လက်ပံပြားရွာ အရှေ့ဘက်က ရေထွက်ကလေး ဆည် ပြုပြင်တိုးချဲ့ တဲ့ လုပ်ငန်း အပေါ် ပြည်သူတို့ ရဲ့ အသံများ

ပြီးခဲ့တဲ့မိုးခေါင်မှု ကြောင့် ကျောက်ပန်းတောင်း နယ်သူ နယ်သား များ အပါအဝင်၊ မြန်မာနိုင်ငံ အလယ်ပိုင်းမှ ပြည်သူလူထု အများအပြား အတွက် ရေတွင်း တူးဖော်ခြင်း၊ ရေကန်ဆယ်ခြင်း၊ ပြုပြင် ထိန်းသိမ်းခြင်း၊ ရေစီးရေလာ ကောင်းအောင် ပြုပြင်ခြင်း လုပ်ငန်းများအတွက် မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့က ရပ်ရွာများသို့ ငွေကြေး ချထားပေးကာ ဆောင်ရွက်ခဲ့ကြလို့ ပြည်သူအများက ဝမ်းသာအားရ နဲ့ ပျော်ရွှင်ကျေနပ် ခဲ့ကြပါတယ်။ တော်တော်များများ လုပ်ငန်းတွေ ကို ဆည်မြောင်းဦးစီးဌာန က ကြီးကြပ်ပြီး ပြင်ပ ကန်ထရိုက်များကို လုပ်ကိုင်စေခဲ့ပါတယ်၊ ဒီလို မျိုး လုပ်ငန်းတွေ လုပ်ကိုင်ရာမှာ ပြည်သူတွေအများက ကျေနပ်ခဲ့ပေမဲ့ အနီးကပ် စောင့်ကြည့်လေ့လာသူ တွေ နဲ့ သိနားလည်သူတွေက တော့ ခြစားမှုတွေ လေလွင့်ပျက်စီးမှုတွေ အများအပြားရှိတယ် လို့ ဝေဖန်ခဲ့ကြပါတယ်၊ ကျမတို့ မြို့နယ် မှာ ငွေကြေးအများဆုံး(သိန်း ၃၀၀စီ) ရရှိတာက လက်ပံပင် ရွာနားက ချောင်းမင်းကန် ရယ် လက်ပံပြားရွာနားက ရေထွက်ကလေးဆည် တို့ပါပဲ။

ချောင်းမင်းကန် လုပ်ငန်းခွင် ကတော့ ပြီးစီး အောင်မြင်ခဲ့ပြီဖြစ်ပြီး ပြည်သူတွေ ရဲ့ ရင်ထဲက စကားလေးတွေကို သီးခြားပိုစ် တစ်ခုတင်ပေးပါ့မယ်၊ အခုလောလောဆယ် မိုးရွာနေသည်အထိ မပြီးစီးနိုင်သေးပဲ ပြ ဿနာ တွေနဲ့ ရင်ဆိုင် နေရတာက လက်ပံပြား ရွာမှာပါ၊ ပြီးခဲ့တဲ့ သီတင်းပတ်ကတည်း က သတင်းပေးပို့ သူရှိလို့ ကျမရဲ့ မိတ်ဆွေ ကျောက်ပန်းတောင်းက အလွတ်တန်း အင်ဂျင်နီယာတစ်ယောက်ကို စုံစမ်းပေးဖို့ အကူအညီတောင်းခံခဲ့ ရာက တွေ့ရှိလာတဲ့ အခက်အခဲ လေးတွေ ကို သက်ဆိုင်ရာက တာဝန် ယူ ဖြေရှင်းပေးဖို့ ဒီ ပိုစ် လေးနဲ့ တောင်းဆိုလိုက်ပါတယ်၊ သက်ဆိုင်ရာတို့ သိရှိစေရန် ရှယ်ပေးကြပါလို့ မေတ္တာရပ်ခံပါတယ်။

ပထမဆုံး ပြဿနာက တော့ ဆည်မြောင်းထိန်းသိမ်းရေး က ပို့ ပေးလိုက်တဲ့ ဆီပီပါတွေ လျော့နေခြင်းပါပဲ၊ ဆီပီပါ အလုံး ၂၀ရောက်တာ ပီပါတိုင်းမှာ ဂါလံ ၅၀ ရှိရမဲ့အစား ဂါလံ ၄၀သာရှိတယ် လို့ ရေကြီးကြပ်တဲ့အဖွဲ့က ပြောကြားပါတယ်။

သူတို့ တွေ လုပ်တာက လွန်လွန်းတယ်၊ အခုစစ်ကြည့်လည်း ရသေးတယ်၊ အဲဒီလို လျော့နေတာကို စက်ကြီးအဖွဲ့ လည်း သိတယ်၊ ရွာက လည်း သက်သေရှိတယ်၊ ဒီလို ဖြစ်တော့ လုပ်ရမဲ့အတိုင်းအတာကို ဘယ်လို လုပ်ပြီးနိုင်မှာတုန်း ဟုပြောခဲ့ပါတယ်၊

ဒုတိယ ကိစ္စက ဘက်ဟိုး ပျက်တဲ့ ပြဿနာပါ၊ ပိုင်ဆိုင်သူက တပ်မတော်က အရာရှိကြီး တစ်ယောက်လို့ပြောပါတယ်၊ ဆ မ တံဆိပ် တော့ကပ်ထားတာပါ၊ အဲဒီစက် ပျက်လို့ လုပ်ငန်း နှောင့်နှေးရတဲ့ ကြားထဲမှာ စက်ပြင်ဆင်စရိတ်တွေ၊ စက်ပြင်ဆရာ ခေါ်ယူသယ်ပို့ ဧည့်ခံကျွေးမွေးစရိတ်တွေကို ပါ ရွာအတွက်ချပေးထားတဲ့ သိန်း၃၀၀ထဲမှ ကျခံရမယ်လို့ ပြောပါတယ်၊ သူဌေးကြီးများရဲ့ စက်ပျက်တာကို ရွာသောက်သုံးရေ အတွက် ငွေကြေးထဲမှ သုံးစွဲ စေ ဆိုတာက တော့ဘယ်လို မှ မျှတမှုမရှိပါ၊

တတိယ ကိစ္စက တော့ အင်ဂျင်နီယာရဲ့ အမြင် နဲ့ ပြောပြတာပါ၊ လုပ်ငန်းက ပြီးသင့်တဲ့ အချိန်ထက် အရမ်းနောက်ကျနေပြီ၊ ရထားတဲ့ ငွေကြေးနဲ့ ပြီးစီးတဲ့ လုပ်ငန်းပမာဏက နည်းလွန်းနေတယ်၊ ပြီးတော့ ဒီလို လုပ်ငန်းတွေက နောက်ကျလို့ လုံးဝမရဘူး၊ မိုးလေဝသ ရာသီဥတုကို မှီပြီးအချိန်မီပြီးစီးအောင် လုပ်ရတာ၊ နိုင်ငံတကာမှာ ဒီလို နောက်ကျ နေရင် လျော်ကြေးကို အများကြီးပေးရမှာ၊ ဒီလို လုပ်ငန်းသေးလေးကို တောင် ကောင်းကောင်းမကြီးကြပ်နိုင်တဲ့ အင်ဂျင်နီယာနဲ့ တာဝန်ယူထားတဲ့ ဌာနမှာ အများကြီး တာဝန်ရှိတယ် လို့ စုံစမ်းစစ်ဆေးခဲ့သူ အလွတ်တန်း အင်ဂျင်နီယာက သုံးသပ်ခဲ့ပါတယ်၊ ရပ်ရွာ ပြည်သူလူထုအပေါ်ရော တိုင်းဒေသကြီးအစိုးရ အပေါ်ရော လှူဒါန်းမှု ပြုခဲ့တဲ့ အဖွဲ့အစည်းတွေ အပေါ်မှာပါ သူတို့ အပြစ်ကျူးလွန်နေတာပါ လို့ ထပ်မံပြောပြခဲ့ပါတယ်၊

မေပုပ္ပား
၂၀၁၃ ဇွန်လ ၂၀ရက်






လက်ပံပြားရွာ အရှေ့ဘက်က ရေထွက်ကလေး ဆည် ပြုပြင်တိုးချဲ့ တဲ့ လုပ်ငန်း အပေါ် ပြည်သူတို့ ရဲ့ အသံများ လက်ပံပြားရွာ အရှေ့ဘက်က ရေထွက်ကလေး ဆည် ပြုပြင်တိုးချဲ့ တဲ့ လုပ်ငန်း အပေါ် ပြည်သူတို့ ရဲ့ အသံများ Reviewed by သစ်ထူးလွင် on 05:07 Rating: 5
Powered by Blogger.