဝင် အကြောင်းကြားခြင်း မရှိဟု နယ်စည်းမထား ဆရာဝန်များ အဖွဲ့ဆို လုပ်ကိုင်ခွင့် ရပ်ဆိုင်းမှု တရားဝင် အကြောင်းကြားခြင်း မရှိဟု နယ်စည်းမထား ဆရာဝန်များ အဖွဲ့ဆို Reviewed by သစ်ထူးလွင် on 12:01 Rating: 5
Powered by Blogger.