ဒေါ်အောင်ဆန်းစုကြည် မုံရွာမြို့ တွင် နိုဝင်ဘာလ ၃၀ ရက်နေ့ နံနက် ၈နာရီခွဲအချိန်က ပြောကြားခဲ့သော မိန့်ခွန်းအပြည့်အစုံ

ဓါတ်ပုံ - Eleven Media Group
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် မုံရွာမြို့ အုန်းခြံ ရပ်ကွက်၊ ဇက်ဆိပ် သောင်ပြင်တွင် နိုဝင်ဘာလ ၃၀ ရက်နေ့ နံနက် ၈နာရီခွဲ အချိန်က ဒေသခံ ပြည်သူလူထုအား မိန့်ခွန်း ပြောကြား ခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ ၂၉ ရက်နေ့ ညနေပိုင်းကလည်း ဆားလင်းကြီးမြို့နယ်၊ ကံကုန်းကျေးရွာတွင် မိန့်ခွန်းပြောကြားရာ၌ လက်ပံတောင်းတောင် အရေးနှင့်ပတ်သတ်၍ အနည်းငယ်သာ ပါဝင်ခဲ့ပြီး နိုဝင်ဘာလ ၃၀ ရက်နေ့ နံနက်က ပြောကြားခဲ့သော မိန့်ခွန်းတွင် လက်ပံတောင်းတောင် အရေးအား အဓိကထား ပြောကြားခဲ့ကြောင်းလည်း သိရသည်။

မိန့်ခွန်းအပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

တစ်ဖက်တည်း ကိုယ်လိုချင်တာချည်း တောင်းလို့မဖြစ်ဘူး။ ကျွန်မတို့နိုင်ငံအတွက် အကောင်းဆုံးအဖြေကို အားလုံးကနေ အတူတူရှာရမယ်။ အဖြေတစ်ခုရှာတယ်ဆိုတာဟာ အပေးအယူ လုပ်တတ်ရမယ်။ အလျော့အတင်း လုပ်တတ်ရမယ်။ ကျွန်မအမြဲပြောတယ်။ လောကကြီးက အနတ္တလောကပဲ အနတ္တဆိုတာ  ကိုယ်စိုးမိုးလို့ ရတာမဟုတ်ဘူး။ ကိုယ်ဖြစ်ချင်တိုင်း ဘာမှ ၁၀၀ ရာခိုင်နှုန်း ဖြစ်လို့မရဘူး။ ငါဖြစ်ချင်တိုင်း ၁၀၀ ရာခိုင်နှုန်းဖြစ်မယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ သွားလို့တော့ ကျွန်မတို့က ဒီမိုကရေစီနိုင်ငံကိုတော့ ကောင်းကောင်းထူထောင်လို့ ရမှာမဟုတ်ပါဘူး။

ကျွန်မပွင့်ပွင့်လင်းလင်း ပြောမှာနော်။ ကျွန်မပြည်သူတွေအကြိုက်ကို လိုက်မပြောဘူး။ ပြည်သူတွေအကြိုက်ကို လိုက်ပြောတဲ့သူလည်း ပြည်သူတွေကို စေတနာရှိလို့ မဟုတ်ဘူး။ ပြည်သူတွေကို အသုံးချချင်တဲ့သူပဲ။

ကျွန်မဒီကိုလာတဲ့ကိစ္စက လက်ပံတောင်းတောင်ကိစ္စနဲ့ လာတာပဲ။ ဘာလဲဆိုတော့ ကျွန်မတို့နိုင်ငံမှာ ဒီလို လိပ်ခဲတည်းလည်းနဲ့ ပြဿနာတစ်ခု ဖြစ်နေတယ်ဆိုတာ မသင့်တော်ဘူး။ နောက်ပြီးတော့ ဖြစ်နေတဲ့ ကိစ္စတွေမှာ အိမ်နီးချင်းနိုင်ငံတစ်ခုကလည်း ပါနေတယ်။ တရုတ်နိုင်ငံပေါ့။ အားလုံးခေါင်းထဲမှာ ထားရမှာက ကျွန်မတို့နိုင်ငံဟာ ဒီမိုကရေစီနိုင်ငံအဖြစ်နဲ့ ထူထောင်မယ်ဆိုရင် ကျွန်မတို့ဟာ ဒီမိုကရေစီနိုင်ငံတစ်ခုရဲ့ သိက္ခာနဲ့ ကိုက်ညီအောင် နေနိုင်ရမယ်။ အဲဒီဟာမှာ ဘာပါလဲဆိုတော့ နိုင်ငံတကာရဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့ ကိုက်ညီအောင်လို့ နေနိုင်ရမယ်။ ကျွန်မတို့ နိုင်ငံရဲ့ ပြဿနာက နှစ်ပေါင်း ၅၀ လောက် အာဏာရှင်လက်အောက်မှာ နေခဲ့ရတယ်။  နှစ်ပေါင်း ၅၀ လောက် အာဏာရှင်လက်အောက်မှာ နေခဲ့တဲ့အချိန်မှာ လုပ်ပုံလုပ်နည်းတွေဟာ ပြည်သူရဲ့ဆန္ဒမပါတဲ့ လုပ်ပုံလုပ်နည်းတွေ ဖြစ်နေတယ်။ ပွင့်လင်းမြင်သာမှုဆိုတာလည်း မရှိခဲ့ဘူး။ ပြည်သူတွေရဲ့ဆန္ဒကို ထည့်ပြီးတွက်တယ်ဆိုတာလည်း မရှိခဲ့ဘူး။ အဲဒီတုန်းက လုပ်ခဲ့တဲ့ အကျိုးဆက်တွေကို ကျွန်မတို့ ဆက်ပြိးတော့ ခံစားနေရတယ်။ ဒီလို ခံစားနေရတဲ့နေရာမှာ နှစ်ဖက် စဉ်းစားရမယ်။ အရင်တုန်းက ပြည်သူရဲ့ဆန္ဒမပါဘဲနဲ့ အာဏာရှင်နည်းနဲ့ လုပ်ခဲ့တဲ့ ကိစ္စတွေရဲ့ အကျိုးဆက်တွေကို ခံစားတဲ့နေရာမှာ ဘယ်လောက်ထိ တာဝန်ရှိတယ် မရှိဘူးဆိုတာကို စဉ်းစားရမယ်။ အရေးကြီးဆုံးကိစ္စတစ်ခုက တာဝန်ပဲ။ ကျွန်မကတော့ တာဝန်ရှိမှုကို အင်မတန်မှ လေးစားပါတယ်။ ကျွန်မတို့အားလုံးဟာ ဒီလိုစိတ်ဓာတ်ရှိရမယ်။ ဘ၀ရဲ့ဆုံးခန်းမှာ ငါဟာ တာဝန်တွေအားလုံး ကျေခဲ့ပြီ။ တတ်နိုင်သလောက် ကျေခဲ့ပြီပေါ့။ ၁၀၀ ရာခိုင်နှုန်းလည်း ကျေချင်မှကျေနိုင်မှာ။ တစ်ခါတလေမှာ တာဝန်ဆိုတာဟာ ဟိုဘက်ကတာဝန်၊ ဒီဘက်ကတာဝန် ကိုယ် ပိုပြီးအလေးထားရမယ်ဆိုတဲ့ တာဝန်ကို လုပ်ရတယ်။ တာဝန်တွေအားလုံး ကျေတယ်ဆိုတာကတော့ ဖြစ်ချင်မှဖြစ်နိုင်မယ်။ ဒါပေမယ့် အဓိကယူထားတဲ့ တာဝန်တွေတော့ ကျေတယ်ဆိုတာ ဖြစ်စေချင်တယ်။ ကျွန်မတို့နိုင်ငံက ကိုယ့်နိုင်ငံသားတွေ အားလုံးတာဝန်ရှိတယ်ဆိုတာ လက်ခံထားရမယ်။ ဒီတော့ အာဏာရှင်စနစ်အောက်က ကတိက၀တ်ပြုခဲ့တဲ့ ဟာတွေကို ကျွန်မတို့အခုခေတ်မှာ တည်ဖို့လိုလား အလေးထားဖို့လိုလားဆိုတာကို မေးရမယ်။ အဲဒီလိုမေးတဲ့အခါမှာ နိုင်ငံတကာမှာ ကျွန်မတို့နိုင်ငံရဲ့ အနေအထားကိုလည်း ပြန်ပြီးတော့ကြည့်ရမယ်။ နိုင်ငံတကာရဲ့ လုပ်ထုံးလုပ်နည်းအရဆိုရင် နိုင်ငံနှစ်နိုင်ငံ ကြားထဲမှာ ယူထားတဲ့ သဘောတူညီချက်တွေကို လေးစားရတယ်။ လိုက်နာရတယ်။ ပြည်သူတွေရဲ့ စိတ်ဓာတ်ဆန္ဒမပါဘဲနဲ့ ယူထားတဲ့ သဘောတူညီချက်တွေကို အဲဒါဟာ တစ်ချို့ဟာတွေက လေးစားရမှာပဲ လိုက်နာရမှာပဲ။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံရဲ့မျက်နှာနဲ့။ ကျွန်မတို့ရဲ့ အနေအထားက ဒီလိုပါပဲ။ ဆုံးဖြတ်တဲ့ နေရာမှာ ငါမပေးခဲ့တဲ့ ကတိက၀တ်တွေမို့လို့ ငါလုံးဝ မလေးစားဘူးဆိုပြီး လုပ်လို့လည်းမရဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ဟိုဘက်ဒီဘက်ဆိုတာ ရှိတယ်။ ကိုယ့်ဘက်ကိုချည်း ကြည့်လို့မရဘူး။ လက်ပံတောင်းတောင်နဲ့ ပတ်သက်တဲ့ကိစ္စနဲ့ ပတ်သတ်လို့ရှိရင် ကျွန်မတို့နိုင်ငံနဲ့ တရုတ်နိုင်ငံက္ပကုမ္ပဏီနဲ့ ဘယ်လိုသဘော တူညီချက်တွေလုပ်ခဲ့လဲဆိုတာ ပြည်သူတွေအနေနဲ့ သိရမယ်လို့ ကျွန်မယုံကြည်တယ်။ သိပိုင်ခွင့်ရှိတဲ့ အပေါ်မှာ အခြေခံပြီးတော့ ညှိနှိုင်းပြီးတော့ ဆွေးနွေးတိုင်ပင်ရမယ်။ အခုဟာက ဒီမှာ လက်ပံတောင်းတောင်ပတ်ဝန်းကျင် ပျက်စီးသွားတယ်ဆိုတာ ဘယ်သူမှ ငြင်းလို့မရဘူး။ ဒါပေမယ့် ဒီကိစ္စတွေ စတာကတော့ အခု ၂၀၁၀ မှ စတာ မဟုတ်ပါဘူး။ ကြေးနီစီမံကိန်းကို စပြီးလုပ်တာက ၁၉၈၄ ခုနှစ်က မဆလ အစိုးရခေတ်မှာ စတယ်လို့ နားလည်ပါတယ်။ နောက်ပိုင်းမှာ အိုင်ဗင်ဟိုး ကုမ္ပဏီက ၉၂ ခုနှစ်မှာ ၀င်လာတယ်။ နောက်ပိုင်း ၂၀၁၀ ကျမှ လက်ရှ္ပိကုမ္ပဏီက ၀င်လာတယ်။ အဲတော့္ပကုမ္ပဏီ အဆက်ဆက် မြန်မာနိုင်ငံက လုပ်ငန်းမှာ ပါဝင်ခဲ့တာ အခုမှဖြစ်တာ မဟုတ်ဘူး။ ဒေသခံတွေအနေနဲ့လည်း နည်းနည်းနဲ့ ကြေးနီတွေကို တူးတဲ့လုပ်ငန်းတွေကို လုပ်နေတာလည်း တော်တော်ကြာပါပြီ။ ဒါလည်း အများအသိပဲဖြစ်ပါတယ်။ အရင်တုန်းက ကျွန်မတို့နိုင်ငံသာမက တစ်ကမ္ဘာလုံးမှာ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ပတ်သက်လို့ အင်မတန်မှ နည်းပါတယ်။ အလေးထားတာလည်း မရှိခဲ့ပါဘူး။ အဲတော့ ကျွန်မတို့ပတ်ဝန်းကျင် ပျက်စီးလာတာဟာ အခုမှ မဟုတ်ပါဘူး နည်းနည်းနှစ်နဲ့ကြာပြီဆိုတာ အားလုံးသိပြီးဖြစ်တယ်လို့ ထင်ပါတယ်။ အဲဒါ ဟုတ်တယ်မဟုတ်လား (ဟုတ်ပါတယ်)။ ကျွန်မပြောချင်တာက တာဝန်ယူစိတ်ရှိရမယ်။ ပြသနာတစ်ခု ဖြစ်လို့ရှိရင် တစ်ဖက်ကိုပဲ အားလုံးပုံချတဲ့စိတ်ဓာတ်နဲ့ လုပ်လို့မဖြစ်ပါဘူး။ ကိုယ့်တာဝန် ကိုယ်ယူနိုင်တဲ့ စိတ်ဓာတ်ရှိရမယ်။ အဲဒါဟာ လူတစ်ယောက်ရဲ့သိက္ခာ ၊ မာနလို့လည်း ပြောလို့ရတယ်။ အဲဒါဟာ နိုင်ငံတစ်ခုရဲ့ သိက္ခာ၊ နိုင်ငံတစ်ခုရဲ့ မာနလို့လည်း ပြောလို့ရတယ်။ ဒါဟာ ထားသင့်တဲ့ မာနတစ်ခုပါ။ အခုချိန်မှာ ဖြစ်နေတာတော့ နောက်ဆုံးမှာလာပြီးတော့ တာဝန်ယူတဲ့္ပကုမ္ပဏီနဲ့ ဖြစ်တာပေါ့နော်။ အရင်တုန်းက္ပကုမ္ပဏီတို့၊ မဆလခေတ်တုန်းက လုပ်ခဲ့တဲ့ကိစ္စတွေကို ကျွန်မတို့ လုံးဝလျစ်လျူရှု ထားလို့ မရဘူး။ တစ်ဖက်သတ်ကြည့်လို့ မရဘူး။ ကျွန်မက ပွင့်ပွင့်လင်းလင်း ပြောပါမယ်။ ဒါကိုပြည်သူက ကြိုက်ချင်ရင်လည်း ကြိုက်မယ်။ မကြိုက်ချင်လည်း မကြိုက်ဘူး။ ကျွန်မအမြင်အတိုင်း အမှန်အတိုင်းပဲပြောမယ်။ ပြည်သူကို လှည့်ဖြားပြီး ပေါ်ပြူလာဖြစ်အောင် မစည်းရုံးဘူး။ ကျွန်မတို့ရဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့ အဆင်ပြေအောင် နေတတ်ရမယ်။ အိမ်နီးချင်းနိုင်ငံဆိုတာ တရုတ်နိုင်ငံတစ်ခုတည်းပြောတာ မဟုတ်ဘူး။ အိန္ဒိယရှိတယ်။ ထိုင်းနိုင်ငံရှိတယ်။ ဘင်္ဂလားဒေ့ရှ်ရှိတယ်။ လာအိုရှိတယ်။ ကျွန်မတို့ အိမ်နီးချင်းနိုင်ငံတွေအားလုံးနဲ့ အဆင်ပြေအောင် နေတတ်ရမယ်။ အဲဒါဟာ နိုင်ငံကြီးတစ်ခုရဲ့ တာဝန်ပဲ။ နိုင်ငံကြီးတစ်ခုရဲ့ သိက္ခာပဲ။ အဆင်မပြေတဲ့ကိစ္စတွေရှိရင် ညိနှိုင်းတိုင်ပင် ဖြေရှင်းရမယ်။ အဲလိုလုပ်မှ ကမ္ဘာ့အလယ်မှာ တင့်တင့်တယ်တယ်နဲ့ နေနိုင်မယ်။ နောက်တစ်ခုပြောမယ်နော်။ အိမ်နီးချင်းနိုင်ငံတွေနဲ့ မတည့်လို့ ရွှေ့ပြောင်းပြီး နေလို့မရဘူး။ ဒါဟာ လုံးဝဖြစ်နိင်တဲ့ ကိစ္စမဟုတ်ဘူး။ အဲဒါကတော့ ဘယ်လိုမှ ငြင်းလို့မရဘူး။ ဒီပြသနာကို ဖြေရှင်းတဲ့နေရာမှာ ကျွန်မတို့ ပြည်သူပြည်သားတွေ မနစ်နာအောင်လည်း ဖြေရှင်းရမယ်။ ကျွန်မတို့ရဲ့ နိုင်ငံအနေနဲ့ အိမ်နီးချင်း နိုင်ငံတွေနဲ့ ဆက်ဆံရေးမှာ ဂုဏ်သိက္ခာရှိရှိ လုပ်နိုင်တယ်ဆိုတာလည်း ကျွန်မတို့ သေသေချာချာ သတ်မှတ်သွားရမယ်။ အိမ်နီးချင်းနိုင်ငံတွေနဲ့ မတည့်လို့ ရွေ့ပြောင်းသွားလို့ မရပါဘူး။ ပွင့်ပွင့်လင်းလင်း ပြောရရင် လင်မယားချင်းမတည့်တာကမှ ကွာရှင်းလို့ ရသေးတယ်။ အိမ်နီးချင်းနိုင်ငံတွေ မတည့်လို့ ဘယ်လိုမှ ပြောင်းလို့မရပါဘူး။ လက်တွေ့ကျကျ ကြည့်ရမယ်။ အဖြစ်ကို အဖြစ်အတိုင်း ရင်ဆိုင်ရမယ်။ ဒီကိစ္စကို ဖြေရှင်းတဲ့နေရာမှာ အစတုန်းက ဘယ်လိုသဘောတူညီချက်တွေ လုပ်ခဲ့လည်းဆိုတာကတော့ အများပြည်သူမှာ သိပိုင်ခွင့်ရှိတယ်ဆိုတဲ့ အချက်ကိုတော့ ခိုင်ခိုင်မာမာ ကိုင်သွားချင်တယ်။ ဒါဟာ ဖြစ်သင့်ဖြစ်ထိုက်တဲ့ ကိစ္စပဲ။ အဲတော့ ဒီသဘောတူညီချက်ပေါ်မှာ အခြေခံပြီးတော့ မျှတသလား၊ မမျှတဘူးလား၊ နှစ်ဦးနှစ်ဖက်စလုံးကနေ လက်ခံနိုင်အောင်လို့ ဘယ်လိုအပေးအယူလုပ်မလဲ ဆိုတာကို စဉ်းစားရမယ်။ မနေ့က ကုမ္ပဏီကအကြီးအကဲတွေနဲ့ သွားတွေ့ပါတယ်။ သူတို့ပြောတာတွေကိုလည်း ကျွန်မနားထောင်ခဲ့တယ်။ အလုပ်တစ်ခုလုပ်တယ်ဆိုရင် ဟိုဖက်ဒီဖက်ကို နားထောင်ရမယ်။ တစ်ဖက်ထဲကို နားထောင်လို့မဖြစ်ဘူး။ ကိုယ်ကြိုက်တဲ့ဘက်ကိုပဲ နားထောင်လို့မဖြစ်ဘူး။ ဒါကြောင့် ကျွန်မတရားဟောတာကိုပဲ လာနားထောင်မနေနဲ့၊ တခြားပါတီတွေ ဟောတာကိုလည်း သွားပြီးနားထောင်လိုက်ဦး။ အဲ့တာမှ ဟိုဘက်ဒီဘက် ချင့်ချိန်လို့ရအောင်။ ဟိုဖက်ဒီဖက်နားထောင်မှ အဖြေရှာနိုင်မှာပါ။ လက်ပံတောင်းတောင်နဲ့ ပတ်သက်တဲ့ အဓိကကျတဲ့ ရွာလေးရွာနဲ့ ဒီနေ့မှ ဆွေးနွေးဖြစ်မှာ။ ဒီလိုဆွေးနွေးတဲ့ အခါမှာ ဟိုဘက်ဒီဘက်အမြင်ကို အများကြီး နားလည်လာတယ်။ အခုချိန်မှာဆို၇င် ဒီမှာလုပ်နေတဲ့ ကုမဏီတွေကလည်း ညှိနှိုင်းချင်တဲ့စိတ် ရှိလာပါတယ်။ အဲဒါ ကောင်းပါတယ်။ တစ်ဖက်က လက်ကမ်းရင် ကိုယ်ကလည်း ပြန်ကမ်းရပါတယ်။ ဒီလိုနည်းနဲ့မှ တိုးတက်မှုရနိုင်ပါတယ်။ ကျွန်မတို့ဟာ စိတ်ကာက်တဲ့စိတ်နဲ့ လုပ်လို့မရဘူး။ ကိုယ့်စိတ်ကိုယ် အလေးထားလို့ မရဘူး။ ရေရှည်ကို ကြည့်ရမယ်။ ကိုယ့်ရွာသူရွာသားတွေရဲ့ ခံစားချက်ကို တော်တော်လေး နားလည်လာပါတယ်။ ဒီခံစားချက်ကို ပြေလည်အောင်လည်း လုပ်ရမယ်။ တော်င်သူလယ်သမားတွေဟာ မြေမရှိရင် ဘာလုပ်ရမှာလဲတဲ့။ အများကြီး နားလည်ပါတယ်။ ကြေးနီစမံကိန်းဆိုတာ ရေရှည်စီမံကိန်း မဟုတ်ဘူး။ ဒါ နားလည်သလေဘာက် နှစ် ၃၀ လောက်ထိပဲ လွန်ရောကျွံရော။ ဒီကြေးနီထုတ်လပ်ရေးဟာ ဖြစ်နိုင်တယ်။ ကျွန်မတို့ နိုင်ငံသူ နိုင်ငံသားတွေဟာ ကမ္ဘာတည်သရွေ့ ဘယ်လိုဆက်ပြီး လုပ်သွားမလဲဆိုတာ သိရမယ်။ စီမံကိန်တွေနဲ့ သွားရမယ်။ ရေရှည်အကျိုးရိမယ့် ပုံစံမျိုး ညှိပြီးတော့ လုပ်ယူ၇မယ်။ တော်တော်မျးများကတော့ စီမံကိန်းကို ချက်ချင်းရပ်သွားအောင် လုပ်ပေးပါလို့ တောင်းဆိုတယ်။ ပွင့်ပွင့်လင်းလင်းပြောပါမယ်။ စီမံကန်းရပ်သွားအောင် လုပ်ပေးနိုင်တဲ့  အခြေအနေမရှိပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ အကြောင်းနှစ်ခုရှိပါတယ်။ တစ်ခုကတော့ ဘယ်လိုစာချုပ် ချုပ်ထားတယ်ဆိုတာ ကျွန်မမသိပါဘူး။ အစိုးရနဲ့ ကုမ္ပဏီနဲ့ ချုပ်ထားတဲ့စာချုပ်၊ နောက်တစ်ခုကတော့ ကျွန်မတို့ တစ်ပတ်ကျော်ကျော်လောက်က အဆိုတင်သွင်းခဲ့တာပါ။ အဆိုအရ လက်ပံတောင်းတောင်ကိစ္စကို သေသေချာချာ စိစစ်ဖို့ ကော်မရှင်တစ်ခုဖွဲ့ရေး ဖြစ်ပါတယ်။ ဒီကော်မရှင်ထဲမှာ ပြည်သူလူထုအများက ရိုသေလေးစားပြီးတော့ လက်ခံနိုင်တဲ့သူတွေလည်း ပါရမယ်။ အစိုးရဘက်ကလည်း ပါရမယ်။ ကျွမ်းကျင်သူတွေလည်း ပါရမယ်။ အဲလိုကော်မရှင်တစ်ခုအနေနဲ့ ဒီကိစ္စကိ လူမှုရေးဘက်က စီးပွားရေးဘက်က ပတ်ဝန်းကျင်ဘက်က အားလုံးကို အမြန်ဆုံး လေ့လာပြီးတော့ အစီရင်ခံစာတင်ဖို့ ဖြစ်ပါတယ်။ အဲလို လုပမှပဲ ကျွန်မတို့ တစ်နိင်ငံလုံးကရော၊ တစ်ကမ္ဘာလုံးကရော လက်ပံတောင်းတောင်ရဲ့ အခြေအနေကို ရှင်းရှင်းလင်းလင်း နားလည်သွားမှာ။ ဘာတွေဖြစ်နေလဲ။ ဘယ်လိုဖြစ်နေလဲ။ ဘယ်သူတွေက ဘယ်လိုနစ်နာမလဲ။ နစ်နာမှုတွေကို ဘယ်လိုရှောင်နိုင်မလဲ။ ဘယ်လိုပြန်ပြီးတော့ ဖြစ်ပြီးသား ကိစ္စတွေကို ပြန်ပြီးတော့ ကောင်းအောင်ဘယ်လိုလုပ်နိုင်မလဲ၊ ဘယ်လိုဖြည့်ဆည်းပေးနိုင်မလဲ ဆိုတာ အဲဒါ အဖြေကို ရှာရမှာဖြစ်ပါတယ်။ ကျွန်မကတော့ အဖြေရှာပြီးတော့ အဖြေပေါ်မှာ အခြေခံပြီးတော့ အားလုံးကောင်းအောင် စီမံကိန်းတစ်ခုကို ချသင့်တယ်လို့ ယုံကြည်ပါတယ်။ ဒါဟာ လူကြီးပီသတယ်။ ရင့်ကျက်တယ်။ အပေးအယူလုပ်မယ် ကိုယ့်ဘက်ကနေ ပြီးတော့ အတတ်နိုင်ဆုံး သည်းခံမယ်။ အတတ်နိုင်ဆုံး သဘောထားကြီးကြီးနဲ့ လုပ်မယ်။ အဲလိုဆိုရင် နောက်တစ်ဖက်ကလည်း ဒီလိုပဲတုန့်ပြန်လိမ့်မယ်လို့ ကျွန်မ မျော်လင့်ပါတယ်။ ကျွန်မတို့ကနေပြီးတော့ သဘောထားကြီးကြီးနဲ့ ဦးတည်တယ်ဆိုရင် တစ်ဖက်ကလည်း ဒီလို ဦးတည်လိမ့်မယ်လို့ ယုံကြည်တယ်။ ဦးတည်အောင်လည်း လုပ်နိုင်စွမ်းရှိမယ်လို့ ယုံကြည်ပါတယ်။

တစ်ခုကတော့ သံဃာတော်တွေနဲ့ သပိတ်စခန်းမှာ ပြောရမယ်ဆိုရင်တော့ အင်မတန် ကြမ်းကြမ်းတမ်းတမ်းနဲ နှိမ်နင်းလိုက်တယ်။ ခွဲလိုက်တယ်လို့ သိရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ သက်ဆိုင်ရာ အာဏာပိုင်နဲ့တွေ့ဖို့ စီစဉ်ထားပါတယ်။ ဘာကြောင့် ဒီလို ကြမ်းကြမ်းတမ်းတမ်း လုပ်ရတာလဲလို့။ ပြည်သူ အနေနဲ့ မေးပိုင်ခွင့်ရှိတယ်လို့ ယုံကြည်ပါတယ်။ ပြဿနာရှာချင်လို့ မဟုတ်ပါဘူး။ ပြဿနာရှင်းချင်လို့ပါ။ ဒီလောက်လုပ်ဖို့ လုံးဝမလိုအပ်ပါဘူး။ ဒီလိုပြောလို့ ပြည်သူကို စိတ်စွပေး တာမဟုတ်ဘူးနော်။ ကျွန်မပြည်သူကို စိတ်စွပြီးတော့ ဘယ်တော့မှ မစည်းရုံးဘူး။ ပြည်သူတွေအနေနဲ့ စဉ်းစဉ်းစားစားနဲ့ ဆုံးဖြတ်နိုင်အောင်လို့ လုပ်ရတာပါ။ မနေ့ညတုန်းက ဆေးရုံမှာ ဒဏ်ရာရနေတဲ့ သံဃာတွကို ဖူးလိုက်ပါတယ်။ မဖူးမီ မိးလောင်တဲ့ မိန်းကလေးတစ်ယောက်ကို တွေ့လိုက်ပါတယ်။ တော်တော်ဆိုး တာပဲ၊ သံဃာတော်တွေရဲ့ ဒဏ်ရာကလည်း တော်တော်ကို ဆိုးတာပဲ။ အဲဒီလောက်ထိ ဘာဖြစ်လို့ လုပ်တယ်ဆိုတာ ပြည်သူအနေနဲ့ သိပိုင်ခွင့်ရှိတယ်လို့ ထင်ပါတယ်။ နားလည်သလောက်ကတော့ သမ္မတရုံးကနေပြီးတော့ ထုတ်ပြန်ချက်နှစ်မျိုး ထုတ်ပါတယ်။ တစ်မျိုးက မီးလောင်ဗုံးမသုံးခဲ့ပါဘူး။ မျက်ရည်ယိုဗုံးပဲ သုံးခဲ့ပါတယ်တဲ့။ နောက်တစ်ခါ အဲဒါကို ရုပ်သိမ်းပါတယ်ဆိုတာ ထုတ်တယ်။ ကျွန်မ နည်းနည်းခေါင်းမှာ ရှုပ်သွားပါတယ်။ အဲဒီတော့ ကျွန်မခေါင်းရှုပ်တာလည်း ရှင်းရင်းနဲ့ ပြည်သူတွေခေါင်းရှုပ်တာလည်းရှင်းဖို့ သက်ဆိုင်ရာအာဏာ ပိုင်တွေနဲ့ကြည့်ပြိး လုပ်ပါမယ်။

မြန်မာနိုင်ငံမှာ သတ္တုတွင်းဝန်ကြီးဌာနဆိုတာ ရှိပါလျက် ဘာကြောင့်ကြေးနီစီမံကိန်းက ဦးပိုင်လက်အောက်ကို ရောက်သွားတာပါလဲတဲ့

(ပြည်သူထဲမှ စာဖြင့်မေးသည်ကို ဖတ်ပြခြင်းဖြစ်)

ဦးပိုင်ကုမ္ပဏီဆိုတာကတော့ စစ်တပ်နဲ့ဆက်စပ်နေတယ်ဆိုတာ အများသိပါတယ်။ တပ်မတော်ဟာ ကျွန်မတို့နိုင်ငံနဲ့  ဆက်စပ်နေပါတယ်။ တစ်ချို့က ကျွန်မအနေနဲ့ တပ်မတော်အပေါ်မှာ မေတ္တာထားတယ်ဆိုရင် မကြိုက်ကြပါဘူး။ မတတ်နိုင်ဘူး။ ထားတာက ထားတာပဲ။ ဒါကတော့ ကျွန်မ အမှန်အတိုင်းပြောတာပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မက ငယ်ငယ်ကတည်းက ဖေဖေ့သမီးအနေနဲ့ ကြီးလာတာကိုး။ တပ်မတော်အပေါ်မှာ မေတ္တာမထားဘဲနဲ့ကို မနေတတ်ဘူး။ ငယ်ငယ်ကတည်းက မွေးကတည်းက တပ်မတော်အပေါ်မှာ မေတ္တာထားဖို့ သင်ခဲ့တော့ မေတ္တာကတော့ ဘယ်လိုမှ မပျောက်ကွယ်သွားနိုင်ဘူး။ လုပ်တဲ့ ကိစတွေကိုတော့ ကျွန်မ မကြိုက်ဘူးပေါ့။ အထူးသဖြင့် ကျွန်မအပေါ်မှာလုပ်တာလည်း မကြိုက်ဘူး။ ပြည်သူအပေါ်မှာလုပ်တာလည်း မကြိုက်ဘူး။ မကြိုက်သော်လည်း မေတ္တာတော့ မပျက်ပါဘူး။ အဲတော့ ဦးပိုင်လီမိတက်ဆိုတာလည်း ဦးပိုင်နဲ့ဆက်စပ်နေတယ်ဆိုတော့ ကျွန်မတို့ ဒီကိစ္စတွေကို ချဉ်းကပ်တဲ့အခါမှာ သဘောထားကြီးကြီးနဲ့ နောက်ဆုံးကျတော့ အမျိုးသားရင်ကြားစေ့ရေးကို ဦးတည်ပြီးတော့ပဲ ချဉ်းကပ်မယ်လို့ ကျွန်မပြောပါရစေ။ မသိချင်ယောင်တော့ ဆောင်မနေပါဘူး။ မေးသင့်တာတွေတော့ ကျွန်မမေးမှာပါ။ ဒါပေမယ့် မေးတယ်ဆိုတာဟာ ကောင်းတဲ့အဖြေတစ်ခုကို လိုချင်လို့ မေးခွန်းမေးတာပါ။ ဖြေလိုက်တဲ့အဖြေကို ပြောတာမဟုတ်ဘူး။ ဖြေလိုက်တဲ့အဖြေပေါ်မှာ အခြေခံပြီး ဘယ်လိုအကောင်းဆုံး ဖြစ်နိုင်မလဲဆိုတာကို အဲဒါကိုလုပ်ဖို့ ကျွန်မတို့ရည်ရွယ်တာပါ။ ဥိးပိုင်က တာဝန်ခံတွေနဲ့လည်း တွေ့ဆုံဖို့ ရှိပါတယ်။ ကျွန်မ ပွင့်ပွင့်လင်းလင်းပဲ မေးလိုက်မယ်။ ပြည်သူကတော့ ဒီလိုမေးနေတယ်။ ကျွန်မဘယ်လို ဖြေရမလဲလို့။

ကျွန်မတစ်ခုတော့ သတိပေးမယ်နော် ကျွန်မတို့စိတ်ထဲမှာ အာဃာတတွေတော့ မထားပါနဲ့။ အာဃာတတွေထားလို့တော့ ကျွန်မတို့နိုင်ငံ တိုးတက်ရေးအတွက် အင်မတန်မှ ခက်ပါတယ်။ ကျွန်မတို့ ရုန်းကန်ခဲ့ရတယ်ဆိုတာ အနှစ်၂၀ ကျော်ပါပြီ။ ညတုန်းကလည်း သံဃာတော်တွေကို တွေ့ဆုံခဲ့ပါတယ်။ ဒီအနှစ် ၂၀ ကျော် ရုန်းကန်ခဲ့ရတဲ့အချိန်မှာ ကျွန်မစိတ်ထဲမှာ ဘာရှိလဲဆိုတော့ ကျွန်မနှလုံးသားထဲမှာ အမုန်းတ၇ားဝင်သွားရင် ကျွန်မရှုံးတော့မယ်လို့ ကျွန်မခိုင်ခိုင်မာမာ စွဲထားတယ်။ အမုန်းတရား ၀င်သွားရင်တော့ ကျွန်မရှုံးမှာ။ ကျွန်မကို တိုက်ခိုက်နေတဲ့သူတွေ ရှုံးမှာမဟုတ်ဘူးလို့ ဆိုပြီး ကျွန်မနှလုံးသားထဲကို ဘယ်တော့မှ အမုန်းတရား အ၀င်မခံခဲ့ဘူး။ ကံကောင်းထောက်မလို့လည်း ၀င်လည်းဝင်မလာပါဘူး။ ကျွန်မတို့ ပြည်သူတွေလည်း ဒီလိုပဲထားစေချင်တယ်။ မတရားတဲ့ကိစ္စဆိုရင် မခံရဘူး။ ဒီလိုပဲ ကိုယ်ကနေပြန်ပြီး ကာကွယ်ရမယ်။ ကိုယ်ကနေ ပြန်ပြီးတုန့်ပြန်ရမယ်။ အမုန်းတရားနဲ့ မဟုတ်ဘူး။ အမှန်တ၇ားကို အခြေခံပြီး ခေါင်းအေးအေး ပြန်ပြီးတော့ တုန့်ပြန်ရမယ်။ လက်ပံတောင်းတောင် ကိစ္စနဲ့ ပတ်သက်လို့လည်း ကျွန်မဒီအတိုင်းပဲ လုပ်ချင်တယ်။ အမှန်တရားပေါ်မှာ အခြေခံပြီး တုန့်ပြန်မယ်။ အမုန်းတရားပေါ်မှာ အခြေခံပြီး ကျွန်မတို့ မတုန်ပြန်ဘူး။ အာဃာတတွေပေါ်မှာ အခြေခံပြီး မတုန့်ပြန်ဘူး။ အဲဒီလိုလုပ်တဲ့အခါမှာ ပြည်သူလူထုရဲ့ ထောက်ခံမှုကို အများကြီး လိုလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြည်သူတွေက ပါဝင်ပြီးထောက်ခံမှ လုပ်ငန်းတစ်ခု အောင်မြင်အောင် လုပ်နိုင်မှာပါ။ အားလုံးသိတယ်နော်။ အာဏာရှင် စနစ်ဆိုတာ နှစ် ၅၀ တည်ခဲ့တယ်။ ဒါပေမယ့် ပြည်သူက မထောက်ခံခဲ့တော့ အာဏာရှင်စနစ်ဟာ ပြိုလဲခဲ့ပါတယ်။ အာဏာရှင်စနစ် ပြိုလဲရုံနဲ့လည်း ကျွန်မတို့နိုင်ငံကို ဒီမိုကရေစီနိုင်ငံဖြစ်ပြီလို့ ပြောလို့မရသေးဘူး။ ဖြစ်အောင်လုပ်ဖို့ အလုပ်တွေကလည်း အများကြိးကျန်ပါသေးတယ်။ အဲဒီလိုအလုပ်တွေ အောင်မြင်ဖို့ဆိုတာလည်း ပြည်သူကပါမှ ဖြစ်ပါမယ်။ ပြည်သူက ပါတယ်ဆိုတာမှာလည်း ရွေးကောက်ပွဲမှာ မဲထည့်ရုံနဲ့ မပြီးသေးဘူး။ ကိုယ်လုပ်နေတဲ့အလုပ်တွေဟာ ဒီမိုကရေစီနိုင်ငံသူ၊ နိုင်ငံသား တစ်ယောက်ရဲ့ လုပ်ရပ်နဲ့ ကိုက်ညီရဲ့လားဆိုတာ စဉ်းစားရမယ်။ အမြဲတမ်းစိစစ်ပါ။ နိုင်ငံရေးဆိုတာ အားလုံးနဲ့ဆိုင်ပါတယ်။ အထူးသဖြင့် ဒီမိုကရေစီ နိုင်ငံရေးမှာ ပိုဆိုင်ပါတယ်။ ဘာမဆို ခေါင်းအေးအေးနဲ့ စဉ်းစားပါ။ ကျွန်မတစ်ခုပြောမယ်။ လူတိုင်းလူတိုင်း ညမအိပ်ခင်ကလေးမှာ အဲဒီမေးခွန်းကို စဉ်းစားကြည့်စေချင်တယ်။ ငါဒီနေ့ ဒီမိုကရေစီနိုင်ငံသားတစ်ယောက်ရဲ့ ကျင့်ဝတ်နဲ့အညီ နေခဲ့ရဲ့လားဆိုတဲ့ မေးခွန်းကို ပြန်မေးစေချင်တယ်။ မနေ့က ကြေးနီစီမံကိန်းက အပြန်မှာ ဟောပြောပွဲတစ်ခု လုပ်ခဲ့ပါတယ်။ အဲဒီမှာ ကျွန်မပြောခဲ့ပါသေးတယ်။ ကျွန်မတို့ဟာဆက်ပြီးတော့ ရုန်းကန်ရမှာတွေ အများကြီးရှိတယ်။ ဆက်ပြီး ရုန်းကန်တဲ့နေရာမှာ စည်းစည်းလုံးလုံးနဲ့ နေရမယ်။ ကျွန်မတို့နိုင်ငံဟာ ပြန်လည်ရင်ကြားစေ့ရေး လုပ်ရမယ်။ ပြန်လည်ရင်ကြားစေ့ရေး ဆိုတာဟာ ကျွန်မတို့ တိုင်း၇င်းသားတွေကြားမှာလည်း လုပ်ရမယ်။ ကျွန်မတို့ ပြည်သူတွေကြားထဲမှာလည်း လုပ်ရမယ်။ အဖွဲ့အစည်းအတွေ ကြားထဲမှာလည်း လုပ်ရမယ်။ အဲဒီအတွက် ပြည်သူတွေအားလုံး ပါလာမှဖြစ်မှာပါ။ ပြည်သူတွေကို လှည့်ဖြားပြီးတော့လည်း မစည်းရုံးဘူး။ အစကတည်းက ပြောထားတယ်နော်။ အကောင်းဆုံးပဲ ကြိုးစားမယ်။ ဘာလုပ်ပေးမယ်။ ညာလုပ်ပေးမယ်ဆိုပြီး ကတိတွေပေးလို့ မရဘူး။ ကျွန်မ အကောင်းဆုံး ကြိုးစားမယ်။ ကျွန်မ အကောင်းဆုံးထက်တော့ ပိုမတတ်နိုင်ဘူးလေ။ ကျွန်မအတတ်နိုင်ဆုံး ကြိုးစားမှာပဲ။ အတတ်နိုင်ဆုံးက မလုံလောက်ဘူးဆိုရင်လည်း ပိုပြီးတတ်နိုင်တဲ့သူတွေ ရှာရမှာပဲ။ အဲဒီတော့ အတတ်နိုင်ဆုံး ကြိုးစားမယ်။ ကျွန်မက ၀ိဇ္ဇာဖော်ဂျီလည်း မဟုတ်ဘူး။ ဒါပေမယ ကျွန်မအတတ်နိုင်ဆုံး ကြိုးစားပါမယ်။ ဒီလိုကြောင့် ဒီလိုဆုံးဖြတ်တယ်ဆိုတာကို ပြည်သူတွေကို ကျွန်မရှင်းပြပါမယ်။ ပြည်သူတွေအနေနဲ့လည်း ကျွန်မရဲ့လုပ်ဆောင်မှုတွေကို ထောက်ခံမလား၊ မထောက်ခံဘူးလားဆိုတာ ကိုယ့်ဘာကိုဆုံးဖြတ်ပါ။ ကျွန်မကတော့ မှန်မှန်ပြောရရင် ထောက်ခံစေချင်တာပေါ့နော်။ သဘာဝကျကျ ပြောရရင်တော့ ထောက်ခံစေချင်တာပေါ့။ မထောက်ခံလို့ကတော့ ကျွန်မအလုပ်တွေကလည်း လွယ်မှာမဟုတ်ပါဘူး။ ကျွန်မတို့နိုင်ငံရဲ့အကျိုးကို ရေရှည်အနေနဲ့ စဉ်းစားပါတယ်။ ရေတိုအနေနဲ့ မစဉ်းစားပါဘူး။ မနက်ဖြန် သန်ဘက်ခါအတွက်၊ နောက်လ နောက်နှစ်အတွက် မစဉ်းစားဘူး။ အနောက်မှာ အင်မတန်မှ ပြတ်ကျန်ရစ်ခဲ့တဲ့ နိုင်ငံဟာ ကျန်တဲ့နိုင်ငံတွေကို ဘယ်လိုလိုက်နိုင်မလဲဆိုတာ အမြဲပဲ စဉ်းစားနေတဲ့ ကိစ္စပဲ။ အဲလိုစဉ်းစားတဲ့အခါမှာ ပြည်သူလူထုကလည်း ပါဝင်ပြီးတော့ စဉ်းစားစေချင်တယ်။ ပြည်သူကလည်း ယုံကြည်လို့သာ ထောက်ခံစေချင်တယ်။ ယုံကြည်ချက်နဲ့ ထောက်ခံမှ ထိရောက်တဲ့ထောက်ခံမှုဖြစ်မယ်။

အခုကြေးနီစီမံကိန်းနဲ့ ပြဿနာတွေကို ပြေပြေလည်လည်နဲ့ ဂုဏ်သိက္ခာရှိရှိ ဖြေရှင်းချင်ပါတယ်။ ပြဿနာတွေကို ဖြေရှင်းမယ်။ ဒေသခံတွေရဲ့ ရေရှည် အကျိုးကိုကြည့်ပြီး ဖြေရှင်းမယ်။ ရေရှည်အကျိုးဆိုတာဟာ မနက်ဖြန် သန်ဘက်ခါအတွက်လည်း မဟုတ်ဘူး။ နောက်နှစ်အတွက်လည်း မဟုတ်ဘူး။ ဒီကြေးနီစီမံကိန်းပြီးတဲ့ နောင်အနှစ် ၃၀ မှာလည်း ဒေသခံတွေဟာ  ပြည့်ပြည့်စုံစုံနဲ့ ရပ်တည်နိုင်ဖို့ကို ကြည့်ပြီးလုပ်သွားမယ်။  အဲလိုလုပ်ရတဲ့နေရာမှာ အပေးအယူလုပ်ရမယ်ဆိုတာကို အခုကတည်းက ပြောထားပါ၇စေ။ နိုင်ငံတစ်နိုင်ငံမှာပဲဖြစ်ဖြစ် အဖွဲ့အစည်း တစ်ခုခုမှာပဲဖြစ်ဖြစ် ပြဿနာတွေဆိုတာ ရင်ဆိုင်ရတာပဲ ဒီပြဿနာတွေ ဖြေရှင်းတဲ့နေရာမှာ အပေးအယူလုပ်တဲ့ နည်းသာလျင် ယဉ်ကျေးတဲ့ပုဂိုလ်များရဲ့ နည်းလမ်းဖြစ်တယ်လို့ ကျွန်မယုံကြည်ပါတယ်။ ကိုယ်နဲ့မတည့်သူကို မီးပုံးနဲ့လည်း ပစ်လို့မရဘူး။ သေနတ်နဲ့လည်း ပစ်လို့မရဘူး။ ပြည်သူတွေရဲ့ အားဆိုတာလည်း ရှိတယ်။ ပြည်သူတွေရဲ့ အားဆိုတာ မနည်းတဲ့အားတွေပါ။ မနည်းတဲ့အားတွေမို့ အလွဲသုံးစား မလုပ်ရဘူး။ မှန်မှန်ကန်ကန်နဲ့ သိက္ခာရှိရှိသုံးဖို့ပဲ လိုပါတယ်။ ကျွန်မလည်း ကျွန်မမှာရှိတဲ့အားကို မှန်မှန်ကန်ကန်နဲ့ သိက္ခာရှိရှိ သုံးဖို့ကြိုးစားပါမယ်။ နောက်ဆုံးကျတော့ ပြည်သူပဲ ရှိပါတယ်။ ဘယ်သူမှ မရှိပါဘူး။ ဒီအားကိုးချက်နဲ့ လုပ်နေတာပဲ။ အားကိုးစရာမရှိရင် ကျွန်မရဲ့လုပ်ငန်းတွေဟာလည်း အောင်မြင်စရာ မရှိပါဘူး။ လက်ပံတောင်းတောင် ကိစ္စနဲ့ပတ်သက်လို့ အာဏာပိုင်တွေနဲ့ ကျွန်မတွေ့ဖို့ရှိတယ်။ ရွာသူရွာသားတွေနဲ့ တွေ့ဖို့ရှိတယ်။ အားလုံးအဖြေရှာပြီးတော့ အကောင်းဆုံးဖြစ်အောင်လို့ ကြိုးစားသွားမယ်။ ကျွန်မတို့ ဘယ်လိုဆုံးဖြတ်တယ်။ ဘယ်လိုဖြစ်တယ် ဘယ်လိုအဖြေပေါ်တယ် ဆိုတာကို ကျွန်မတို့ရဲ့ ပြည်သူတွေသိအောင် ကျွန်မအသိပေးပါမယ်။ အသိပေးပြီးတဲ့အခါကျရင်လည်း ပြည်သူတွေအနေနဲ့ ခေါင်းအေးအေးနဲ့ စဉ်းစားကြပါ။ ဒါ ဖြစ်သင့်သလား မဖြစ်သင့်ဘူးလား။ သဘောတူတဲ့သူရှိမယ်။ သဘောမတူတဲ့သူရှိမယ်။ ဒါပေမယ့် ဒီမိုကရေစီလမ်းကို လျောက်ချင်တယ်ဆိုရင် အများရဲ့ သဘောတူညီချက်ကို လေးစားရလိမ့်မယ်။ ဒီလိုအများရဲ့ သဘောတူညီချက်ကို လေးစားလို့  အများရဲ့ဆုံးဖြတ်ချက်ကို လေးစားလို့ အနည်းစုရဲ့ ခံစားချက်ကို ကျွန်မတို့ လျစ်လျူရှုမှာ မဟုတ်ပါဘူး။ အနည်းစုရဲ့ ခံစားချက်ကိုလည်း လေးစားရမယ်။ ဒါပေမဲ့ အပေးအယူဆိုတာတော့ လုပ်ရမှာပေါ့။ ကျွန်မတို့နိုင်ငံဟာ ဒီမိုကရေစီ လမ်းပေါ်ကို ရောက်သွားပြီလို့ ပြောနေကြတယ်။ ကျွန်မခဏခဏ ပြောတယ်။ ဒီလမ်းဟာ ဘယ်သူမှ ဆောက်ပေးထားတဲ့ လမ်းမဟုတ်ဘူး။ လမ်းစတော့တွေ့ပြီ။ ကိုယ့်ဟာကိုယ် ခင်းသွားရမယ်။ ဒီလမ်းဟာလည်း ဖြောင့်ဖြောင့်ဖြူးဖြူးတော့ မဟုတ်ဘူး။ ကြမ်းကြမ်းတမ်းတမ်းတော့ရှိတယ်။ ကြမ်းကြမ်းတမ်းတမ်းလမ်းကို လျောက်တဲ့အခါမှာ ကျွန်မတို့ဟာ တက်ညီလက်ညီနဲ့ တစ်ယောက်နဲ့တစ်ယောက် ယုံယုံကြည်ကြည်နဲ့ လျောက်သွားမှ  ခရီးရောက်နိုင်မှာပါ။ မိတ်ဆွေနဲ့ သွားတဲ့လမ်းဆို ဘယ်လောက်ပဲ ခက်ခဲ ခက်ခဲ ပျော်စရာကောင်းပါတယ်။ ကိုယ့်ဘက်မှာ ကိုယ်အားကိုးရတဲ့ ရဲဘော်ရဲဘက်တစ်ယောက်ရှိရင် အမှောင်ကိုလည်း အမှောင်လို့ မမြင်တော့ဘူး။ လမ်းကြမ်းဆိုတာလည်း လမ်းကြမ်းလို့ မမြင်တော့ဘူး။ စိတ်ဓာတ်ခိုင်ခိုင်မာမာနဲ့ ဆက်သွားနိုင်မှာ ဖြစ်ပါတယ်။ ကျွန်မတို့ ရဲဘော်ရဲဘက်တွေအနေနဲ့ မိတ်ဆွေတွေအနေနဲ့ ဒီလမ်းတွေကို ကျွန်မနဲ့အတူ လျောက်လှမ်းပေးပါလို့ ပြောကြားချင်ပါတယ်။

Eleven Media Group

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ