ဗိုလ်တထောင် ဆိပ်ကမ်း ပြုပြင် တည်ဆောက်မှုအား ၁ နှစ်ခွဲကျော် ကာလ အတွင်း အပြီး ဆောင်ရွက် သွားရမည်

ရန်ကုန် ဆိပ်ကမ်းများ ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းနဲ့ ပတ်သက်ပြီး လုပ်ငန်း ၄ ခုကို လုပ်ဆောင်ဖို့ အတွက် ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံ သူများကို သက်ဆိုင်ရာမှာ ဖိတ်ခေါ် ထားပါတယ်။ အဆိုပါ ဖိတ်ခေါ်မှုတွေ ထဲမှ ဗိုလ်တထောင် ဆိပ်ကမ်း ပြုပြင်တည်ဆောက်ဖို့ အတွက် ကိုတော့ တင်ဒါ ရရှိတဲ့ ကုမ္ပဏီ အနေနဲ့ လုပ်ငန်း လုပ်ဆောင်ရန် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် MICကို တင်ပြပြီးတာနဲ့ ၁ နှစ် ၈ လ အတွင်းမှာ လုပ်ငန်းများကို အပြီး ဆောက်လုပ် ရမှာ ဖြစ်တယ်လို့ နိုဝင်ဘာလ ၅ ရက်နေ့က မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှာ ပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲမှ သိရပါတယ်။

ယခု လက်ရှိမှာ အဆိုပါ ဗိုလ်တထောင် ဆိပ်ကမ်းကို Pearl Land Co.,Ltd မှ တင်ဒါရရှိခဲ့တာ ဖြစ်ပါတယ်။ ယခုလက်ရှိမှာ အဆိုပါ ကုမ္ပဏီနဲ မြန်မာဆိပ်ကမ်း အာဏာပိုင်တို့ အကြား ချုပ်ဆိုမယ့် စာချုပ် မူကြမ်းကို ပြုစုလျက် ရှိတယ်လို့ သိရပါတယ်။ ဗိုလ်တထောင် ဆိပ်ကမ်းကို တင်ဒါရရှိတဲ့ ကုမ္ပဏီကို မြေဌားရမ်း လုပ်ငန်း လုပ်ကိုင်ခွင့် ကာလ ၁၅ နှစ် ခွင့်ပြုပေး ထားပြီး လုပ်ငန်း ဆောင်ရွက်နိုင်ဖို့ အတွက်လည်း ပို့ဆောင်ရေး ၀န်ကြီးဌာန၊ စီမံခန့်ခွဲရေး ကော်မတီကို တင်ပြခဲ့ တယ်လို့ သိရပါတယ်။

ဗိုလ်တထောင် ဆိပ်ကမ်းကို ပြုပြင် တည်ဆောက် ရာမှာ ကမ်းပါးထိန်း ရေကာ တံတိုင်းကို မြစ်ဘက်သို့ ပေ ၁၀၀ ခန့်တိုးချဲ့ တည်ဆောက်ခြင်း၊ မြေဖို့ခြင်းနဲ့ ၎င်းမြေပေါ်မှာ အပန်းဖြေ အနားယူ နိုင်ရေး နေရာများ၊ အဆောက်အဦး များနဲ့ ဆိုင်ခန်းများ တည်ဆောက်ခြင်း လုပ်ငန်း များကို ဆောင်ရွက် ရမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ဆူးလေ ဆိပ်ခံ တံတား အမှတ် ၁၊ ၂ ၊ ၃၊ ၄ တို့ကို အဆင့်မြှင့် ပြုပြင် တည်ဆောက်ရာမှာ တင်ဒါရရှိတဲ့ ကုမ္ပဏီ အနေနဲ့ MIC ကိုတင်ပြီး ၃ နှစ်အတွင်း လုပ်ငန်းများကို ပြီးစီးအောင် ဆောင်ရွက် ရမှာ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။

MRTV - 4

ဗိုလ်တထောင် ဆိပ်ကမ်း ပြုပြင် တည်ဆောက်မှုအား ၁ နှစ်ခွဲကျော် ကာလ အတွင်း အပြီး ဆောင်ရွက် သွားရမည် ဗိုလ်တထောင် ဆိပ်ကမ်း ပြုပြင် တည်ဆောက်မှုအား ၁ နှစ်ခွဲကျော် ကာလ အတွင်း အပြီး ဆောင်ရွက် သွားရမည် Reviewed by သစ်ထူးလွင် on 05:28 Rating: 5

No comments:

Powered by Blogger.