Self censorship, Investigative journalism နဲ့ ပြေးလမ်းပေါ်က လေယဉ်ကြီး


ထက်အောင်ကျော်

စစ်အာဏာရှင်စနစ်ကနေ ဒီမိုကရေစီစနစ်ဆီ အသွင်ကူးပြောင်းနေပါတယ်ဆိုတဲ့ မြန်မာနိုင်ငံမှာ မီဒီယာ လွတ်လပ်ခွင့် အတော်တိုးတက်နေပြီလို့ထင်ရပေမဲ့ Self Censorship (အစိုးရက ဆင်ဆာမဖြတ်ပေမဲ့ ကိုယ့်အသိနဲ့ကိုယ်ဆင်ဆာဖြတ်နေရ) ရှိနေဆဲဖြစ်ပြီး Investigative Journalism (စုံစမ်းထောက်လှမ်း ဖေါ်ထုတ်ရတဲ့ သတင်းပညာ) ဖက်မှာ လုံးဝမလုပ်နိုင် သေးဘူးလို့ နော်ဝေးနိုင်ငံရောက် မြန်မာသတင်း စာဆရာတွေကပြောပါတယ်။

အော်စလိုမြို့မှာ ၂၁ နှစ်တာ အခြေစိုက်ပြီး ''လူ့အခွင့်ရေးနဲ့ဒီမိုကရေစီ ရအောင်တိုက်မယ် ဒီဗွီဘီ'' ဆိုတဲ့ ကြွေးကြော်သံအဖွင့်သီးချင်းနဲ့ အသံလွှင့်ခဲ့တဲ့ ဒီမိုကရက်တစ်မြန်မာ့အသံ ရုံးပိတ်ပွဲအခန်းနားဆီ တက် လာတဲ့ ဆရာဖေမြင့်၊ ဆရာကျော်မင်းဆွေနဲ့ ဆရာမြင့်ကျော်တို့က အခုလိုပြောသွားတာပါ။ နိုဝင်ဘာလ ၂၂ ရက်နေ့ ကပြုလုပ်တဲ့ နော်ဝေးမီဒီယာနဲ့တွေ့ဆုံပွဲအတွင်း ''မီဒီယာလွတ်လပ်ခွင့်ရပြီဆိုတော့ ရေးချင် တာအားလုံး ရေးလို့ရပြီးလား'' လို့ နော်ဝေးသတင်းထောက်တဦးရဲ့အမေးကို သူတို့ကအခုလိုဖြေသွား တာ ဖြစ်ပါတယ်။

တလောကဖြစ်ပွါးခဲ့တဲ့ ဘာသာရေး၊ လူမှုရေးမငြိမ်သက်မှုတွေ၊ နိုင်ငံခြားကုပ္ပဏီကြီးတွေရဲ့ရင်းနှီးမြှုပ်နှံမှု တွေ၊ စစ်တပ်၊ အစိုးရ၊ အာဏာပိုင်တွေနဲ့ဆက်စပ်နေတဲ့ကိစ္စတွေမှာ self censorship လုပ်ပြီးရေးနေရ ဆဲ၊ Investigative Journalism ဖက်ကို လုံးဝမလှည့်နိုင်သေးဘူးလို့ သူတို့ကပြောပါတယ်။ ''သတင်း ဖြစ်စဉ်ကိုရေးလို့ရပေမဲ့ နောက်ကွယ်ကအချက်လက်တွေ၊ Background အခြေနေတွေကို အသေးစိပ် ဖေါ်ထုတ်ရေးသားဖို့ခက်နေဆဲ'' လို့ ဆရာကျော်မင်းဆွေကပြောပါတယ်။

ဗိုလ်ချုပ်မှုးကြီးသန်းရွှေအပါဝင် စစ်တပ်တွင်းကအကြောင်း ရေးခွင့်ရပြီလား ဆိုတဲ့ အမေးကိုတော့ ''သူ့ အကြောင်းမပြောနဲ့၊ သူမြေးအကြောင်းတောင် လွပ်လပ်စွာ ရေးခွင့်မရသေးဘူး'' လို့ တလောက ဖြစ်ပွါး ခဲ့တဲ့ သူရိယအလင်းဂျာနယ်ကိစ္စကို ဥပမာပေးပြီး ဆရာဖေမြင့်က ရှင်းပြပါတယ်။ ''သူ ကိုယ်တိုင် မီဒီ ယာကို တခါမှအင်တာဗျုးမပေးတော့ သူ့အကြောင်းရေးဖို့က ခက်နေဆဲပါ'' လို့လဲ ဆိုပါတယ်။ နောက် တခါ Investigative Journalism ကို မြန်မာ့မီဒီယာလောကမှာ သုံးလေ့သုံးထ သိပ်မရှိသေးဘူးလို့လဲ ဆရာ ၃ ဦးကပြောပါတယ်။

''အဲဒါမျိုးလုပ်ဖို့မပြောနဲ့ဦး။ လက်ပံတောင်းဆန္ဒပြပွဲ သတင်းဓာတ်ပုံရိုက်တာကိုတောင် သတင်းထောက် ကိုဖမ်းပြီး ဓာတ်ပုံတွေဖျက်ခိုင်းလို့ ကျနော်တို့ MJN (Myanmar Journalists Network) က မြန်မာနိုင် ငံ ရဲတပ်ဖွဲ့မှုးဆီ ကန့်ကွက်စာပို့ထားရတယ်'' လို့ MJN ရဲ့အတွင်းရေးမှုး ကိုမြင့်ကျော်ကပြောပါတယ်။ နိုဝင်ဘာလ ၁၄ ရက်နေ့ ညနေ ၉ နာရီခန့်က ဆားလင်းကြီးမြို့နယ်၊ မိုးကြိုးပြင်ရွာအနီး သတင်း ထောက်နှစ်ဦးရဲ့ ဓာတ်ပုံတွေကို အာဏာပိုင်တွေက အခုလိုဖျက်ဆီးခိုင်းခဲ့တာလို့ သိရပါတယ်။

ဒါက ၂၁ ရက်နေ့ နေ့လည်ပိုင်း နော်ဝေးမီဒီယာလောကနဲ့တွေ့ဆုံပွဲမှာ ကြားခဲ့ရတဲ့ မြန်မာ့မီဒီယာ တိုး တက်မှုအခြေနေပါ။ ညနေပိုင်းမှာတော့ နော်ဝေးရောက်မြန်မာတွေနဲ့ ဖိတ်ကြားခံ မြန်မာမီဒီယာသမား အားလုံးတို့ရဲ့ တွေ့ဆုံပွဲကိုဆက်လုပ်ပါတယ်။ အဲဒီပွဲမှာတော့ မီဒီယာလွတ်လပ်ခွင့်ဆိုတာထက် တနိုင်ငံ လုံးရဲ့အပြောင်းအလဲအခြေနေကို ခြုံပြီးဆွေးနွေးကြတာတွေ့ရပါတယ်။

''အခုအခြေနေက Freedom (လွတ်လပ်ခွင့်) အဆင့်ကိုမရောက်သေးဘူး။ Liberate (အချုပ်အနှောင် ကနေ ကင်းလွတ်) အဆင့်မှာပဲရှိသေးတယ်ဗျ။ လေနဲ့ပေးနေတဲ့ လွတ်လပ်ခွင့်ကို ဥပဒေအရ အတိ အ ကျ အာမခံနိုင်တဲ့ Law တွေအဆင့်ထိဖြစ်လာအောင်လုပ်ပေးဖို့ လိုနေဆဲဖြစ်ပါတယ်'' လို့ ဆရာ ဇော် သက်ထွေး ကပြောပါတယ်။ ဆရာမော်လင်းကတော့ ရေဘူယျအားဖြင့် ပြောင်းလဲနေတယ်လို့ပြော နေကြပေမဲ့ အတိအကျလိုက်ရှာမယ်ဆိုရင် နိုင်ငံရေး၊ စီးပွါးရေး၊ လူမှုရေး၊ ပညာရေး ဘာမှ အသေချာ ပြောင်းတာ မတွေ့ရသေးဘူးလို့ဆိုပါတယ်။

ဆရာဖေမြင့်ကတော့ မြန်မာ့နိုင်ငံရေးအပြောင်းအလဲဟာ အခုမှ အစပဲရှိသေးပြီး ဥပဒေပြုအမတ်တွေ ကိုယ်တိုင် ဘာအတွေ့အကြုံမှမရှိ၊ ဘာမှမလုပ်တတ်မကိုင်တတ်သေးတဲ့အတွက် သင်တန်းတက်နေရ ဆဲ အဆင့်မှာပဲရှိသေးတယ်လို့ ပြောပါတယ်။ ''ဘတ်ဂျက်မူကြမ်းကိစ္စ ဘယ်လိုဆွေးနွေးရမှန်းမသိလို့ စီးပွါးရေးတက္ကသိုလ် ပါမောက္ခကို လွတ်တော်ထဲဖိတ်ပြီး သင်ယူနေရတယ်။ ဥပဒေပညာရှင်တွေကို ဖိတ်ပြီး သင်ယူနေရတယ်'' လို့ သူက ထောက်ပြပါတယ်။ အတွေ့အကြုံရှိတဲ့အမတ်တချို့ကလဲ ခေတ် ဟောင်းကနည်းကိုသာသိတဲ့အတွက် စနစ်ဟောင်းကအကျင့်တွေကို မဖျေက်နိုင်ပဲရှိနေဆဲဖြစ်တယ်လို့ ပြောပါတယ်။

ဆရာကျော်မင်းဆွေကတော့ ခေတ်ပြောင်းကာလကို အမှီလိုက်နိုင်ဖို့ ခေတ်မှီပညာတွေ လေ့လာသင် ယူထားဖို့လိုတယ်လို့ ဆိုပါတယ်။ ''ခေတ်ပြောင်းကာလမှာ ကားဟောင်းတွေကြား ကားသစ်တွေဝင် လာပါတယ်။ အဲဒီအချိန်မှာ workshop ဆရာတွေပွဲပြီးသွားတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီကား သစ်ကို ဘယ်ကနေ စဖွင့်ရမှန်း ဒီဆရာတွေ မသိတော့ဘူး။ ကားတွေအားလုံးက computerized ဖြစ် သွားပြီ။ အရင်က သုံးနေကြ ဂွတွေ၊ ဂျိုင့်တွေ၊ ပလာယာတွေနဲ့ အဲဒီကားကိုပြင်လို့မရတော့ဘူး'' လို့ ပြောသွားပါ တယ်။

ဆရာဖျာပုံနီလုံဦးတော့ ကားကောင်းဖို့၊ ဒရိုင်ဘာကျွမ်းကျင်ဖို့လိုတဲ့အပြင် လမ်းကလဲကောင်းဖို့လိုသေး တယ်လို့ ပြောပါတယ်။ လက်ရှိသွားနေတဲ့ ချိုင့်ခွက်တွေများပြီး ဖာထေးရာတွေများလှတဲ့ လမ်းဟောင်း ကြီး သို့မဟုတ် ဖွဲစည်းပုံအခြေခံဥပေဒဟောင်းကြီးကို ပြင်နိုင်မှ ဒီမိုကရေစီပန်းတိုင်ဆီ ချောမောစွာ အ ရောက်မောင်းနိုင်ဖြစ်တယ်လို့ ပြောပါတယ်။

နာမည်ကြီး သတင်းဆောင်းပါးရှင်တဦးဖြစ်တဲ့ ဆရာကျော်ရင်မြင့်ကတော့ လက်ရှိအပြောင်းအလဲကို ပြေးလမ်းပေါ်က လေယဉ်နဲ့နှိုင်းယှဉ်ပြောဆိုပါတယ်။ ''ကျနော်တို့က လေယဉ်ထဲမှာရောက်နေသူတွေ ဗျ။ ခင်ဗျားတို့ နိုင်ငံတကာက ပုဂ္ဂိုလ်တွေကတော့ အပြင်ကနေကြည့်နေသူပေါ့။ လေယဉ်ထဲမှာတော့ အရင် အတိုင်းပဲ။ ဘာမှမပြောင်းလဲသေးဘူးဆိုတာ ကျနော်တို့ကောင်းကောင်းသိတယ်။ ဒါပေမဲ့ အပြင် ကကြည့်နေသူတွေကတော့ အထဲမှာအတော်ပြောင်းလဲနေပြီလို့ထင်နေတယ်။ ဒီလေယဉ်ကြီး အရှိန် အဟုန် ကောင်းကောင်းနဲ့ ဒီမိုကရေစီပြေးလမ်းသစ်ပေါ်မှာ စပြေးနေပြီလို့ မြင်နေကြတာမျိုးဖြစ်နေပါ တယ်'' ဆိုပြီး ပြောဆိုသွားပါတယ်။    ။
Self censorship, Investigative journalism နဲ့ ပြေးလမ်းပေါ်က လေယဉ်ကြီး Self censorship, Investigative journalism နဲ့ ပြေးလမ်းပေါ်က လေယဉ်ကြီး Reviewed by သစ်ထူးလွင် on 00:42 Rating: 5
Powered by Blogger.