မော်လမြိုင် ဗဟိုလမ်းရှိ နီလာဓါတ်ဆီဆိုင် မီးလောင်မှုဖြစ်၊ ၃၅ သိန်းကျော်ဆုံးရှုံးပြီး တစ်ဦး ဒဏ်ရာရ


ရန်ကုန်၊ မဇ္ဈိမ ။ ။ မွန်ပြည်နယ် မော်လမြိုင်မြို့ ဗဟိုလမ်းရှိ နီလာမိတ္တူနှင့် စက်သုံးဆီအရောင်းဆိုင်တွင် ဇန်နဝါရီ ၃ဝ ရက် နေ့လည်အချိန်က မီးလောင်မှုဖြစ်ပွားခဲ့ရာ ငွေကျပ် ၃၅ သိန်းကျော်ဆုံးရှုံးရသည့်အပြင် လူတစ်ဦး မီးလောင်ခံခဲ့ရသည်ဟု မြို့နယ်မီးသတ်မှ ဦးစီး ဇော်ဝင်းက မဇ္ဈိမကို အတည်ပြုပြောသည်။

“မိတ္တူဆိုင်နဲ့ တွဲထားတဲ့ စက်သုံးဆီအရောင်းဆိုင်ပါ၊ လူငယ်တစ်ဦး မီးလောင်ခံရတယ်၊ စိုးရိမ်ရတဲ့ အနေအထားနဲ့ ဆေးရုံကို တင်ပို့ထား ပါတယ်” ဟု ၎င်းက ပြောပြခဲ့သည်။

မီးလောင်မှုမှာ မော်လမြိုင်မြို့ သစ်တဲကုန်း ရပ်ကွက် ဗဟိုလမ်းမပေါ်တွင် ၁၂ နာရီ ၄၅ မိနစ်အချိန်တွင် စတင်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု မြို့နယ်မီးသတ်က သတင်းထုတ်ပြန်ထားသည်။

အခင်းဖြစ်ရာ မိတ္တူဆိုင်တွင် ပြတင်းပေါက်သံပန်းတံခါးအား လျှပ်စစ်မော်တာဖောက်စက်ဖြင့် ပေါက်စဉ် မီးပွားလွင့်စင်ရာမှ အနီးရှိ စက္ကူများကို ကူးစက်၍ စတင်လောင်ကျွမ်းမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ မီးလောင်မှုကို မီးငြိမ်းသတ်ယာဉ် ၂၅ စီး၊ ရေသယ်ယာဉ် ၅ စီး၊ သန္ဓေမီးတပ်ဖွဲ့ဝင် ၃၀ ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၅ဝ ဦးတို့က ပူးပေါင်းငြိမ်းသတ်ခဲ့သည်။

ထို့ကြောင့် မွန်းလွဲ ၁နာရီခွဲအချိန်တွင် လောင်ကျွမ်းလျက်ရှိသည့် မီးများကို ထိန်းနိုင်ခဲ့ကာ ၁ နာရီ ၄၅ မိနစ်အချိန်တွင် မီးကို အပြီးသတ် ငြိမ်းသတ်နိုင်ခဲ့သည်ဟု မြို့နယ် မီးသတ်ဦးစီးအရာရှိဖြစ်သူ ဦးဇော်ဝင်း က ဆိုသည်။

မီးလောင်မှုကြောင့် အဆိုပါ ဆိုင်အတွင်းရှိ ၁၇ နှစ်အရွယ် လူငယ်တစ်ဦး မီးလောင်ဒဏ်ရာ ရရှိသဖြင့် ဆေးရုံသို့ တင်ပို့ကုသထားရပြီး အခြားထိခိုက်ဒဏ်ရာ ရရှိသူ မရှိခဲ့ကြောင်း မြို့နယ်မီးသတ်က သတင်းထုတ်ပြန်သည်။

ထို့ပြင် မီးလောင်မှုကြောင့် မိတ္တူဆိုင်အတွင်းရှိ ပစ္စည်းများနှင့် အနီးရှိစက်သုံးဆီများ ကူးစက်လောင်ကျွမ်းခံလိုက်ရသဖြင့် ဆုံးရှုံးမှု တန်ဖိုး ငွေကျပ် ၃၅၁၅ဝဝဝ ကျပ်ခန့်ထိ ဆုံးရှုံးလိုက်ရသည်။

ထို့ပြင် မီးလောင်မှုတွင် တာဝန်ရှိသူအဖြစ် ဆိုင်ပိုင်ရှင်ဖြစ်သူ ဦးအောင်ကျော်မြင့်ကို မော်လမြိုင်မြို့မရဲစခန်းက (ပ)၁၄/၂ဝ၁၄ဖြင့် အမှုဖွင့်ပြီး မီးပေါ့ဆမှု ပုဒ်မ ၂၈၅ ဖြင့် အရေးယူရန် ဖမ်းဆီးစစ်ဆေးနေသည်ဟု သတင်းထုတ်ပြန်ထားသည်။

Written by ဇော်ဇော်ထွေး
Mizzima - News in Burmese


မော်လမြိုင် ဗဟိုလမ်းရှိ နီလာဓါတ်ဆီဆိုင် မီးလောင်မှုဖြစ်၊ ၃၅ သိန်းကျော်ဆုံးရှုံးပြီး တစ်ဦး ဒဏ်ရာရ မော်လမြိုင် ဗဟိုလမ်းရှိ နီလာဓါတ်ဆီဆိုင် မီးလောင်မှုဖြစ်၊ ၃၅ သိန်းကျော်ဆုံးရှုံးပြီး တစ်ဦး ဒဏ်ရာရ Reviewed by သစ်ထူးလွင် on 03:28 Rating: 5
Powered by Blogger.