ကျိုက်ထီးရိုးဆံတော်ရှင်မှာ ချွေသည့်ဆု


နိုဝင်ဘာ(၂၅)ရက်နေ့ နံနက် အစောပိုင်းက ကျိုက်ထီးရိုး ရင်ပြင်ပေါ်၌ မိုးသည်းသည်း တစ်ချက် ရွာခဲ့သည်။

ရင်ပြင်တော် တစ်ဝက်နီးပါး အိပ်စက် အနားယူနေ သူများမှာ နီးစပ်ရာ ဘုရား တန်ဆောင်းများ၊ အခမဲ့ နေထိုင်နိုင်သည့် ဇရပ်များ၊ အမိုးအကာရှိ အဆောက်အဦးများ အောက်၌ (တည်းခိုဆောင်များ၊ ဟိုတယ်၊ မိုတယ်များ၌) အခကြေး ငွေပေး၍ နေထိုင်နိုင်ခြင်း မရှိသည့် သာမန်ပြည်သူ အများစုမှာ မိုးလွတ်ရာသို့ ပြောင်းရွေ့ကာ အလင်း ရောက်သည်အထိ ငုတ်တုတ်ထိုင် စောင့်ခဲ့ရသည်။

ဘုရားရင်ပြင် တော်ပေါ်၌ ဆီမီး(၉၀၀၀)ဓမ္မာရုံနှင့် တောင်အောက်ရှိ ဓမ္မာရုံ၌ ပြည်သူများ အနေဖြင့် အခမဲ့နားနေ နိုင်ရန် ဓမ္မာရုံတစ်ခု စီစဉ်ထား ရှိသော်လည်း ဘုရားဖူးများမှာ ရင်ပြင်တော်၌သာ အိပ်၍ ဘုရားဖူးလေ့ ရှိသူများမှာ အများအပြား ရှိနေဆဲ ဖြစ်ကြောင်း ဂေါပကအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

ကျိုက်ထီးရိုး ဘုရားသို့ ရန်ကုန်မှ ဘုရားဖူးကားဖြင့် သွားမည်ဆိုပါက ရန်ကုန်မော်လမြိုင် ကားလမ်းအတိုင်းသွား၍ စစ်တောင်း မြစ်ကူးတာံးကြီးကိုဖြတ်သန်းကာ (၁၀၆)မိုင်အကွာ၌ ကျိုက်ထိုရောက်ရှိကာ ကျိုက်ထိုမှ ကျိုက်ထီးရိုး တောင်ခြေဖြစ်သည့် ကင်မွန်းစခန်းသို့ (၉)မိုင်ကွာဝေးသည်။

ကျိုက်ထီးရိုးသို့ရန်ကုန်မှ ဘုရားဖူးကားများဖြင့်သွားပါက အသွားအပြန် ခရီးစရိတ်အဖြစ် ကျပ်(၁)သောင်း  ၀န်းကျင် ကုန်ကျပြီး တောင်ခြေမှ ရသေ့တောင်သို့ တောင်တက်ကားခမှာ ရှေ့ခန်းတစ်ဦးလျှင် ကျပ်(၂)ထောင် နှင့် နောက်တန်း(၁၅၀၀) ကျသင့်မည်ဖြစ်သည်။ ရသေ့တောင်မှ ဆံတော်ရှင် စေတီမြတ်ကြီးထံသို့ ခြေလျှင် ခရီးဖြင့် ဘုရားဖူးသူ များပြားလေ့ ရှိကြောင်း ကိုလည်း တွေ့ရသည်။

ကျိုက်ထီးရိုးရာသီ ရောက်ပြီဖြစ်၍  အထူးသဖြင့် စနေ၊တနင်္ဂနွေရက်များဆိုလျှင် ဘုရားဖူးယာဉ်လိုင်းတစ်ခုလျှင် တစ်နေ့ ပျမ်းမျှ (၄)စီးဝန်းကျင် ကျိုက်ထီးရိုးသို့ ပို့ဆောင်နေရချိန်၊ ရင်ပြင်တော်ပေါ်၌ ဘုရားဖူး ဓမ္မမိတ်ဆွေများ စည်းကားသည့် ရက်များပင်။

ကျိုက်ထီးရိုး ဆံတော်ရှင်ကတော့ တန်ခိုးကြီး ဆဲဖြစ်သော်လည်း ဘုရားဖူးရသည်မှာ ယခင်နှစ်များကထက် ပို၍ စိတ်မသက်သာစရာ ကောင်းလာသည်ကို တွေ့ရသည်။ စေတီတော်မြတ်ကြီးအား အမှီအခိုပြု လုပ်ကိုင် စားသောက် နေကြသူများ၏ လိုချင်လောဘ စိတ်ကြောင့် စိတ်မသက်မသာ ဖြစ်ခဲ့ရသည့် ဘုရားဖူးများလည်း အများအပြား ရှိနေသည်။

ဘုရားစောင်းတန်း၌ ဆီထမင်းတစ်ပွဲ ကျပ်(၅၀၀)၊ ငါးကြော်တစ်ကောင် ကျပ်(၃၀၀)၊ ထမင်းတစ်ထုပ် ကျပ်(၂၀၀) မှ(၃၀၀)၊ရေနွေးတစ်ဗူး ကျပ်(၃၀၀)၊ မုန့်ဟင်းခါးတစ်ပွဲ (၇၀၀)၊ လက်ဖက်ရည် တစ်ခွက် ကျပ်(၃၀၀)၊ ထမင်း ဆီဆမ်း ကြက်ဥ(၁၀၀၀) စသည့် ဈေးနှုန်းများမှာ တောင်ပေါ်ဒေသ ဖြစ်သည့်အလျောက် ရေရှားပါး၍ လက်ခံနိုင် ဖွယ်ရှိသည့် နှုန်းထားများ ပင်။

ကျိုက်ထီးရိုးဘုရား စောင်းတန်းများ၌ ကုန်ပစ္စည်းများ အစားအသောက်ပစ္စည်းများ ဈေးနှုန်းမြင့်မားနေခြင်းကို ခွင့်လွှတ်ပေး၍ ရသော်လည်း ၀န်ဆောင်မှုလုပ်ငန်းများဖြစ်သည့် တည်းခိုဆောင်များ၊ဟိုတယ်များ၊ Gust House များ၏ ပိတ်ရက်များ၌ မတန်တဆ ဈေးတောင်းနေမှုများ၊ ဘုရားဖူးများအား မချေမငံဆက်ဆံမှု များကို မေ့ပစ်၍ ရမည်မထင်။

ကျိုက်ထီးရိုးစေတီတော်ဝင်းအတွင်းရှိ ဟိုတယ်ခန်းများ၌  အနည်းဆုံးကျပ် (၃၅၀၀၀) နှုန်းမှ အများဆုံး ကျပ် (၁၅၀၀၀၀)၀န်းကျင်အထိ ဈေးရှိပြီး မိုတယ်အဆင့် တည်းခိုဆောင်များ၌ (၂)ယောက်ခန်းတစ်ခန်းလျှင် ကျပ် (၄)သောင်းမှ (၆)သောင်းအထိ ရှိကာ တည်းခိုဆောင်အဆင့်၌ (၂)ယောက်ခန်း တစ်ခန်းလျှင် ကျပ်(၁၅၀၀၀)မှ ကျပ်(၆၀၀၀၀)၀န်းကျင်အထိ ဈေးခေါ်လေ့ရှိကြောင်း စုံစမ်းမှုများအရ သိရသည်။

ဘုရားပေါ်ရောက်လျှင်ရောက်ချင်း တည်းခိုနေထိုင်ရန်အတွက် ကျောတစ်ခင်းစာနေရာ ရှာဖွေရာ၌ နာမည်ကြီး တည်းခိုခန်းတစ်ခုက (၂)ယောက်ခန်း(ရိုးရိုးခန်း)တစ်ခန်းလျှင် ကျပ်(၄)သောင်းတောင်းသည်၊ မများဘူးလား ပြောဆို လျှော့ခိုင်းတော့  “မရပါဘူး”လို့ ၄င်းတည်းခိုဆောင် ၀န်ထမ်းက ငြင်းသည်။

ဈေးများတယ် မနေဘူးလို့ပြောတော့ ၄င်းက “မနေတာကို ကျေးဇူးတင်ပါတယ်”လို့ မချိုမချဉ်မျက်နှာပေးနှင့် ဆက်ပြောသည်။ ရင်ပြင်တော်ရှိ အခြားတည်းခို ဆောင်များ၊ မိုတယ်များသို့ ဆက်စုံစမ်းတော့လည်း ထူးမခြား နား (၂)ဆနှုန်းထားများပင် ။ ၄င်းဈေးနှုန်းနှင့် သာမာန်လူလတ်တန်းစားများအဖို့ ကျိုက်ထီးရိုးရင်ပြင်တော်ရှိ တည်းခိုဆောင်များ၊ မိုတယ်၊ ဟိုတယ်များ၌ နေထိုင်ရန် မဖြစ်နိုင်သည့် ဈေးနှုန်းများအား တောင်းဆိုနေကြခြင်း ဖြစ်သည်။

ကောင်းလိုက်သည့် ၀န်ဆောင်မှု ကြားရက်တစ်ဈေး၊ ပိတ်ရက်တစ်ဈေးဖြစ်နေသည့် တည်းခိုခန်းခများ၊ ပုံမှန် ရက်များ၌ အဆင့်မြင့် ဟိုတယ် (၂)ယောက်ခန်း သာမာန်တစ်ခန်းလျှင် ကျပ် (၂)သောင်းသာ ရှိသည်။

ကျိုက်ထီးရိုးရှိ တည်းခိုဆောင်ခများ ပိတ်ရက်များ၌ ဈေး(၂)ဆဖြစ်နေရသလဲ၊ ဂေါပကအဖွဲ့ကကရော ဒါတွေကို မကြီးကြပ်ဘူးလား စဉ်းစားမိသည်။

ကျိုက်ထီးရိုးဘုရားရင်ပြင်တော်ရှိ ကိစ္စအ၀၀အား ဘဏ္ဍာတော်ထိန်းဘုရားဂေါပကအဖွဲ့မှ အစစအရာရာ ထိန်းသိမ်း   စောင့်ရှောက်ခြင်းဖြစ်ပြီး  ဘုရားပေါ်သို့ မည့်သည့်နိုင်ငံရေးပါတီ၊ မည်သည့်လူမှုအရေးအဖွဲ့အစည်းမှ ၀င်ရောက် စွတ်ဖက်ခြင်း၊ ဖွဲ့စည်းခြင်း မရှိစေရေးအတွက် အသိပေးကြေညာချက်များ ထုတ်ပြန်ထားသည်။ လက်ရှိတွင် ဘုရားဖူးများ တည်းခိုနေ ထိုင်စားသောက်ရေး ကိစ္စများနှင့်ပတ်သက်၍ ၄င်းတို့မှ အစစအရာရာ တာဝန်ယူ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ကိုလည်း သိရသည်။

ဘုရားဝင်းအတွင်းရှိ တည်းခိုဆောင်၊မိုတယ်၊ ဟိုတယ်ဝန်ထမ်းများက လုပ်ချင်သလိုလုပ်၍ ဘုရားဖူးများကို မတန်သည့် ဈေးနှုန်းတောင်းဆိုနေခြင်း၊ မချေမငံဆက်ဆံမှုများ ပြုလုပ်နေခြင်းတို့ကို  ဘုရားဂေါပကအဖွဲ့ဝင် များအနေဖြင့် မသိ၍ပဲလား မျက်ကွယ်ပြုနေခြင်းလားတော့ အတိအကျမသိနိုင်ပေ။

“ဘုရားပေါ်က အခပေးတည်းခိုတဲ့နေရာတွေ အခုလို တစ်နေ့တစ်မျိုး ကြိုက်သလိုတောင်းနေတာ ဂေါပကအဖွဲ့ မသိလို့လား၊ သိရက်နဲ့ လွှတ်ထားတားလား၊ ရင်ပြင်မှာ ဈေးကွက်ယှဉ်ပြိုင်မှု မလုပ်နိုင်အောင် စီးပွားရေးသမား တွေက လက်ဝါးကြီးအုပ်ထားတာ လားတော့ မသိဘူး၊ ဂေါပကလည်း ပြောင်းရတော့မယ် ကြားတယ်၊ ”ဟု ရန်ကုန်မှ လာသည့် ဘုရားဖူးတစ်ဦးက ပြောသည်။

လက်ရှိအချိန်တွင် ရောင်တော်ဖွင့်ပွဲတွင် ရွေသင်္ကန်းဆပ်ကပ်လှူဒါန်းနိုင်ရန်အတွက် ဘုရားဖူးများအနေဖြင့် ကြိုတင်ပြင်ဆင် မှုများ ပြုလုပ်နေသလို ဘုရာမှ တာဝန်ရှိသူများကလည်း (၇)ရက်သားသမီးများအတွက် ရွေဆိုင်းတစ်ဆိုင်းလျှင် ကျပ်(၁၇၀၀) နှုန်းဖြင့် ရောင်းချပေးနေကြောင်းကိုလည်း သိရသည်။

ဘုရားရင်ပြင်တော်၌ အာရုံဆွမ်းကပ်လှူသည့် ဆွမ်းပွဲတစ်ပွဲလျှင် ကျပ် (၁၅၀၀)မှ ကျပ်(၅၀၀၀) ကျော်အထိ   ဈေးရှိ၍၊  ခေါင်းလောင်းတစ်လုံးလျှင် အရွယ်အစားပေါ်လိုက်၍ ကျပ် (၂၅၀၀)မှ ကျပ်(၁)သောင်းဝန်းကျင် အထိရှိပြီး ရုပ်ပွားတော်များဆပ်ကပ်လောင်းလှူရန် ရေတစ်ပုံးလျှင် ကျပ်(၁၀၀၀)ဈေးရှိကြောင်း သိရသည်။

လျှပ်စစ်မီးပူဇော်လိုသူများအနေဖြင့် ဆိုဒီယမ်စလိုက်မီးကြီးတစ်လုံးအား တစ်ညတာအတွက် ကျပ် (၂၁၀၀၀)၊ တစ်နာရီကျပ်(၃၀၀၀)၊ မီးခုံတစ်ခုံအတွက် ကျပ်(၁၁၀၀၀)၊မီးချောင်းတစ်စုံအတွက် ကျပ်(၅၀၀၀) ဂြိုဟ်ခွင် တစ်ခွင် မီးတစ်ပွင့်အတွက် ကျပ်(၉၀၀၀)နှုန်းထားများဖြင့် လှူဒါန်းနိုင်ကြောင်း သိရသည်။

ကျိုက်ထီးရိုးဘုရားသို့ ယခုနှစ်တွင် ပြည်တွင်းဘုရားဖူးလာရောက်များပြားနေသကဲ့သို့ ပြည်ပမှ နိုင်ငံခြားသား ဘုရားဖူးများမှာလည်း တစ်နေ့လျှင် ရာချီ၍ ၀င်ရောက်နေကြောင်းကိုလည်း တွေ့ရသည်။

လာမည့်ဒီဇင်ဘာလ၌ (၃)နှစ်တစ်ကြိမ်ကျင်းပမြဲဖြစ်သည့် ကျိုက်ထီးရိုးစေတီ ရောင်တော်ဖွင့်ပွဲ ကျင်းပတော့မည် ဖြစ်၍ ယခု နိုဝင်ဘာလထက် လူပိုစည်ကားတော့မည်။ ရောင်တော်ဖွင့်ပွဲ မတိုင်မီ ဘုရားဂေါပကအဖွဲ့ အပြောင်း အလဲ ပြုလုပ်မည်ဟု အုပ်ချုပ်ရေးပိုင်းမှ တာဝန်ရှိသူတစ်ဦးထံက သိရသည်။

“ဒီဇင်ဘာမှာ ရောင်တော်ဖွင့်ပွဲရှိတယ်၊ အဲ့ဒီမတိုင်မီ ဂေါပက အဖွဲ့ အပြောင်းအလဲ လုပ်လိမ့်မယ်”ဟု ရင်ပြင် တော်အုပ်ချုပ်ရေးတာဝန်ရှိသူတစ်ဦးက ဆိုသည်။

ကျိုက်ထီးရိုးစေတီတော် ရောင်တော်ဖွင့်မည့်ရက်အား သတင်းစာနှင့် ဂျာနယ်များတွင်ကြေညာမည်ဖြစ်ကြောင်း သိရသည်။

အသစ်တက်လာမည့် ကျိုက်ထီးရိုးဘုရားဂေါပက လက်ထက်တွင် ယခုကဲ့သို့ တည်းခိုခန်းဈေး(၂)ဆနှင့် အထက်တောင်းဆိုမှုများ၊ တည်းခိုဆောင် ၀န်ထမ်းများ၏မချေမငံဆက်ဆံမှုများ ကွယ်ပျောက်သွားပါစေဟူ၍သာ အများနှင့်ဆိုင်သည့် ကျိုက်ထီးရိုးဆံတော် ရှင်ထံ ဆုချွေရင်း တောင်ပေါ်မှ ဆင်းခဲ့သည်။

မြစ်မခ
by Myit Makha Mediagroup 
ကျိုက်ထီးရိုးဆံတော်ရှင်မှာ ချွေသည့်ဆု ကျိုက်ထီးရိုးဆံတော်ရှင်မှာ ချွေသည့်ဆု Reviewed by သစ်ထူးလွင် on 13:40 Rating: 5

6 comments:

khin maung thant said...

ကျိုက်ထီးရိုး တောင်ခြေမှအထက်သို့ တောင်တက်ကားခက နောက်ခန်းမှာအမြဲ ၃၀၀၀- ၃၅၀၀- ပေးရတယ်၊ ၁၅၀၀ဆိုတာ ယုံတမ်းစကားပဲ၊ ရှေ့ခန်း ၂၀၀၀- ဆိုတာ လုံးဝမဖြစ်နိုင်ဘူး။

Anonymous said...

၂၀၁၀ ဒီ ဇင် ဘာ လ သွား တုန်း က လူ တွေ အ ရမ်း များ နေ ရင် နေ စ ရာ မ ရ မှာ စိုး လို့ ၁၀ လ ပိုင်း က တည်း က ဆောက် လုပ် ရေး ရိပ် သာ ကို ရိုး ရိုး လေး ဖုန်း က တစ် ဆင့် ခ ဏ တိုင်း ချန် ထား ဘို့ ပြော တာ ချန် ထား မယ် ပြော တာ ယုံ လို့ သွား တာ ဘာ မှ မ ချန် ထား တဲ့ အ ပြင် အ ပေါ် ထပ် လှေ ကား နား က နေ ရာ ကို ၈ သောင်း တောင်း တာ ဈေး ဆစ် လို့ ဆို ပြီး အဲ့ ဒီ အ စောင့် ကောင် လေး ရဲ့ မိန်း မ က ဒေါင့် မြင့် ဖိ နပ် ကို အ သံ အ ကျယ် ကြီး မြည် အောင် စီး ပြိး ဒုန်း ဒုန်း နဲ့ လုပ် သူ တို့ က vib နေ အ ခန်း နေ တာ ဆို တော့ တက် လိုက် ဆင်း လိုက် နဲ့ မော က မော ပင် ပန်း နေ တာ ရှယ် က လေး က ငယ် အ ဖေ က အ သက် ကြီး ပြိ ဆို တော့ အား နာ သူ ကို ဒေါ သ ထွက် ဘု ရား တောင် ကောင်း ကောင်း မ ရှိ ခိုး ခဲ့ ရ ဘူး သူ တို့ ပ ညာ ပြ လို က် တာ နှစ် တိုင်း လိုက် မ ပို့ ရင် ငို တဲ့ သား တောင် သွားြေ ကာင်း မ ပြော တာ ဒီ နှစ် အ ထိ
အား လုံး စိတ် ချမ်း မြေ့ ကြည် နှုး စွာ ဘု ရား ဖူး ပြိး လတ် ဆပ် တဲ့ လေ တ ဝ ကြီး ရှု နိုင် ကြ ပါ စေ

Unknown said...

ဟုတ်တရ်ဗျာ ကျွန်တော်တို့လဲပြန်လာတာ ကြာသေးဘူးဗျ တည်းခိုဖို့ တော်တော်ရှာယူရတရ်ဗျ ကျပ် ၂၀၀၀၀ တန် အခန်းဆို ကျဉ်းကျဉ်းလေး နှစ်ယောက်က လှည့်အိပ်လို့တောင်မရဘူး အဲ့အခန်းတွေက ပိတ်ရက်တွေဆို ထိုးတက်သွားတာဗျ
နောက်တော့လဲ ကျွန်တော်တို့က ခြေလျင်သွားတာဗျ တောလမ်းက အအေးဆိုင် တစ်ဆိုင်ရောက်တော့ အအေးသောက်တာ အန်တီ အဆင်ပြေလား ဘာလားပေါ့ မိတ်ဆက်မိတရ်ဗျ နောက်တော့ စကားပြောဖြစ်ပြီး ဒီမှာရော ဆိုင်ခန်းခ ပေးရလားလို့မေးကြည့်မိတရ်ဗျ
သူက ပေးရတရ်တဲ့ နောက်တော့ ဘာပြောလဲဆိုတော့ ဂေါပက လူကြီးက လောဘ ကြီးတရ်လို့တော့ ကြားခဲ့တရ်ဗျ အပေါ်က လူကြီးမင်း ပြောခဲ့တဲ့ အထဲမှာ ဂေါပက ပြောင်းဖို့ ပါတာတွေ့တော့ ကောင်းပါတရ်လို့ ပြောချင်ပါတရ်ဗျ ဘာလို့လဲဆိုတော့
မရှိဆင်းရဲသားတွေဆီကပါ ခေါင်းပုံဖြတ်တဲ့ ပုံစံမျိုးကြားခဲ့လို့ပါပဲ

nnz said...

ဂေါပက အဖွဲ့တွေ ထပ်ပြီးထိန်းသိမ်းရမှာတစ်ခုကျန်နေသေးတယ်ခင်ဗျ.. အဲ့ဒါကတော့ အလှူခံတွေပါ .. ကျောက်ထပ်ကြီး .. ရေတံခွန်ဆင်းတဲ့လမ်းတစ်လျှောက်မှာရှိနေကြတဲ့ အလှူခံဌာနများမှာ အလှူခံနေကြသူများမှာ အလှူရှင်မှ လှူချင်မှန်းမသိ မလှူချင်မှန်းမသိ အတင်းအဓမ္မ အလှူခံနေတာတွေကိုလည်း ကြုံခဲ့ရပါတယ် .. မြန်မာလူမျိုးတွေက တစ်ကျပ်ရှိရင် နှစ်ကျပ်လှူချင်ကြတဲ့သူတွေ များပါတယ် .. ကိုယ်တက်နိုင်တဲ့အတိုင်းအတာ လောက်တော့ လှူတန်းကြပါတယ် .. အဲ့ဒါကို ဘာကို လှူပါ ညာကို လှူပါ အဲ့ဒီလို အလှူခံတာမျိုးကတော့ အလှူခံတာနဲ့မတူတော့ပါဘူး ... အဲ့ဒါမျိုးဆိုရင် တော့ သဒ္ဒါ ပျက်ကြရပါတယ် .. တစ်ချို့အလှူခံဌာနတွေဆို မချေမငံတောင်ပြန်ပြောတာခံရတယ်လို့ ကြားရပါတယ် .. အလှူခံတာလား အေးဓါးပြတိုက်တာလားဆိုတာတောင် ဝေခွဲမရတော့လောက်အောင်ပါဘဲ ... သာသနာတော်အတွက် အလုပ်လုပ်ကြတယ်ဆိုရင်လည်း သာသနာတော်အတွက် သန့်သန့်ရှင်းရှင်း အလှူငွေတွေကို ရှာဖွေစေချင်ပါတယ် ... ဟုတ်မဟုတ်မသိပေမယ့် အဲ့ဒီအလှူခံဌာနတွေဟာ ဂေါပက အဖွဲဆီမှာ တစ်နှစ်စာ လေလံ ယူပြီး အလှူခံကြတယ်လို့လည်း ကြားရပါတယ် .. အဲ့ဒါကြောင့်များ စီးပွားရေးဆန်ဆန် လုပ်နေကြတာများလားလို့လဲ သံသယ ဖြစ်မိပါတယ် .. ကျေးဇူးပြုပြီး အဲ့ဒီ အကြောင်းလေးကိုလဲ အများသံသယရှင်းအောင် မေးမြန်းပေးစေချင်ပါတယ်ခင်ဗျာ ... ကျေးဇူးတင်ပါတယ်ခင်ဗျာ ..

Corporate Politics said...

"ကောင်းလိုက်သည့် ၀န်ဆောင်မှု ကြားရက်တစ်ဈေး၊ ပိတ်ရက်တစ်ဈေးဖြစ်နေသည့် တည်းခိုခန်းခများ၊ ပုံမှန် ရက်များ၌ အဆင့်မြင့် ဟိုတယ် (၂)ယောက်ခန်း သာမာန်တစ်ခန်းလျှင် ကျပ် (၂)သောင်းသာ ရှိသည်။" If you have traveled around the world, you would never complain as you wrote in the article.

phyo wai aung said...

ဟုတ်ပါတယ်....... နောက်ပြီး အလှူခံတွေလည်း နည်းနည်းဆိုးပါတယ်.. အတင်းအဓမ္မ လှူခိုင်းပါတယ်....

Powered by Blogger.