ကြေးနီစီမံကိန်း ရပ်တန့်ရေး ဆန္ဒပြခေါင်းဆောင်အချို့ကို ရဲက တရားစွဲ

ရန်ကုန်မြို့ ဆူးလေ ဘုရားအနီးမှာ လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်း ရပ်တန့်ရေး ဆန္ဒပြ သူတွေထဲက ခေါင်းဆောင် ၅ ဦးကို ကျောက်တံတားမြို့နယ် ရဲစခန်းက ခွင့်ပြုချက်မယူဘဲ ဆန္ဒပြမှုနဲ့ တရားစွဲဆိုတယ်လို့ ဗကသများ အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ကိုလင်းထက်နိုင်က ပြောပါတယ်။

တရားစွဲဆိုခံရသူ ၅ ဦးကတော့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က ပြန်ကြားရေးတာဝန်ခံ ကိုသီဟ၀င်းတင်၊ နော်အုန်းလှ၊ ကိုသီဟလွင်၊ ကိုရဲလင်းနဲ့ ကိုဟန်ဝင်းအောင်တို့ ၅ ဦး ဖြစ်တယ်လို့ ဆိုပါတယ်။

ဆန္ဒပြသူတွေကို ဆန္ဒပြခွင့်မတောင်းလို့ တရားစွဲဆိုနေမယ့်အစား အစိုးရအနေနဲ့ ဘာကြောင့် ဆန္ဒပြရသလဲဆိုတဲ့ အဓိက အနှစ်သာရကို အဖြေရှာပြီး ဖြေရှင်းသင့်တယ်လို့ ကိုလင်းထက်နိုင်က ပြောပါတယ်။

လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ရပ်တန့်ဖို့ကိစ္စဟာ တရားစွဲဆိုရုံနဲ့ ရပ်တန့်သွားမှာ မဟုတ်ဘဲ နေရာအသီးသီးမှာ ကန့်ကွက်ဆန္ဒပြပွဲတွေကို ဆက်လက် ကြုံတွေ့ရမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းရပ်တန့်ရေးလှုပ်ရှားမှုဟာ အခုလတ်တလောမှာ တောင်ခြေမှာ သပိတ်စခန်း ၄ ခုဖွင့်လှစ် ကန့်ကွက်နေကြသလို လွန်ခဲ့တဲ့ရက်ပိုင်းကတော့ ဆန္ဒပြသမားတွေကို သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့အဖွဲ့က သွားရောက် တွေ့ဆုံမေးမြန်းခဲ့ပါတယ်။

အေးနိုင် DVB

ကြေးနီစီမံကိန်း ရပ်တန့်ရေး ဆန္ဒပြခေါင်းဆောင်အချို့ကို ရဲက တရားစွဲ ကြေးနီစီမံကိန်း ရပ်တန့်ရေး ဆန္ဒပြခေါင်းဆောင်အချို့ကို ရဲက တရားစွဲ Reviewed by သစ်ထူးလွင် on 15:32 Rating: 5

1 comment:

ko ko tin said...

ဆက်လုပ်ကြပါ ထောက်ခံပါတယ်
အများညီရင် ကျွဲဖြစ်ပါတယ်

Powered by Blogger.