အင်အားပြင်းမုန်တိုင်း ရခိုင်မောင်တောဒေသကို ၀င်ရောက်ဖွယ်ရှိ

အိုဝမ်းဘီ(01B)အမည်ရှိ အင်အားပြင်းတဲ့ မုန်တိုင်းဟာ လာမယ့်ရက်ပိုင်း အတွင်း ရခိုင်ပြည်နယ်ကို ၀င်ရောက်တိုက်ခတ် ဖွယ်ရှိတဲ့ အတွက် ကြိုတင်ပြင်ဆင်ထားဖို့ မြန်မာနိုင်ငံ မိုးလေ၀သ ဦးစီးဌာနက ဒီကနေ့ ညနေပိုင်းမှာ အသိပေးကြေညာ ထားပါတယ်။

လက်ရှိဖြစ်ပေါ်နေတဲ့ မုန်တိုင်း အခြေအနေနဲ့ ပတ်သက်လို့ မိုးလေ၀သ ပညာရှင် ဒေါက်တာထွန်းလွင်က RFA ကို အခုလိုပြောပါတယ်။

"နည်းနည်းပိုပြီးတော့ အားကောင်းလာတဲ့ ပုံစံတွေ့ရတယ်၊ လေတိုက်နှုန်းကတော့ တအားကြီးတော့မဟုတ်ဘူး၊ မုန်တိုင်းအတွင်းမှာ တိုက်တဲ့လေကတော့ ၅ဝ၊ ၅၅ မိုင်နဲ့ ၁ နာရီ အဲလောက်ပဲရှိတယ်၊ တစ်ခုပဲပြောင်းသွားတယ်၊ နောက်ဆုံးခန့်မှန်းတာကတော့ မုန်တိုင်းဝင်မယ့်နေရာဟာ ဘင်္ဂလားဒေ့ရှ်ထဲဝင်မယ်၊ အစပ်ကနေ ဘင်္ဂလားဒေ့ရှ်ထဲနည်းနည်းပါတယ်ပေါ့၊ မုန်တိုင်းရဲ့ညာဘက်ခြမ်းကတော့ ရခိုင်မြောက်ပိုင်း မောင်တောမြို့နယ် တစ်ခုလုံးမှာတော့ လူထိခိုက်နိုင်တယ်ပေါ့၊ အဲဒီအတိုင်းသွားမယ်ဆိုရင် သူဝင်မယ့်အချိန်မှာ လေတိုက်နှုန်းက ၁ဝ၅ မိုင်လောက်ရှိနိုင်မယ် မှန်းထားတာပေါ့နော်၊ အဲဒီလောက်ဆိုရင် အပျက်အစီးတွေရှိနိုင်တယ်ပေါ့၊ ရေဒဏ် မိုးဒဏ် လေဒဏ်တွေ ကြုံတွေ့နိုင်တယ်ပေါ့၊ မောင်တောကတော့ သေချာပေါက်ပါမှာပေါ့၊ မောင်တောရဲ့အောက်ဘက် ကမ်းခြေတစ်လျှောက်ပေါ့၊ မိုင် ၁ဝဝ၊ ၁၅ဝ အတွင်းမှာတော့ မိုင်တိုင်းရဲ့အကျိုးအာနိသင်ရှိနိုင်တယ်လို့တော့ ပြောလို့ရပါတယ်၊ ဒါကဘာနဲ့သွားတူသလဲဆိုတော့ ၁၉၉၄ တုန်းကဖြစ်ခဲ့တဲ့ မောင်တောမုန်တိုင်းနဲ့ သဘောသဘာဝသွားတူနေတယ်၊ ဒီကြားထဲမှာ အပြောင်းအလဲတွေဆိုတာ အမြဲရှိနိုင်တယ်၊ နောက်ပြီးတော့ အပြောင်းအလဲရှိတိုင်းလည်း ကျနော်ကတော့ တင်ပေးနေမှာပဲ၊ အဲဒါကို ဒေသခံတွေကလည်း ဒါလေးကို အမြဲတမ်းနားစွင့်နေဖို့လိုပါတယ်ပေါ့၊ နောက်မြန်မာ့ကမ်းရိုးတန်းမှာ အားလုံးနဲ့ပြောရရင် တနင်္သာရီကမ်းရိုးတန်း အန္တရာယ်မရှိပါ၊ မွန်ကမ်းရိုးတန်း အန္တရာယ်မရှိပါ၊ နောက်မြစ်ဝကျွန်းပေါ် အန္တရာယ်အလွန်နည်းပါတယ်၊ ရခိုင်တောင်ပိုင်းကတော့ အန္တရာယ်အနည်းငယ်ရှိနိုင်တယ်၊ မြောက်ပိုင်းကတော့ လောလောဆယ် အန္တရာယ်အရှိဆုံးဒေသအဖြစ် သတ်မှတ်ပါတယ်၊

JTWC အဖွဲ့က ခန့်မှန်းထားတာကတော့ အဲဒီဝင်တဲ့အချိန်မှာ လေတိုက်နှုန်းက မိုင် ၁ဝဝ အထက်မှာရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်၊ အားကောင်းတယ်ခေါ်ရမှာပေါ့၊ မိုင် ၁ဝဝ အထက်ဆိုတာ နည်းတဲ့ဟာမှမဟုတ်ပဲ၊ တကယ်လို့သာ အဲဒီလောက်တိုက်မယ်ဆိုရင် ပင်လယ်ကလှိုင်းကတော့ မတရားကြမ်းမှာပေါ့၊ အဲ့ဒီအချိန်မှာ ပင်လယ်ထဲမှာတော့ လူမရှိတာ၊ လှေတွေဘာတွေမရှိတာ အကောင်းဆုံးပဲပေါ့၊ အဲဒါခန့်မှန်းထားတဲ့အတိုင်းဖြစ်ခဲ့ရင် ပြောတာပေါ့နော်၊ ကြိုပြောပြတာ၊ ကြားမှာအပြောင်းအလဲတွေရှိရင် ရှိသလိုတော့ ပြောင်းပြောရမှာပေါ့၊ ဒါပေမယ့် လောလောဆယ်ခန့်မှန်းထားတဲ့ အင်အားနဲ့သာဝင်မယ်ဆိုရင် လှိုင်းကြီးမယ်၊ မိုးတွေရွာမယ်၊ ရေတွေတက်မယ်၊ ရေကလည်းအနည်းဆုံး အခုအတိုင်းဆိုရင်တော့ ငါးပေလောက်ပေါ့၊ တကယ်လို့ ၁၂ဝ ကျော်လောက်တိုက်မယ်ဆိုရင်တော့ ၁၂ ပေလောက်အထိ တက်နိုင်တယ်ဗျာ၊ လောလောဆယ် မုန်တိုင်းနာမည်ကိုတော့ 01B လို့ မှည့်ခေါ်ထားပါတယ်၊

မောင်တောဝင်သွားရင်တော့ ချင်းရောက်သွားမှာပေါ့၊ နောက် စစ်ကိုင်းအထက်တို့ အဲဒီဘက်အတွင်းဘက် ရောက်သွားနိုင်တာပေါ့၊ အလယ်ပိုင်းကဒေသတွေကတော့ လွန်ရောကျွံရောဖြစ်ရင်တော့ သူ့အရှိန်နဲ့မိုးရွာတာ၊ အိမ်တွေပျက်တာလောက်တော့ဖြစ်နိုင်တယ်ထင်ပါတယ်၊

မုန်တိုင်းဝင်နိုင်မယ့်ဒေသက ပြည်သူတွေအနေနဲ့ ပထမဦးဆုံးပြင်ဆင်ရမှာကတော့ မုန်တိုင်းသတင်းကို အမြဲနားထောင်ဖြစ်ဖို့ပဲ၊ နားထောင်ခြင်းအားဖြင့် ကိုယ့်ဘက်မှာ ဘယ်လောက်အရေးကြီးတယ်ဆိုတာသိရမယ်၊ နံပါတ် ၂ က မုန်တိုင်းဝင်မယ့်ဒေသ ခုနကပြောတဲ့ မောင်တောတို့ဘာတို့မှာ မုန်တိုင်းဆိုတာ အန္တရာယ်သုံးမျိုးရှိတယ်၊ လေပြင်းတိုက်မယ်၊ မိုးရွာမယ်၊ ပင်လယ်ရေလှိုင်းတွေတက်မယ်၊ နောက်လေပြင်းက အခု ၈ဝ၊ ၁ဝဝ ထားပါတော့တိုက်ရင် အိမ်တွေ၊ သစ်ပင်တွေ၊ ဓာတ်တိုင်တွေပြိုမယ်၊ မိုးတွေလာမယ်၊ ပင်လယ်မှာလှိုင်းက အနည်းဆုံးပေ ၂၅၊ ၃ဝ လောက်ရှိမယ်၊ အဲဒီ့အန္တရာယ်ကိုသိရင် ရေလုပ်သားတွေက ဒါကိုကြိုပြင်ရမှာပေါ့၊ သဘောင်္တွေဘာတွေဆိုရင် ကမ်းနဲ့ဝေးရာကို မသွားသင့်ဘူးပေါ့၊ ဒါကလှိုင်းနဲ့ လေနဲ့ပတ်သက်လို့ မိုးကတော့ အထူးပြောစရာမလိုဘူး၊ ဒီဒေသက မိုးများနေကျဒေသဆိုတော့ သူတို့အတွေ့အကြုံရှိမှာပါ၊ ပင်လယ်ဒီရေလှိုင်းတက်လာရင်တော့ ခုနကပြောသလိုပဲ အားကောင်းရင်ကောင်းသလို အန္တရာယ်ကြီးတဲ့အတွက်ကြောင့် ကိုယ်နေတဲ့ဒေသဟာ ရေတက်နိုင်တဲ့ဒေသဆိုရင်တော့ ဒီအိမ်ထဲမှာနေရုံလောက်နဲ့တော့ မလုံခြုံဘူး၊ အဲတော့ ဘေးကင်းရာအရပ်၊ ကုန်းမြင့်ရှိရာအရပ်ကိုသာ ပြောင်းနေဖို့လိုတယ်ဆိုတာလေးတော့ ကြိုသိထားဖို့လိုပါတယ်ဗျာ"

မောင်တောဒေသကို မုန်တိုင်းတိုက်ခတ်မှာ ဖြစ်ကြောင်းကို မေလ ၁၁ ရက်နေ့လယ်ကစပြီး၊မြို့နဲ့အနီးအနားက ကျေးရွာတွေကို လှည့်လည် အကြောင်းကြားတာတွေရှိတယ်လို့ မောင်တောမြို့ခံတွေက RFA ကိုပြောပါတယ်။

အင်အားပြင်း မဟာဆင် မုန်တိုင်းဒဏ်ကို ရှောင်ရှားနိုင်ဖို့အတွက် မောင်တောခရိုင် အုပ်ချုပ်ရေးမှုးရုံး အစီအစဉ်နဲ့ မောင်တောဒေသက သရေကုန်းဘောင်၊ခရေမြိုင်စတဲ့ ကျေးရွာတွေကို မနက်ဖြန်ကစပြီး မေယုတောင်ခြေကို ရွှေ့ပြောင်းဖို့ ရှိပါတယ်။

RFA Burmese


အင်အားပြင်းမုန်တိုင်း ရခိုင်မောင်တောဒေသကို ၀င်ရောက်ဖွယ်ရှိ အင်အားပြင်းမုန်တိုင်း ရခိုင်မောင်တောဒေသကို ၀င်ရောက်ဖွယ်ရှိ Reviewed by သစ်ထူးလွင် on 04:40 Rating: 5
Powered by Blogger.