ဒဏ်ရာရသံဃာတော်တွေအတွက် ဆေးဝါးအလှု လက်မခံ

လက်ပန်းတောင်းတောင် ဆန့်ကျင် ကန့်ကွက်ရေး သပိတ်စခန်း အကြမ်းဖက် ဖြိုခွဲမှုကြောင့် မီးလောင် ဒဏ်ရာရတဲ့ သံဃာ တော်တစ်ပါး မုံရွာဆေးရုံမှာ ဆေးကုသမှု ခံယူနေစဉ်။
လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း ရပ်တန့်ရေး ကန့်ကွက် ဆန္ဒပြ ခဲ့ကြတဲ့ သပိတ် စခန်းတွေကို နိုဝင်ဘာလ ၂၉ ရက် ကြာသပတေးနေ့က အာဏာပိုင်တွေ အကြမ်းဖက် နှိမ်နင်းမှု အတွင်း ဒဏ်ရာ အပြင်းအထန် ရခဲ့ကြတဲ့ ရဟန်း သံဃာတော်တွေ မန္တလေး နဲ့ မုံရွာ ဆေးရုံမှာ ဆေးကုသမှု ခံယူနေရပါတယ်။ ဒီသံဃာတော်တွေ အတွက် အာဏာပိုင်တွေ ဘက်က ကျန်းမာရေး စောင့်ရှောက်မှု တစုံတရာ ထောက်ပံ့ပေးခြင်း မရှိသလို မုံရွာဆေးရုံကြီး မှာ ဆေးဝါးကုသမှု ခံယူနေရတဲ့ သံဃာတော်တွေအတွက် အလှူရှင်တွေက ဆေးဝါး အလှူပြုချင်ပေမဲ့လို့ ဆေးရုံက လက်မခံရဲတဲ့ အခြေအနေတွေလည်း ရှိနေပါတယ်။

မန္တလေး ပြည်သူ့ဆေးရုံကြီးမှာတော့ ဆေးကုသမှုခံနေတဲ့ သံဃာ ၄ ပါး ရှိပါတယ်။ ဒီသံဃာတော်တွေရဲ့ အခြေအနေနဲ့ ပတ်သက်လို့ ကိုယ်တိုင် ဒဏ်ရာရခဲ့သူ ဖြစ်တဲ့ ရေတော်တိုက်က ဆရာတော် ဦးဝိသုတ က အခုလို မိန့်ပါတယ်။

"ဒဏ်ရာပြင်းပြင်းထန်ထန်ရရှိတဲ့ ဆရာတော် ဦးတိက္ခညာဏ ဆားလင်းကြီး မြို့နယ်ကို အရေးပေါ် ဆရာဝန်ကြီးတွေ ဆေးကုသမှုခံယူနေပါတယ်။ ဘုရားကြီး အလယ်ထပ်ကြီး ဆရာတော် ဦးဝိသုဒ္ဓစာရ  ပြင်းပြင်းထန်ထန် ခံစားနေရတာ ဒကာကြီးတို့ မျက်မှောက် မြင်တဲ့အတိုင်းပါပဲ။ ဦးပါကရကတော့ မျက်စိပျက်မလား၊ ဘယ်လိုအခြေအနေလည်း မသိနိုင်သေးဘူး။"

ထိခိုက်ဒဏ်ရာ ရခဲ့တဲ့ သံဃာတော်တွေထဲက တပါးဖြစ်တဲ့ မုံရွာခရိုင် ဆားလင်းကြီးမြို့နယ်က ဆရာတော် ဦးတိက္ခဉာဏ ကတော့ မျက်ရည်ယိုဗုံးတွေ၊ မီးလောင်ဗုံးနဲ့ မီးခိုးဗုံးတွေ ပေါက်ကွဲခဲ့တဲ့ အခြေအနေနဲ့ သူ ထိခိုက်ဒဏ်ရာရခဲ့တဲ့ အကြောင်းကို ခုလို မိန့်ပါတယ်။

"တခါတည်း ကွဲခါစမှာ ရှုးခနဲ ပန်းလိုက်တာ ဦးဇင်းနှစ်ထပ်စောင်က အပေါက်ကြီးဖြစ်ပြီး လောင်သွားတယ်။ အထပ်ထပ်မှာ ရေစိုနေရင်းနဲ့ စိုနေတဲ့ရေ ရှိနေတဲ့ဟာကို တချက်တည်းနဲ့ လောင်သွားတာ ဦးဇင်းလည်း သင်္ဃန်းပါ လောင်သွားတယ်။ သင်္ဃန်းတွေလည်း အကုန်လုံးပါသွားတယ်။ အဲ့ဒီ့မှာ ဦးဇင်းလည်း ဘာမှ မမြင်တော့ဘူး။ မီးတွေချည်းပဲ ဖြစ်နေတယ်။ မျက်စိကလည်း ဝါးသွားပြီ။ အဲ့ဒီ့မှာ ထပြီးတော့ လျှောက်ရတာပေါ့။ တချက်တည်း၊ အဲ့ဒီ့တချက်တည်းနဲ့ ဦးဇင်း ညာဘက်တင်ပါးနဲ့ ညာဘက်ခြေထောက်တခုလုံး၊ ညာဘက်လက်ပြင်တွေရယ်၊ ညာဘက်ကျောပိုင်းတွေရယ်၊ ဆရာဝန်ကြီးတွေက ဒီရောက်တော့ ၈၀ ရာခိုင်နှုန်း မီးလောင်သွားတယ်လို့ ဆိုကြတယ်။ "

မန္တလေးဆေးရုံမှာ ဆေးကုသမှု ခံယူနေတဲ့ ဒီသံဃာတော်တွေကို မိသားစုတွေနဲ့ အလှူရှင်တွေကပဲ အဓိက တာဝန်ယူ ကုသပေးနေတာ ဖြစ်ပါတယ်။ သံဃာတော်တချို့ ဟာ ခန္ဓာကိုယ်ရဲ့ တ၀က်နီးပါး၊ အတွင်းပိုင်း ကြွက်သား လောင်ကျွမ်းတဲ့အထိ ဒဏ်ရာ အပြင်းအထန် ရခဲ့ကြတာပါ။ ဒီလို သံဃာတော်တွေကို ကုသရေးမှာ ကျွမ်းကျင်တဲ့ ဆရာဝန်တွေရဲ့ ကုသမှု လိုအပ်သလို ပြည့်စုံတဲ့ အစောင့်အရှောက်တွေလည်း အထူး လိုအပ်နေတာ ဖြစ်ပါတယ်။

ဒါပေမဲ့ ဒီသံဃာတော်တွေအတွက် အာဏာပိုင်တွေဘက်က တစုံတရာ ဆေးဝါး နဲ့ ကျန်းမာရေး စောင့်ရှောက်မှု တစုံတရာ ထောက်ပံ့ပေးတာမျိုး မရှိသလို မုံရွာ ဆေးရုံကြီးမှာ ဆေးဝါး ကုသခံနေရတဲ့ သံဃာတော်တွေကို အလှူရှင်တွေက ဆေးဝါးလှူဒါန်းချင်တာတောင်မှ လှူဒါန်းလို့မရတဲ့ အခြေအနေတွေမှာ ရှိနေတယ်လို့ သံဃာတော်တွေကို ဆေးဝါး လှူဒါန်းဖို့ သွားခဲ့တဲ့ နာရေးကူညီမှုအသင်း ရန်ကုန် ဥက္ကဋ္ဌ ဦးကျော်သူက ပြောပါတယ်။

"ကျနော်တို့ဆေးဝါးကူဖို့ ဆေးရုံကိုသွားတော့ ဆေးရုံအုပ်ကြီးက ဆေးဝါးလုံလောက်တယ်။ ကုသမှု လုံလောက်တယ်ဆိုပြီး ပြောတယ်။ ဒါပေမဲ့ သံဃာတော်တွေရဲ့အနေအထားက ဒဏ်ရာတွေက အတော်ပြင်းထန်တယ်။ အသားတွေက အထဲအထိ လှိုက်စားနေတာတွေ့တယ်။ ဆေးလှူဖို့က ဆရာဝန်ကြီးတွေက ဒီဟာအတွက်ဆို မလှူပါနဲ့လို့ ပြောတော့ ကျနော်တို့ ဆေးလှူလို့မရတော့ ဝတ္တူငွေပဲ ပေးခဲ့ရတယ်။ ဆေးရုံမှာ ရှိတဲ့ ဆရာဝန်တွေ၊ နပ်စ်မတွေကလည်း တော်တော်ဂရုတစိုက် ကုပေးကြပါတယ်။ ကျနော်သွားတော့လည်း ကျနော်တို့ကို တော်တော်လေး အားပေးကြတယ်။ လာတာကို ကျေးဇူးတင်တယ် ပြောကြတယ်။ ဒါပေမဲ့ အနေအထားက ဒီကိစ္စအတွက် လာလှူတယ်ဆိုရင်တော့ လက်ခံလို့မဖြစ်တဲ့ အနေအထားမျိုးတွေ ပြောနေတော့ ကျနော်တို့လည်း စိတ်မကောင်းရဘူးပေါ့လေ။"

အခုလို မီးလောင် ဒဏ်ရာရထားတဲ့ ဆန္ဒပြ သံဃာတော်တွေနဲ့ ပြည်သူတွေ ထဲမှာ ဆေးရုံ တက်ပြီး ဆေးဝါးကုသမှုရသူတွေ ရှိသလို ဖမ်းဆီး ခံရမှာ စိုးရိမ်လို့ ရွာတွေထဲမှာ ပုန်းရှောင်နေရသူတွေလည်း ရှိနေတာကြောင့် ဒီလိုလူတွေနဲ့ သံဃာတော်တွေရဲ့ ကျန်းမာရေး စိုးရိမ်ရတယ်လို့လည်း ဦးကျော်သူက ပြောပါတယ်။

လောလောဆယ်မှာ ဒဏ်ရာ အပြင်းအထန် ရထားသူတွေကို မုံရွာနဲ့  မန္တလေးက ဒေသခံပြည်သူတွေနဲ့ လူမှုကူညီပေးရေး စေတနာ့ဝန်ထမ်း အဖွဲ့တွေက လိုအပ်တဲ့ ဆေးဝါး အကူအညီတွေ ပေးနေတာ ဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
ဒဏ်ရာရသံဃာတော်တွေအတွက် ဆေးဝါးအလှု လက်မခံ ဒဏ်ရာရသံဃာတော်တွေအတွက် ဆေးဝါးအလှု လက်မခံ Reviewed by သစ်ထူးလွင် on 13:32 Rating: 5

1 comment:

Unknown said...

ငရဲကြီးမှာကြောက်မှာပါ
၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၂၉ရက်နေ့မှာဖြစ်ပွားခဲ့တဲ့ လက်ပန်းတောင် စီမံကိန်း ရပ်တန့်ရန်အတွက် ဆန´ပြလျက်ရှိသောသပိတ်စခန်းအား ရဲတပ်ဖွဲ့ဝင်များမှ ၀င်ရောက်တားဆီးမှုနှင့် ပတ်သက်ပြီး စိတ်မကောင်းစွာ ကြားခဲ့ရပါတယ်။
သံဃာတော်တွေအနေနဲ့ကလည်း အမျိုးမျိုးသော သံဃာတွေရှိနေတာ ကို တွေ့မြင်ရပြီး တစ်ခုကတော့ မြတ်စွာဘုရား ဟောကြားတော်မူသော ၀ိနည်းတော်နှင့်အညီ ဘာသာ၊သာသနာကိုအကျိုးပြုနေတဲ့ သံဃာတော်တွေ ဖြစ်ပြီ...
း နောက်တစ်ခုကတော့ နိုင်ငံရေးကိုဝါသနာပါပြီး နိုင်ငံရေးအကြောင်း ပြော ဆန´´ပြနေတဲ့သံဃာများနှင့် အခြားတစ်ခုကတော့ လူမှုရေးကို ၀ါသနာ ပါပြီး လူမှုရေးလုပ်ငန်းများ ဆောင်ရွက်နေသော သံဃာတော်များဆိုပြီး အမျိုးမျိုးတွေ့ရပါတယ်။ သို့သော် သံဃာတော်များအနေဖြင့် မည်သို့သော အလုပ်ကို လုပ်နေစေကာမူ မြတ်စွာဘုရားဟောကြားသော ၀ိနည်းတော်များ နှင့်အညီ နေထိုင်မှသာသင့်လျော်ပေမည်။
ဆဌသင်္ဂါယနာ ဓမ္မ၀ိနယ အမိန့်ပြန်တမ်းတွင်ပါဝင်သော အမိန့်ပြန် တမ်းပါ အချက်(၁၂)ချက်မှ လိုအပ်သော အချက် ၂ ချက်အား ဖော်ပြအပ် ပါသည်။
(၁) ၀ိနည်းတော်အရ လုံလောက်သေကျောင်းမရှိဘဲ မြို့တွင်း ရွာတွင်း များသို့ အချိန်အခါမဲ့သွားလာခြင်းတို့မှ ရှောင်ကြဉ်ရမည်။
(၂) မြို့တွင်းရွာတွင်းတွင် ရဟန်းတို့နှင့် မလျော်သောနေရာများသို့ သွားလာခြင်းတို့မှ ရှောင်ကြဉ်ရမည်။
မီဒီယာတွေအနေနဲ့ ဖော်ပြတဲ့အပိုင်းမှာလည်း ၃.၉.၂၀၁၂ ရက်နေ့ The Voice ဂျာနယ်မှာ စာရေးသူ အောင်စိုးကိုသက်(မုံရွာ) ရေးသာားဖော်ပြတဲ့ ဆန´ပြသံဃာတစ်ပါးအား မေးမြန်းမှုတွင် ``သံဃာထုကိုစော်ကားတာတော့ စိတ်မကောင်းဘူး၊ သံဃာထုပါဝင်ဆင်နွှဲလာတာကတော့ လက်ပန်းတောင်း တောင်စီမံကိန်း လုံးဝရပ်တန့်အောင် ဆောင်ရါက်ဖို့ပဲ´´ပြန်လည်ဖြေကြား ခဲ့ပါတယ်။ ဆက်လက်ပြီး ``ညီမျှတဲ့လျော်ကြေးပေးမယ်ဆိုရင်ကော ဘယ်လိုလဲ´´လို့မေးမြန်းရာတွင်လည်း ``ဒါကတော့နားမလည်ပါဘူး´´ ဟုပြန်လည်ဖြေကြားခဲ့ပါတယ်။
ဒီအကြောင်းအ၇ာနှင့်ပတ်သက်ပြီးတော့ သံဃာထုကိုဖော်ပြတဲ့အခါမှာ သံဃာထုတစ်ခုလုံးအားသိမ်းကြုံးဖော်ပြရာ ရောက်နေပါတယ်။ တကယ်ဆို ရင် သံဃာတော်တွေကို ခွဲခြားဖော်ပြဖို့ လိုအပ်မယ်လို့ ထင်မိပါတယ်။ ဘယ်သံဃာထုကို ကိုယ်စားပြုမှာလဲ၊ နိုင်ငံရေးစိတ်ဝင်စားပြီး ဆူပူမှုပြုနေတဲ့ သံဃာလား၊ မြတ်စွာဘုရားရဲ့ဝိနည်းတော်နှင့်အညီနေထိုင်ပြီး ဘာသာ၊ သာသနာကိုစောင့်ရှောက်နေတဲ့ သံဃာတော်လား စသဖြင့်ပေါ့။ ဦးဇင်းဖြေပါ တယ်၊ ဒါကြောင့် အဆွယ်ကောင်းလို့သာ ရောယောင်ပြီး ဆန´ပြကြတယ်၊ ဘာမှမသိနားမလည်ဘဲ ခံလိုက်ရတယ်။ ဒီဖြစ်စဉ်ကိုလာရောက်ထိန်းသိမ်း ကြတဲ့ ရဲတပ်ဖွဲ့ဝင်တွေ ဆိုတာကလည်း ဗုဒ္ဓဘာသာဝင်တွေပါ။ ပြည်သူတွေ ကပေါက်ဖွားလာတဲ့ ပြည်သူ့သားတွေပါ။ သူတို့လည်းငရဲကြီးမှာ ကြောက်ကြမှာပေါ့။ ဒါပေမယ့် နိုင်ငံတော်အတွက် တရားဥပဒေစိုးမိုးရေး နှင့် အေးချမ်းသာယာရေးအတွက် သံဃာတော်တွေကို လာရောက်ထိန်းသိမ်း ကြရတာပါ။
သံဃာတော်တွေကို အပြစ်ပြုမိရင် ဘယ်လောက်ငရဲကြီးမလဲဆိုတာကို
ဗုဒ္ဓဘာသာဝင်တိုင်း သိပြီးသားဖြစ်ပါတယ်။ သို့သော်လည်း ငရဲကြီးမှုတွေကို ရဲရဲရင့်ရင့် ရင်ဆိုင်ပြီး နိုင်ငံတော်အတွက်၊ တရားဥပဒေစိုးမိုးရေးအတွက်၊ အခြားအပြစ်မဲ့ပြည်သူတွေအတွက် ရဲတပ်ဖွဲ့ဝင်တွေအပေါ် စာနာနားလည် ပေးသင့်ပါတယ်။ ဦးဇင်းများအနေဖြင့်လည်း နိုင်ငံတော်အစိုးရကို ဆန့်ကျင် ဆန´ပြလိုသော သူများသာပြည်သူများမဟုတ်ဘဲ ရဲတပ်ဖွဲ့ဝင်တွေကလည်း ပြည်သူများဖြစ်ပါတယ်။ မှန်ကန်သောပြည်သူ့ဘက်မှရပ်တည်ပေးရန် အနူးညွှတ်တောင်းပန်အပ်ပါတယ်။
မီဒီယာသမားများနှင့် ဆန့်ကျင်ဘက်အမြင်ရှိသူများအနေဖြင့်လည်း လောဘ၊ ဒေါသ၊ မောဟ၊ အာဃာတတွေ ဆက်လက်ထားရှိပြီး ရေးသား ဝေဖန်ပြုမူနေပါက နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုမည် မဟုတ်ကြောင်းကို သတိချပ်စေလိုပါသည်။
အကျဉ်းအားဖြင့် ဘာသာ၊သာသနာကို စောင့်ရှောက်ရမည့် သံဃာတော်များအနေဖြင့်လည်းကောင်း၊ပြည်သူများအနေဖြင့်လည်းကောင်း၊ ပြည်သူ့ဝန်ထမ်းရဲတပ်ဖွဲ့ဝင်များ အနေဖြင့်လည်းကောင်း မိမိအလုပ်ကိုသာ မိမိလုပ်ဆောင်ကြလျင် နိုင်ငံတော်အတွက် ကောင်းကျိုးများစွာ ရရှိလာမည်ဖြစ်ပါတယ်။

Powered by Blogger.