နှစ်စဉ် ဘဏ်ချေးငွေ ရရှိခဲ့သော်လည်း ယခုနှစ် ထုတ်မရ

နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ မကျည်းကုန်း ကျေးရွာ နှင့် ဂွေးတောက်ရိုး ကျေးရွာများမှ တောင်သူ များ လုပ်ကိုင် နေကြသော ကိုင်းပလွေး ကွင်း အမှတ်(၁)(၂) အစရှိသည့် ကွင်းများတွင် လယ်ယာ လုပ်ငန်း လုပ်ကိုင် နေကြသော တောင်သူများမှာ နှစ်စဉ် ဘဏ်ချေးငွေ ရရှိသော်လည်း ယခုနှစ်တွင်မှ သစ်တော မြေတွင် ကျူးကျော် လုပ်ကိုင်ထားကြခြင်း ဖြစ်သည်ဟု ဆိုကာ ဘဏ်ချေးငွေ ထုတ်ပေးခြင်း မရှိကြောင်း သိသည်။

၂၇.၈.၂၀၁၃ ရက်နေ့တွင် လယ်သမားများကို ဘဏ်ချေးငွေ ထုတ်ပေးမည်ဖြစ်ရာ ယခင်နှစ်များ အတိုင်း ထုတ်ယူရရှိလိမ့်မည်ဟု ထင်၍ မကျည်းကုန်းကျေးရွာ လူကြီးထံ ဘဏ်ချေးငွေ ထုတ်လို့ ရ/မရ သွားမေးသော တောင်သူတစ်ဦးအား မကျည်းကုန်းကျေးရွာလူကြီးမှ “အဲဒါတွေက သစ်တောမြေတွေမှာ
ကျူးကျော်ထားတာမို့လို့ ထုတ်မပေးတာ” လို့ ပြောဆိုလိုက်ကြောင်း ပြန်လည်ကြားသိရသည်။

တောင်သူမှ နှစ်စဉ် ဒိုင်စပါးလည်း ချခဲ့ကြောင်း ၊ ဘဏ်ချေးငွေ တစ်နှစ်မယူရင် နောက်နှစ်တွေ ထုတ်လို့မရဘူးဆိုလို့ နှစ်စဉ် ယူခဲ့ရရှိခဲ့ပြီး ယခုနှစ်တွင်မှ မပေးဘူးဖြစ်နေတယ် ဟု ပြောပြသည်။

လယ်ယာမြေ ပိုင်ဆိုင်ခွင့်များနှင့် ပတ်သက်၍ မေးမြန်းရာတွင်လည်း နောက်ဆယ်နှစ်နဲ့တောင် အဲဒီ မြေတွေကို ပိုင်ဆိုင်ခွင့် ချမပေးဘူးဟု ကျေးရွာလူကြီးမှ ပြန်လည်ပြောဆို လိုက်ကြောင်း သိရသည်။

ကိုင်းပလွေး ကွင်း (၁)(၂)အတွင်း မြေယာသိမ်းဆည်းမှု အချို့ရှိခဲ့ပြီး တောအုပ်၊ တောခေါင်းများက စိမ်းလန်းစိုပြည်ရေးဟု ပြောဆိုကာ လုပ်ငန်းရှင်များကို ပြန်လည်ရောင်းချ ထားသည်များလည်း ရှိသည်။ ထိုသို့ အရှုပ်အထွေးများ ဖြစ်ပေါ်လာခဲ့ပြီး တောင်သူများ ဘဏ်ချေးငွေပင် ထုတ်ယူခွင့် မရှိသော အခြေအနေသို့ ဖြစ်လာကြောင်း သိရသည်။

ထွန်းထက်

by Myanmar News Now



နှစ်စဉ် ဘဏ်ချေးငွေ ရရှိခဲ့သော်လည်း ယခုနှစ် ထုတ်မရ နှစ်စဉ် ဘဏ်ချေးငွေ ရရှိခဲ့သော်လည်း ယခုနှစ် ထုတ်မရ Reviewed by သစ်ထူးလွင် on 13:33 Rating: 5
Powered by Blogger.