ရန်ကုန်တိုင်းတွင် ပြည်ခိုင်ဖြိုးပါတီဝင် ရပ်ကွက်အုပ်ချုပ်ရေးမှူး နှစ်ဦး ထုတ်ပယ် ၁၂ ဦး ကို သတိပေး


ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ ရပ်ကွက်(သို့) ကျေးရွာအုပ်ချုပ်ရေးဥပဒေ ပြဋ္ဌာန်းပြီးချိန်မှစ၍ လုပ်ဆောင်ချက်မှားယွင်းသော ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အရေးယူဆောင်ရွက်ခြင်းများ ပြုလုပ်ခဲ့ရာ ၎င်းတို့အထဲတွင် ပြည်ခိုင်ဖြိုးပါတီဝင် ရပ်ကွက်အုပ်ချုပ်ရေးမှူး နှစ်ဦး ထုတ်ပယ်ခဲ့ပြီး ၁၂ ဦး အား သတိပေးခံရကြောင်း သတင်းရရှိသည်။

‘‘တစ်ယောက်ထုတ်ခိုင်းလိုက်တယ်။ တစ်ယောက်က သူ့ကိုအရေးမယူခင် ထွက်သွားတယ်။ ၁၂ ယောက်က သတိပေးမှတ်တမ်း ထိုးထားတယ်။ သတိပေးမှတ်တမ်းထိုးတယ်ဆိုတာ သူ့ကို နောက်တစ်ခါမမှားနဲ့လို့ ပြောတာပေါ့။ အဲဒါနဲ့ပတ်သက်လို့ လူကြီးတွေက မည်သူမဆို ကောင်းအောင် လေ့ကျင့်ပေးရမယ်။ မကောင်းရင်ထားခဲ့လို့ သဘောရှိတယ်’’ဟု ရန်ကုန်တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းအောင်ကပြောသည်။

ရန်ကုန်တိုင်းတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပတ်သက်၍ တိုင်ကြားမှု ၄၂ မှု ရှိခဲ့ပြီး ၁၅ မှု စစ်ဆေးပြီးကာ ၂၇ မှုကို စုံခုံဖွဲ့ စစ်ဆေးနေကြောင်း ၎င်းကဆက်လက်ပြောသည်။

ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို ၂၀၁၃ ခုနှစ် မတ်လ ၁ ရက်မှစကာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးအား တစ်လလျှင် ၇၀,၀၀၀ ကျပ် ထောက်ပံ့ငွေရရှိပြီး ရုံးစရိတ်အဖြစ် တစ်လလျှင် ၅၀,၀၀၀ ကျပ် ရရှိကြောင်း သတင်းရရှိသည်။

ရပ်ကွက်(သို့)ကျေးရွာအုပ်ချုပ်ရေးဥပဒေကို ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်တွင် အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်နှစ်ရပ်ပေါင်းပြီး ပြည်ထောင်စုလွှတ်တော်၌ အတည်ပြုပြဋ္ဌာန်းခဲ့သည်။

ထို့နောက် ဥပဒေအရ ပြည်ထောင်စုအစိုးရသည် ၂၀၁၂ ခုနှစ် ဒီဇင်ဘာ မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ ရွေးချယ်တင်မြှောက်ခဲ့ရာ ထိုလအတွင်း ပြည်သူလူထုအလိုကျ အုပ်ချုပ်ရေးမှူးမရရှိသည့် နေရာများမှာ ၃၈ ရာခိုင်နှုန်း ရှိခဲ့ကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူမှုအဖွဲ့အစည်းမှ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေး (သို့) အခြေခံအစိုးရများ၏ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အစီရင်ခံစာ (၂၀၁၃-၂၀၁၄) တွင် ဖော်ပြထားသည်။

ရပ်ကွက်အုပ်ချုပ်ရေးမှူးများသည် မည်သည့်အကြောင်းနှင့်မျှ ရပ်ကွက်နေပြည်သူလူထုအပေါ် ပိုက်ဆံတောင်းခံခြင်းများ မပြုလုပ်ရန် တားမြစ်ထားပြီး တောင်းခံပါက ထုတ်ပယ်ခြင်းခံရမည်ဖြစ်သည်။ အဆိုပါငွေအား ကိုယ်ပိုင်အသုံးစရိတ်ပြုလုပ်ပါကလည်း ဥပဒေအရ အရေးယူဆောင်ရွက်ခြင်းခံရမည်ဟု ရန်ကုန်တိုင်း နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းကပြောသည်။

‘‘ကျွန်တော်က ဘယ်ပါတီမှလည်းမ၀င်ဘူး။ မနေ့က ထွေအုပ်ရုံးကနေ ဘယ်ပါတီဝင်ထားလဲလို့ လှမ်းမေးပါတယ်။ အုပ်ချုပ်ရေးမှူးတွေ အဖြုတ်မခံချင်ဘူးဆိုရင် လိုက်နာလုပ်ဆောင်ခိုင်းတဲ့အချက်တွေကို အားလုံးလုပ်ဆောင်ရင် အဖြုတ်မခံရပါဘူး’’ဟု ကမာရွတ်မြို့နယ် အမှတ် (၁၀) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျော့မောင်ကပြောသည်။

Author: ငြိမ်းချမ်း
7day Daily

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က အုပ်ချုပ်ရေးမှူးများနှင့်ပတ်သက်၍ ဖေဖော်ဝါရီ ၂၆ ရက်တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ် ဓာတ်ပုံ − နစ်ကီ

ရန်ကုန်တိုင်းတွင် ပြည်ခိုင်ဖြိုးပါတီဝင် ရပ်ကွက်အုပ်ချုပ်ရေးမှူး နှစ်ဦး ထုတ်ပယ် ၁၂ ဦး ကို သတိပေး ရန်ကုန်တိုင်းတွင် ပြည်ခိုင်ဖြိုးပါတီဝင် ရပ်ကွက်အုပ်ချုပ်ရေးမှူး နှစ်ဦး ထုတ်ပယ် ၁၂ ဦး ကို သတိပေး Reviewed by သစ်ထူးလွင် on 12:36 Rating: 5
Powered by Blogger.