ကာလပေါ် “ငရဲခွေးကြီးတွေ လွတ်နေ”သေး

၁၉၉၂ ခုနှစ် အင်းစိန် အကျဉ်းထောင် အထူး တိုက်ဝင်း အတွင်း အကျဉ်းချ ခံနေရသည့် သတင်းစာဆရာ ဟံသာဝတီ ဦးဝင်းတင်
ဒီရက်ပိုင်းအတွင်း မြန်မာ အင်ဒီပဲန်ဒင့်ဂျာနယ်မှာ ဆန်းဆန်းထူးထူး စာတစ်ပုဒ် ဖတ်လိုက်ရတယ်။

တိုတို ပြောရရင် ဒီလိုဗျာ။

ဂျာနယ်ထဲမှာ ဖတ်လိုက်ရတဲ့ စာက ဂျာနယ်တွေထဲ၊ သတင်းစာတွေထဲမှာ ဖတ်ရလေ့ မရှိတဲ့စာဗျ။ ရေးတဲ့သူက ထင်ရှားတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်း “ကျောင်းသားလှုပ်ရှားမှု”ဆိုတဲ့ ဧရာမကျမ်းကြီးကို ပြုစုခဲ့သူ။ သူ့နာမည်က ကိုအောင်ထွန်း။

ကိုအောင်ထွန်းကို စစ်အာဏာရှင် အစိုးရက တစ်ချိန်က ဖမ်းဆီးခဲ့တယ်။ ချုပ်နှောင်ခဲ့တယ်။ ပြီးတော့ ထုံးစံ အတိုင်းပေါ့။ ညှဉ်းပန်းခဲ့တယ်။ နှိပ်စက်ခဲ့တယ်။ အားလုံးပြီးတော့ ဆိုပါစို့ ။ ထုံးစံအတိုင်း သံတိုင်နောက်က ထောင်ငရဲခန်းထဲ သွင်းလိုက်တယ်။ ထုံးစံအတိုင်း ထောင်ထဲမှာ နှစ်ပရိစ္ဆေဒတွေ အကြာကြီး ပိတ်လိုက်တယ်။ ထုံးစံအတိုင်း သူ့ကို လူ့ငရဲခန်းထဲ ပိတ်ထားခိုက် စစ်ထောက်လှမ်းရေး  ယမမင်းတို့ လုပ်ကြံမှုတွေ စိတ်ကြိုက်  လုပ်ကြတယ်။

ဒီလို မတရား ချုပ်နှောင်မှုတွေ၊ ညှဉ်းပန်းမှုတွေ ၊ ငရဲခန်း သွင်းပိတ်မှုတွေ ၊ ထောင်တွင်း လုပ်ကြံမှုတွေ၊ လွတ်ချိန်သင့်လို့ လွတ်ခွင့်ကြုံလာရင်တောင်  အကျဉ်းသားရဲ့လူ့သိက္ခာ၊ နိုင်ငံရေး သိက္ခာ၊ ယုံကြည်ချက် သိက္ခာကို ဖဲ့ခြွေချိုးဖျက်တဲ့ ခံဝန်ချက် အမျိုးမျိုးကို လက်မှတ်ထိုး ခိုင်းတာတွေ၊ အဲဒါတွေ အားလုံးအတွက်  စစ်အာဏာရှင် ပါးကွက်သားတွေ ငါတို့(နိုင်ငံရေး အကျဉ်းသားတွေ)ကို ဝန်ချတောင်းပန်ရမယ်။ ငါတို့ အဖွဲ့အစည်းတွေကို ဝန်ချ တောင်းပန်ရမယ်။ ငါတို့ ဘက်က ရပ်တည်ခဲ့တဲ့ ပြည်သူလူထုတွေကို ဝန်ချ တောင်းပန်ရမယ်တဲ့။

မြန်မာအင်ဒီပဲန်ဒင့် ဂျာနယ်မှာ လွှင့်လိုက်တဲ့ ကိုအောင်ထွန်းရဲ့အသံက ကြေညာချက်ပုံစံနဲ့ ထွက်လာတယ်။ သူ့အသံက စစ်အာဏာရှင်ဟောင်းကြီး ချုပ်နှစ်ချုပ်ကို နာမည်နှင့်တကွ လူကောင်ဆွဲထုတ် စွပ်စွဲတာ ဖြစ်တယ်။ သူ့အသံ က ပြည်သူလူထုကြီး တစ်ရပ်လုံးကို သိကြားစေ သက်သေညွှန်းတဲ့ ပုံစံမျိုးနဲ့ ဖွင့်ချတာ ဖြစ်တယ်။

အဲသလို နိုင်ငံရေး အကျဉ်းသားဟောင်း အကျော်ဇေယျတစ်ဦးရဲ့ အသံကို ကျွန်တော် ထွေထွေထူးထူး ပြောစရာမရှိပါဘူး။

ထပ်ဆင့် သဘောတူတယ်။

ထပ်ဆင့် ထောက်ခံတယ်။

ထပ်ဆင့် ဆန္ဒပေးတယ်။

ဒီလိုပဲ လိုရင်းကိုတိုတိုရှင်းရှင်း ပြောစရာရှိတယ်။ ကျွန်တော် ကိုယ် တိုင်ကလည်း ကိုအောင်ထွန်းလိုပဲ လူ့ငရဲကို ဖြတ်သန်း ခဲ့သူ။ ဒီတော့ နောက်ထပ် ထပ်ဆင့်ပြောစရာတွေ ရှိတယ်။ နည်းနည်းပြောပါရစေ။

အားနာလို့ နည်းနည်း ပြောပါရစေ ခွင့်တောင်းတာ။ ပြောစရာတွေ ကတော့ အများကြီး။ ၁၉၈၉  ဇူလိုင် ၃ ရက်မှာ ကျွန်တော်ထောင်ထဲ ရောက်တယ်။ အဲဒီနှစ် စက်တင်ဘာ ၃ဝ ရက်မှာ ထောင်ဒဏ်အပြစ် ပေးခံရတယ်။ ၃ လလောက် အကြား ကာလမှာ ကျွန်တော်ဟာ အချုပ်သား။ ပြစ်ဒဏ်ကျခံရတဲ့ ထောင်သား မဟုတ်သေးဘူး။ အပြစ် တစ်စုံ တစ်ရာ ရှိတယ်လို့ သတ်မှတ်ခြင်း ခံရတဲ့သူ မဟုတ်သေးဘူး။

ဒါပေမယ့် ကျွန်တော်ညှဉ်းပန်းမှုတွေ ခံရတယ်။ နှိပ်စက်မှုတွေ ခံရတယ်။ အများကြီး ခံရတယ်။ ကြိမ်ဖန်များစွာ ခံရတယ်။ ညမအိပ် နေ့မနား ရက်ပေါင်းများစွာ ခံရတယ်။ ညှဉ်းပန်းသမျှကို ဝမ်းဟင်းလင်းနဲ့ လည်စင်းခံရတယ်။

ဒါက အချုပ်သားဘဝ(အပြစ်မဲ့ ဘဝ)နဲ့ ညှဉ်းပန်းနှိပ်စက်ခံခဲ့ရတာ။

ထောင်သားဘဝ (အပြစ်ကျဘဝ) ရောက်တော့ကော။ မေးနေစရာ မလိုပါဘူး။ ပိုလို့သာ ဆိုးလာတော့တာပေါ့။ စစ်ထောက် လှမ်းရေးက ထောင်ထဲမှာပဲ တပ်စွဲနေတာကိုး။ လာချင်ရင် အနီးလေး ဖြစ်နေတော့တာပေါ့။ အပြင်နိုင်ငံရေးက ချွတ်ချွတ်ပျက်ပျက် ဖြစ်နေတယ်။ ဒီတော့ ထောင်ထဲမှာ ကျွန်တော်တို့ ဖွတ်ဖွတ်ညက်ညက် ကြေနေကြရတော့တာပေါ့။ စစ်ခွေးတိုက် သွင်းခံရလိုခံရ။ ရဲဘက် စခန်း သွင်းခံရလိုခံရ။ စစ်ထောက်လှမ်းရေး က ကျောချင်တိုင်း ကျောတဲ့ စစ်ကြောရေး ရုံး သွင်းခံရလိုခံရ။ ကျန်ကောင်းကျန်ရာ လူ့သိက္ခာ  ဗလာကျင်း အောင် ဖဲ့ခြွေချွတ်ခွာ ခံရလိုခံရ။

ဖဲ့တာ ခြွေတာ ခံရတာတွေထဲမှာ အဆိုးဆုံးက ကျွန်တော့်ပါးစပ်ထဲက မွေးရာပါသွားတွေ ချောင်ခြွေ ချိုးချွတ် ခံရတာပဲ။ စစ်ထောက်လှမ်းရေး လက်ချက်နဲ့ ကျွန်တော့်သွားတွေ အကုန်ကြွေကုန်တယ်။ ၁၉၉၁ ကနေ ၁၉၉၈ အထိ သွား ဝတ်လစ်စားလစ် ပါးစပ်နဲ့ ထောင်ထမင်းကြမ်း ဟပ်နေခဲ့ရတယ်။ ၇ နှစ်အကြာ ၁၉၉၈ ရောက်မှ သွားတုတပ်ခွင့် ပေးတယ်။

ပိုဆိုးတာ နောက်တစ်ခု ရှိသေးတယ်။ ၁၉၉ဝ ဇန်နဝါရီမှာ ကျွန်တော် အူကျရောဂါ ရတယ်။ အိပ်ရာထဲ ဗုန်းဗုန်း လဲတဲ့အဖြစ် ဆိုက်တယ်။ အာဏာပိုင်တွေက ဘာကုသမှုမှ မလုပ်ပေးဘူး။ ပြောမရ ဆိုမရဘဲ။ ၅ နှစ်တိတိ ကြာတယ်။  နောက်ဆုံး အူတွေခေါက် သေမလောက် ဖြစ်မှ ဆေးရုံပို့တယ်။ ရန်ကုန်ဆေးရုံကြီး ခွဲစိတ်ခန်းထဲကို တိုက်ရိုက်ပို့ရတယ်။ ခွဲစိတ်ရတယ်။ လူတော့ မသေဘူး။ မွေးရာပါ တစ်ရှဉ်းတော့ “နတ်သင်း”ဖြစ်ရတယ်။

အဆိုးတကာ့ ထိပ်ခေါင် လူ့ငရဲ မီးလောင်ခံရတဲ့ အဖြစ်က ဒီလို။

၂ဝဝ၅ ဇူလိုင် ၆ ရက် မနက်မှာ ကျွန်တော့်ကို လွှတ်ပေးမယ်လို့ လာပြောတယ်။ ထောင်မှူးက ခေါ်ထုတ်တယ်။ လွှတ်မယ့် အကျဉ်း သား ၁ဝဝ ကျော်နဲ့ ဆုံရတယ်။ လွှတ်ဝရမ်းရေးဖို့ ကျွန်တော်တို့ တစ်တွေကို ကိုယ်မှတ် စစ်တယ်။ ထောင်ကျ တုန်းက မှတ်တမ်းယူ ထားခဲ့တဲ့ ကိုယ်အင်္ဂါ အမှတ်အသားတွေနဲ့ ပြန်ညှိတယ်။ အားလုံးပြီး တော့ လွှတ်ဝရမ်း ပေးတယ်။ ညွှန်မှူးရုံး အစည်းအဝေးခန်းမထဲ သွင်းတယ်။ အကျဉ်းဦးစီးညွှန်ချုပ် ဗိုလ်မှူးကြီး ဇော်မင်းက ဩဝါဒ ပေးတယ်။

နောက်ဆုံးအတန်းမှာ ထိုင်နေ တဲ့ ကျွန်တော့်ကိုညွှန်ချုပ်က နာမည် ခေါ်တယ်။ ရှေ့ဆုံးတန်းကို ဖိတ် တယ်။ ရှေ့ဆုံးရဲ့ ရှေ့ မှာ အပြင်က တရားသူကြီးတွေ၊ ဥပဒေ အရာရှိ ကြီးတွေ၊ ရဲအရာရှိကြီးတွေ၊ ထောင် အရာရှိကြီး တွေ ထိုင်နေတယ်။

ညွှန်ချုပ်က သူ့ဩဝါဒထဲမှာ ကျွန်တော့်နာမည်ကို တကြော်ကြော် ခေါ်-အော်-ဖော်တယ်။

“ဆရာကြီး ဦးဝင်းတင်လည်း ဒီနေ့လွတ်ပြီ။ ကျွန်တော်တို့က ဆရာကြီးစာတွေကို ဖတ်ပြီး ကြီးခဲ့တာ။ ဆရာကြီး ကျန်းမာ ချမ်းသာ လိုရာဆန္ဒ ပြည့်ပါစေ”

ညွှန်ချုပ် ဩဝါဒ ဆုံးတော့ အားလုံး ခန်းမထဲက ထွက်ကြတယ်။ ထောင်ဘူး(တံခါးမကြီးခန်းမ)ထဲကို ဝင်ကြတယ်။ အားလုံးတန်းစီ လွတ်လမ်း ချီကြတယ်။ လွတ်လူတွေထဲမှာ ဒီချုပ်က လူငယ်တာဝန်ခံ(၂) မြင့်ဋ္ဌေးပါတယ်။

လွတ်လူတွေ တော်တော်လေး ထွက်ကုန်တော့ ဒုတိယ ညွှန်ကြားရေးမှူးချုပ်က လာပြောတယ်။ ဆရာကြီးနဲ့ ဒီလူတွေ ဒီလူတွေ ခဏနေကြပါဦး။ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦး လာတွေ့ချင်တယ် ပြောလို့ပါ။ ဝန်ကြီး စောင့်ရင်း ထမင်းလေး စားပါဦးတဲ့။ကျွန်တော်တို့ လူသိုက်က ၁ဝ ယောက်။ ကျား ၈၊ မ ၂ ။ (ကျား ၈ ထဲမှာ ဒီချုပ်ခေါင်းဆောင် တစ်ယောက်ပါတယ်။ တောင်ငူမြို့က ဦးအောင်စိုးမြင့်။ ၁၉၉ဝ အထွေထွေရွေးကောက်ပွဲမှာ အရွေးခံခဲ့ရသူ။ ၂ဝ၁၂ ကြားဖြတ် ရွေးကောက်ပွဲမှာလည်း အရွေးခံရသူ။ အခု နေပြည်တော်မှာ လွှတ်တော် တက်နေတယ်)။

ထမင်းစားပြီးရုံ ရှိသေး။ ထောက်လှမ်းရေး ၂ ယောက် ကျွန်တော့်ကို လာခေါ်တယ်။ အကျရုံးကို လိုက်သွားရ တယ်။  အကျရုံးမှာ တစ်အောင့်လောက် မကြာဘူး။ ခေါင်းစွပ်စွပ်ပြီး အပြင်ခေါ်ထုတ်ပြန်တယ်။ တစ်နေရာ ရောက်လို့ ခေါင်းစွပ် ချွတ်တော့။ လားလား ကျွန်တော်မနက်က ထွက်လာခဲ့တဲ့ ထောင်ခန်း။

မနက်ထွက်လာတုန်းက ရှိရှိသမျှ ဘုဉ္ဇာဟိလုပ်ခဲ့လို့ အခန်းက ပြောင်တလင်းခါနေတယ်။ စားစရာ နတ္တိ၊ ခြုံစရာ ဝတ်စရာ ဘာမျှမရှိ။  ရေသောက်စရာ ခွက်မှ မကျန်။

မိုးသာ စုန်းစုန်းချုပ် သွားတယ်။ ဘယ်သူဘယ်ဝါမှ ကျွန်တော့်အခန်း ပေါ်မလာ။ ကျွန်တော့်ကို ဘာစကား တစ်ခွန်းမှ လာမပြော။

ဒီလိုနဲ့ နောက်ထပ်ထောင်ထဲ မှာ ၂နှစ်ကျော်အပိတ်ခံခဲ့ရပြန်တယ်။ ၂ဝဝ၈ စက်တင်ဘာ ၂၃ မှကျွန်တော် ထောင်က တကယ်လွတ်တယ်။

ထောင်သမိုင်းမှာ ကျွန်တော့်လို ရာဇဝင် ရိုင်းခဲ့တဲ့သူ မရှိခဲ့ဘူး။ ကျွန်တော် ကြားဖူးနားဝ ရှိသလောက် တစ် ယောက်မှ မရှိခဲ့ဘူး။

လူထုဦးလှလို ပုဂ္ဂိုလ် ထောင်ဒဏ် ပြန်ကျော့ခဲ့ရဖူးတယ်။ လွတ်ရက်ရောက်တော့ သူ့ကိုထောင်ဗူးဝရုံး ပို့တယ်။ လွှတ်ဝရမ်း ပေးတယ်။ နောက်ထပ် ပုဒ်မ ၁ဝ (ဃ) ကပ်တယ်။ ထောင်ထဲပြန်သွင်းတယ်။ ထောင်ပြန်ကျတယ်။

ကျွန်တော် အင်းစိန်ထောင်မှာ ရှိနေတုန်း ကွန်မြူနစ်ဗဟိုက ကိုသက်ခိုင်လည်း ထောင်ကျနေတယ်။ တစ်ရက်မှာ သူ့လွတ်နေ့ စေ့တယ်။ စစ်ထောက်လှမ်းရေးတွေ သူ့အခန်းရှေ့ ရောက်လာကြတယ်။ လွှတ်ဝရမ်း ဖတ်ပြတယ်။ ပြီးတော့ ပုဒ်မ ၁ဝ(ဃ)ကပ်တယ်။ သူလည်း တစ်ကျော့ပြန် ထောင်ကျတယ်။

ဒီကိစ္စတွေ ကျွန်တော် သိသားပဲ။ ကြားဖူးသားပဲ။ ဒါပေမယ့် ကျွန်တော့်အဖြစ်နဲ့ မတူကြဘူး။ ကျွန်တော်က လွတ်ပြီးသားလူ။ လွတ်တာမှ ကွင်းလုံးကျွတ် လွတ်ပြီးသားလူ။ ထောင်လုပ်ငန်း သဘောအရ အားလုံး၊ အကုန်လုံး၊ အူတွင်းချေးခါး မကျန် စစ်ပြီးဆေးပြီး မေးပြီး မြန်းပြီး ရာခိုင်နှုန်းပြည့် လွတ်ပြီးသားလူ။ နောက်ထပ် ဘာပုဒ်မမှ မကပ်။ နောက်ထပ် ဘာတရားမှ မစွဲ။ နောက်ထပ် ဘယ်ရုံးမှ မတင်။

ကျွန်တော့်ကို နောက်ထပ် ၂ နှစ်ကျော် ထောင်ထဲသွင်း ပိတ်ထားခဲ့တာဟာ ဘာသဘောလဲ။ ဘာအဓိပ္ပာယ်လဲ။ ဘယ်လို ဖြေရှင်းမလဲ။ ဘယ်လို ခုခံချေပမလဲ။

ဗြောင် မတရားချုပ်နှောင်တာ။ အရပ်စကားနဲ့ ပြောရရင် “ဘလိုင်း” မတရား ချုပ်နှောင်တာ။ ဥပဒေမဲ့ မတရား ချုပ်နှောင်တာ။ စစ်အာဏာရှင်တွေ မတရားလုပ်တာ။ စစ်အစိုးရက နိုင်ငံသားတစ်ဦး အပေါ် တရားမဲ့ပြုတာ။

ကိုင်း… ဥပဒေ ပညာရှင်တွေ ကျွန်တော့်အမှုကို ဘယ်လို အဆုံးအဖြတ် ပေးကြမလဲ။ စစ်အာဏာရှင် တွေကို ဘယ်လို ခုခံကာကွယ်ကြ မလဲ။ ကျွန်တော့်ကို ဘယ်လို စောင့်ရှောက် ကြမလဲ။

တရားဥပဒေ စိုးမိုးရေး မရှိခဲ့လို့ ဒီလိုဖြစ်ခဲ့တာလို့ ပြောကြမှာလား။ စစ်အာဏာရှင် ခေတ်က တရား ဥပဒေမဲ့ခဲ့လို့ ဒီလိုဖြစ်တာလို့ ပြောကြမှာလား။

ဒီလို စစ်အာဏာရှင်တွေ၊ စစ်အာဏာရှင် အစိုးရတွေ၊ စစ်အာဏာရှင် ပါးကွက်သားတွေ၊ စစ်အာဏာရှင် လက်ပါးစေတွေ၊ စစ်အာဏာရှင် လက်ကိုင်တုတ်တွေ၊ စစ်အာဏာရှင် ကပ်ပါးတွေ၊ မတရား လုပ်ခဲ့ကြတာတွေ တရားမဲ့ ကျူးလွန်ခဲ့ကြတာတွေ၊ အားလုံးကို သင်ပုန်းချေ ပစ်လိုက်ရမှာလား။

သူတို့အားလုံးကို ဝန်ချ တောင်းပန် ခိုင်းကြမှာလား။

သူတို့အားလုံးကို ပြည်သူ့ခုံရုံးတင်၊ စစ်ဆေး အပြစ်ပေး ကြမှာလား။

သူတို့အားလုံးကို နိုင်ငံတကာ ခုံရုံးတင် စစ်ဆေး အပြစ်ပေး ကြမှာလား။

နိုင်ငံရေးအကျဉ်းသားတွေ အားလုံးအတွက် သူတို့အားလုံးဆီက နစ်နာကြေး၊ လျော်ကြေး၊ တောင်းပန်ကြေး၊ ကန်တော့ကြေး တောင်းကြမှာလား။ စစ်အာဏာရှင်တွေကို နိုင်ငံရေး အမွေဆက်ခံတဲ့ စစ်တစ်ပိုင်း အစိုးရ တစ်ခုလုံးကို သမဝါယမ အစိုးရအဖွဲ့ လုပ်ခိုင်းကြမှာလား။

လုပ်ချင်တာ လုပ်။ လုပ်သင့်တာ လုပ်။ လုပ်ဖို့လိုတာ လုပ်ကြပါ။ ကောင်းတာချည်းပါပဲ။ ကျွန်တော် ထောက်ခံ ပါတယ်။

အရေးတော်ပုံ  တပ်သား တစ်ယောက်အနေနဲ့ သဘောထား ပြောပါလို့ မေးမလား။ နိုင်ငံရေး အကျဉ်းသား ဟောင်းတိုင်းက ဒီလို ပြောကြလိမ့်မယ် ထင်တယ်။

စစ်အာဏာရှင်တွေ တစ်မြုံလုံးကို

ကမ္ဘာမကျေဘူးဟေ့။

ဗမာမကျေဘူးဟေ့။

ငါမကျေဘူးဟေ့။

ကျွန်တော်တစ်ယောက်ထဲရဲ့ ထပ်ဆင့်သဘောထား ဘယ်လို လဲလို့ ထပ်ဆင့်မေးမလား။ ဒီလို ဖြေမိမယ် ထင်တယ်။

စစ်အာဏာရှင်တွေဟာ သမိုင်းကြွေး ဆပ်ကြရမယ့် တာဝန်တွေကလည်း ကင်းလွတ်ခွင့် ရနေကြတယ်။ တရားဥပဒေ ကြွေးဆပ်ကြရမယ့် တာဝန်တွေကလည်း ကင်းလွတ်ခွင့် ရနေကြတယ်။ ကွယ်လွန်သူ စာရေး ဆရာကြီး သတင်းစာ ဆရာကြီး အိုးဝေဦးညိုမြ စကားလုံးအတိုင်း “ငရဲခွေးကြီးလွတ်နေဆဲ” (Hell Hound at Large) လို့ ပြောရမှာပေါ့။ နောက်တစ်မျိုး ပြောရမယ်ဆိုရင် ဒီလို ပြောပြချင်တယ်။

“ကာလပေါ် ငရဲခွေးကြီးတွေ လွတ်နေသေး”။

ဟံသာဝတီ ဦးဝင်းတင်

Myanmar Independence Journal
ကာလပေါ် “ငရဲခွေးကြီးတွေ လွတ်နေ”သေး ကာလပေါ် “ငရဲခွေးကြီးတွေ လွတ်နေ”သေး Reviewed by သစ်ထူးလွင် on 09:15 Rating: 5

23 comments:

အားလုံးကိုစိတ်နာတယ်, ဘာမှပြောချင်ဘူး။ said...

နိုင်ငံခြားမှာ ရာထူးက နားသွားပေမယ့် အပြစ်ရှိရင် တရားစွဲကြ တယ်လို့ သတင်း တွေမှာ ဖတ်ရ တယ်။ ဟိုနေ့ကပဲ သက်ဆင်ကို ဝရမ်းထုတ် လိုက်ပြီတဲ့လေ။

diplomat said...

ွှအရမ်းကို စိတ်ထိခိုက်ခံစားရပါတယ်ဗျာ...
ကိုယ်ချင်းစာပါတယ် ဆိုတဲ့ စကားလုံးနဲ့ကို မလိုက်လှပါဘူး...

miketee said...

ငရဲခွေးကြီးဆိုတာထက်ဖက်ဆစ် ငရ်ဲခွေးစစ်ဘီလူးဆိုရင်ပိုလေးနက်တယ် လုံးဝ(လုံးဝ)ကမ္ဘာမကြေဘူးဟေ့ သင်ပုန်းချေရန်မလို၊တရားဥပဒေနဲ့အညီ နိုင်ငံတကာခုံရုံး၊ပြည်သူ့ခုံရုံးသိုရောက်အောင်ပို့ကြ

Unknown said...

ယခု ဖော်ပြပါစာကို ဖတ်ရတာတော်တော်ကို စိတ်မကောင်းဖြစ်မိတယ် ကျွန်တော်တို့ကိုယ်တိုင် ထောင်မကြဘူးပေမဲ့အပြင်မှာ ကြားနေရတာတွေနဲ့တင် တော်တော်သူတို့ကိုစိတ်ကုန်မိပါတယ်..စိတ်ပြတ်မိပါတယ်..ယခုလို သူတို့အပြစ်တွေကိုပြန်ပြီး ၀န်ချတောင်းပန်ခိုင်းတာ ကိုကျွန် လူငယ်တယောက်အနေနဲ့ အပြည့်အ၀ထောက်ခံပါ တယ်..ဒီထက်မကတဲ့ နိုင်ငံတာခုံ ရုံးတွေမှာတောင် စစ်ဆေးသင့်ပါတယ်..ခုမှ ယခင်ဗိုလ်ချုပ်မှုးဟောင်းဦးခင်ညွန့် က လူလည်မှာ ဘုရားဒကာ လာလုပ်နေတာပါ သူကိုလဲ တောင်းပန်ခိုင်းသင့်ပါတယ်..




asia lad

နေမင်းခန့်  said...

ခုချိန်မှာအရေးကြီးဆုံးသည်... မြန်မာ့စီးပွားရေးနာလန်ထူဖို့ ပညာရေးအုတ်မြစ်ပြောင်းပြန်လှန်ဖို့ တရားရေးမဏ္ဍိုင် အမြစ်ထုတ်ရှင်းသုတ်ပြစ်ဖို့ ......ဒါတွေသည်ရေရှည်စီမံကိန်း
ကချင်ဗမာအရေး ရခိုင် ရိုဟင်ဂျာအရေး အစိုးရဝန်ကြီးများ ဝန်ကြီးဌာနများ လူမှန်နေရာမှန် လုပ်ငန်းမှန် စိတ်ထားမှန်လုပ်ဖို့  နိုင်ငံတကာသံခင်းတမံခင်း နဲ့ မြန်မာ့အပေါ်မြင်တဲ့အမြင်တွေကို အကောင်းမြင်အောင်ပြောင်းဖို့ သည် ..လတ်တလောအရေးကြီး စီမံကိန်း..... ထို့ နောက် တရုပ်စကားပုံအတိုင်းဆိုရလျှင် ယောင်္ကျားကောင်းလက်စားချေတာ 10 နှစ်စောင့်ရလဲ နောက်မကျဘူး ဆိုသလိုပဲ.... ဒီအရေးတွေနောက်မှ ပြစ်မှုကျူးလွန်သူ လူမဆန်သူတွေ ကြက်တူရွေးကတော်တော်မယ်ဘော်ကကဲကဲ ကောင်တွေ... DKSBF လို လက်မရွံ့ တွေကိုစစ်ရုံးတင်စစ်ဆေး... အပြစ်ပေးခြင်းများဟာမလုပ်မဖြစ်လုပ်ရမှာဖြစ်တဲ့အကြောင်း ထပ်လောင်း ပြည်သူ့ ကိုယ်စားထပ်လောင်းပြောပြပါရစေ.....လတ်တလောမှာတော့တည်ငြိမ်စရေမျက်နှာပြင်ကို လေပေါက်လောက်လေးတွေပဲ ကျစေပြီး ခဲကြီးကြီးတွေပစ်မချပါနဲ့ ဦး လို့ ပဲ....တောင်းပန်ပါရစေ

thatonthar said...

လုံးဝကိုမတရာဘူး. စစ်အာဏာရှင်ကိုတရာစွဲရမယ်

Unknown said...

ငရဲခွေးလို့ဆရာကြီးကပြောလို့သာ။။။။တကယ်တော့ငရဲခွေးမဟုတ်ဘူးထင်တယ်။ငရဲဆိုတာအပြစ်ရှိသူတွေကိုသာအပြစ်ပေးတဲ့နေရာ၊ငရဲမှာအမှုထမ်းတဲ့ခွေးဟာလည်းအပြစ်ရှိသူတွေအတွက်သာဖြစ်တယ်၊ဒီခွေးတွေကငရဲမှာတောင်အမှုမထမ်းသင့်ဘူး...အဲ့ဒီတော့ ငရဲ ကခွေးလောက်မှတန်ဖိုးမရှိတော့ ငရဲခွေးနဲ့မနှိုင်းသင့်ဘူးထင်ပါတယ်။ငရဲနဲ့တောင်မတန်ပါဘူး။။။ခွေးနဲ့လည်းနှိုင်းဖို့မကောင်းဘူး ခွေးဆိုတာလည်း သခင်ကို အင်မတန်သစ္စာစောင့်သိတာ။ဒီကောင်တွေက စားတဲ့ထမင်းကိုတောင်အားမနာတဲ့ တိရစ္ဆာန်တွေ။။။။။

Unknown said...

ဥပဒေပညာရှင်တွေရဲ့အထက်မှာသူတို့ရှိတယ်။ သူတို့လုပ်တိုင်း ဖြစ်နေသည်။သူတို့ချမ်းသာဖို့ဆိုရင်ဘယ်သူ့ မျက်နှာမှမကြည့်ဘဲ ဘာကိစ္စမဆိုလုပ်ရဲကြသည်။ သူတို့အားလုံးလည်း ချမ်းသာ ကြွယ်ဝနေကြသည်။ တိုင်းပြည်ကိုလည်း နေရာလပ်မကျန် လက်ညိုးထိုး ရောင်းစားခဲ့ကြသည်။ သူတို့ပိုင်ဆိုင်သမျှ ဘာမှယူမသွားနိုင်သော်လည်း ဆင်းရဲတွင်းနက်နေသော တိုင်းသူပြည်သားများကို နောင်အနာဂတ်အတွက်ထားခဲ့သည်။ သူတို့သည် လူ့တာဝန်မကျေသူများအဖြစ် သမိုင်းတွင် ကျန်ရစ်မည်။

touttout said...

ပြည်သူ့အသံလွှတ်တော်အသံလို့ ဆိုထားကြပါသည်။ ပြည်သူကိုဗဟိုပြုတဲ့ အစိုးရဟု ကြေညာထားကြပါသည်။ ယခုပေါ်ထွက်လာသော ပြည်သူတစ်ဦး၏ ရင်တွင်းမှအသံသည် တစ်လောကလုံးကြားလောက်သောအသံဟု ဆိုချင်ပါသည်။ ပျော်ရွှင်ပါစေမြန်မာပြေ ဆိုတာ ဘယ်သူတွေကို ရည်ညွှန်းတာပါလဲ။ မြန်မာတွေကို တကယ်ပျော်စေချင်ရင် ဘာတွေအရင်လုပ်သင့်သလဲ။ ကိုယ်ပြည်သူကို ညှင်းပန်းနှိပ်စက်ရန် မြန်လည်းမြန်သည်၊ မာလည်းမာသည်။ အပြစ်ရှိသူကို သမိုင်းတရားခံကို ဖော်ထုတ်အရေးယူရန် နှေးလည်းနှေးနေသည်။ ပျော့လည်းပျော့သည်၊ ညံ့လည်းညံ့သည်။ ထို့ကြောင့် မြန်မာဟုခေါ်သည်ဟု ဆိုရမှာလား။ မြန်တဲ့သူတွေ မာတဲ့သူတွေ ပျော်ရွှင်ပါစေလား။ good government, clean government နှင့် ယနေ့မြန်မာပြည် လုံလောက်ပါ၏လော၊ brave government, wise government ပါ ပူးတွဲပေးရန် တောင်းဆိုသံ ကို ယခု ကြားရသည်။ ဘယ်သူသေသေ ငတေမာပြီးရော၊ ဒုံရင်းဒုံရင်းပဲ၊ ဒါပါပဲကွာ ဒါပဲကွာ ---ဆိုရင်ဖြင့်။ ထူးမခြားနား ဇာတ်ကားကိုဖြင့် မကြည့်ချင် မမြင်ချင် မကြားချင်တော့ကြောင်း ပြည်သူ့အသံကို ထပ်ဆင့်ထုတ်လွှင့်ပါသည်။ ပြောင်းမှာဖြင့် ပြတ်ပြတ်သားသားပြောင်းကြပါ။
ပြတ်ပြတ်သားသား ပြောင်းပြပါ။

မြတ်ဖုန်းမို said...

"လူအချင်းချင်း ညှင်းပန်းခြင်း ကင်းဝေးကြပါစေ"လို့ ပဲ ပြော ချင်ပါတော့တယ်ဗျာ..

Unknown said...

ပေးဆပ် စွန့်လွှတ်ခဲ့ရသူများ အားလုံးကို ဦးညွှတ်လိုက်ပါတယ် 'နောက်ကြောင်းပြန်မလှည့်ကြေး' ဆိုပြီး အလှည့်ကျရင်နွဲ့ချင်တဲ့ ကိုယ့်သမိုင်းကိုယ် တာဝန်မယူရဲတဲ့ နိုင်ခြေရှိမှ အနိုင်ကျင့်ရဲတဲ့ သူတွေကို သဘောထားကြီးကြီးနဲ့ ကျောခိုင်းခဲ့ပြီး အလုပ်တွေဆက်လုပ်ပါဦး အံကယ်ခင်ဗျား

ူlay said...

တိုင်းပြည်နဲ့ လူမျိုးအပေါ်သစ္စာမရှိတဲ့ စစ်အာဏာရှင်လူတစုကိုတော့ဘယ်တော့မှ
မကျေနှိုင်ပါ...တိုင်းပြည်နဲ့ လူမျိုးကိုစောင့်ရှောက်ရမဲ့အဓိကတာဝန်ယူတဲ့အဖွဲ့ က့ ကမ်းကုန်အောင်ယုတ်မာခဲ့ကြတယ်...လူတိုင်းသိတယ်..တ တိုင်းပြည်လုံးသိတယ်
အားရပါးရယုတ်မာခဲ့သလို...ပြန်ခံရရင်မနွဲ့ စတမ်းပေါ့ ကွာ...

kyaw said...

အန်ကယ်ရဲ့ ဘဝအစိတ်အပိုင်းလေးဖတ်ရတာနဲ့တင်
တော်တော်ကြေကွဲစရာပါ
မပြောရသေးတဲ့ နောက်ကွယ်က ညှဉ်းပန်နှိပ်စက်မှု
မျိုးစုံကြောင့် သူရဲကောင်းတွေ ဘယ်နှစ်ဦးလောက်များ
စတေးခံပြီးခဲ့ပြီလဲ

kyaw said...

အန်ကယ်ရဲ့ ဘဝအစိတ်အပိုင်းလေးဖတ်ရတာနဲ့တင်
တော်တော်ကြေကွဲစရာပါ
မပြောရသေးတဲ့ နောက်ကွယ်က ညှဉ်းပန်နှိပ်စက်မှု
မျိုးစုံကြောင့် သူရဲကောင်းတွေ ဘယ်နှစ်ဦးလောက်များ
စတေးခံပြီးခဲ့ပြီလဲ

koko said...

ဦးဝင်တင့်ရဲအဖြစ်ကို ဖတ်ပြီး ကျမ မျက်ရည်ကျတယ် ရင်ဘတ်အောင့်တဲ့အထိပဲ ကျမအချုပ်ထဲ၉ လခံလိုက်ရပြီးမုဆိုးမ ဘ၀ရောက်သွားတာကိုကျမကိုကျမ အဖြစ်ဆိုးလှပြီးထင်ခဲ့တာ အော် ကျမထက် ငရဲပြည်ရောက်လူမဆန်သောအပြုမှုတွေကို အမှောင်ထဲမှာခံနေတာကို ခုလို့မထုပ်ဖော်ပြောယင်၊ ဒိလိုငရဲနိုပ်စက်နည်းက ရုပ်ရှင်ဒါရိုက်တာတောင် တွေးခေါ်နိုင်လိမ့်မယ်မထင်ဘူး ။ ကျမ မှာလဲ ပြောစရာ ရှိတယ် ကျမ လဲမကျေနပ်တာ ရှိတယ် ကျမကိုဆက်သွယ်နိုင်တဲ့အီးမေးလေးကိုပေးပါလို့ ဦးဝင်းတင့် ကိုတောင်းဆိုလိုက်ပါတယ်

D Khit said...

အထက်က နေမင်းခန့် ရေးထားတဲ့comment ကိုထောက်ခံသဘောတူပါတယ်။ ဒီအချိန်ဟာ အထိအခိုက်မခံတဲ့အနေအထားဖြစ်နေတယ်ဆိုတာသတိပြုကြစေလိုပါတယ်။အဲဒါကြောင့် ဒီမိုကရေစီအရေးတော်ပုံကြီးအတွက် စွန့်လွတ်၊ စွန့်စား၊ အနာခံ၊ ညှင်းပန်းအနှိပ်စက်ခံခဲ့ကြရတဲ့ ဒီမိုကရေစီဘက်တော်သားတွေ၊ နိုင်ငံရေးသမားတွေကို တစ်ခုတော့ သတိပေးပါရစေ။ ဒီလိုမပြောခင် တစ်ခုတော့ကြိုပြောထားပါရစေ။ ကျနော်သည် စစ်အာဏာရှင်များနှင့်၎င်းတို့၏တပည့် စစ်ခွေးများအားရင်ထဲ၊အသဲထဲမှ တူးတူးခါးခါး၊ရွံရှာမုန်တီးသူဖြစ်ကြောင်းအသိပေးထားပါရစေ။ ဒီအချိန်မှာ ကျနော်တို့သည် နိုင်ငံတော်အာဏာကိုလုံးဝထိမ်းချုပ်နိုင်သော ဒီမိုကေ၇စီ အစိုးရမတည်ဆောက်နိုင်သေးပါ။အမေစုပြောသလိုတပ်မတော်တစ်ခုလုံးသော်၎င်း၊အများစုသည်၎င်း ပြည်သူတို့နှင့်တသားတည်းမဖြစ်သေးခင်၊ ပြည်သူတို့ဘက်တွင်မှန်ကန်စွာရပ်တည်ရန်အဆင်သင့်မဖြစ်သေးမခြင်း(မဟာအောက်တိုဘာတော်လှန်ရေးကာလမှရပ်ရှားတပ်နီတော်ကဲ့သို့)ကျနော်တို့ဆန်ဒ စောရွေ့မဖြစ်ပါ၊ စိတ်ရှည်ကြရပါမည်။ ၁၉၉၀ ရွေးကောက်ပွဲတွင် ဒီမိုကရေစီအစိုးရပေါ်ပေါက်ရန်အခြေအနေပေး ပါလျှက် နူရင်ဘတ်ခုံရုံးတင်မည်ဆိုသည့်ဦးကြည်မောင်၏မဆင်မခြင် စကားတစ်ခွန်းကြောင့် မတရားလုပ်ထားသည့်အကြောက်ကြီးသူများသည် အာဏာလွဲမပေးတော့ဘဲ မထူးဇာတ်ခင်းပြီး ပိုရွေ့ရက်စက်သောနည်းလမ်းများနှင့်အာဏာကိုအစွမ်းကုန်တည်မြဲအောင် လုပ် ပြီး၊သူတို့အလွန်အလွန်ချမ်းသာအောင်တိုင်းပြည်ကိုေ၇ာင်းစားခဲ့ကြောင်းသင်ခန်းစာလည်းရပြီးဖြစ်ပါသည်။( ခွေးကိုချောင်ပိတ်၊မရိုက်သင့်ပါ၊အန်တရယ်ရှိပါသည်)။ထိုကြောင့်အားလုံးကိုစိတ်ရှေကြပါ၊အချိန်ကောင်း၊အချိန်မှန်ကိုစောင့်ကြပါလို့သတိပေး၊မြစ်တာရပ်ခံပါရစေ။

Unknown said...

ဒီစာကိုဖတ်ရတာအရမ်းစိတ်မကောင်းဖြစ်ရပါတယ်။လူတစ်ယောက်ကိုဒီလိုလုပ်ရဲတဲ့သူတို့ကိုလည်းအံ့သြမိပါတယ်။ဒါပေမဲ့ကျွန်တော်ထင်ပါတယ်။မကောင်းမှုလုပ်ခဲ့တဲ့လူတွေဟာကိုယ့်အလှည့်ဆိုတာပြေးမလွတ်နိုင်ပါဘူး။ဒီဘ၀မှာသာမကနောင်ဘ၀အတွက်ပါသူတို့အတွက်ပါသွားမဲ့အကုသိုလ်တွေပါ။

Unknown said...





ဘဘဦးဝင်းတင်လိုလူတွေအများကြီးရှိနိုင်ပါတယ်။တရားဥပဒေစိုးမိုးတဲ့တစ်နေ့မှာ.?

Anonymous said...

မှတ်ချက်။ ။ငရဲခွေးတွေ သိက္ခာမကျအောင် အခြားနှိုင်းယှဉ်စရာရှာပါ။

Unknown said...

မြန်မာ့သမိုင်း မှာ တကယ့်ကို ရင်နာစရာကောင်းတဲ့ အမဲစက် တွေပါဘဲ ကိုယ်ပြု သမျှကံ ပဲ့တင်သံ ကိုယ့်ထံပြန်လာလိမ့် မြည်လို့  ဘဲမှတ်ကြပါ

nanda khit said...

ကိုယ်ကိုတိုင် ခံရသလို ကိုယ်ချင်းစာပါသည် ယုတ်မာကြပါသည် ရက်စက်ကြပါသည် မည်သည့်စကားလုံးများရှာ၍ဖြေသိမ့်ရမည်မသိတော့ပါ နေမင်းခန့်တို့ ဒီခေတ်တို့ရေ မှန်သင့်သလောက်တော့မှန်ပါသည် ဒါပေမဲ့ သူက ခံခဲ့ရသူလေ တမနက် တရက်တောင်မသွားချင်တဲ့နေရာလေကွာ ကိုယ်ကတော့ ဒင်းတို့အသက်ရှည်ပါစေလို့ ဆုတောင်းတယ် ဒါမှ ဝတ်ဆိုတာနောင်ဘဝမကူးပါဘူး တူဖြစ်တုံးက ထုခဲ့ပြီးပြီ ပေဖြစ်မဲ့အချိန်စောင့်သွားပါအုံး ဆဒ္ဒန်ဟူစိန်တို့ ဂဒါဖီတို့လို ခံကြရမှာအုံးမှာပါ

nanda khit said...

ကိုယ်ကိုတိုင် ခံရသလို ကိုယ်ချင်းစာပါသည် ယုတ်မာကြပါသည် ရက်စက်ကြပါသည် မည်သည့်စကားလုံးများရှာ၍ဖြေသိမ့်ရမည်မသိတော့ပါ နေမင်းခန့်တို့ ဒီခေတ်တို့ရေ မှန်သင့်သလောက်တော့မှန်ပါသည် ဒါပေမဲ့ သူက ခံခဲ့ရသူလေ တမနက် တရက်တောင်မသွားချင်တဲ့နေရာလေကွာ ကိုယ်ကတော့ ဒင်းတို့အသက်ရှည်ပါစေလို့ ဆုတောင်းတယ် ဒါမှ ဝတ်ဆိုတာနောင်ဘဝမကူးပါဘူး တူဖြစ်တုံးက ထုခဲ့ပြီးပြီ ပေဖြစ်မဲ့အချိန်စောင့်သွားပါအုံး ဆဒ္ဒန်ဟူစိန်တို့ ဂဒါဖီတို့လို ခံကြရမှာအုံးမှာပါ

ရာရာ said...

အခု လက်ရှိပစ္စခ အချိန်မှာ တရားဥပဒေ အမှန်တစ်ကယ်စိုးမိုးရေးကိုလုပ်ဆောင်နေရချိန်မို့ ဒီကိစ္စကိုအကောင်အထည်ဖေါ်ဖို့ ခက်ခဲပါဦးမယ်။ အမှန်တိုင်းလည်းဖြစ်နိုင်ဖို့ မလွယ်ပါဘူး။ နောင်တစ်ချိန်တရားဥပဒေအမှန်တစ်ကယ်စိုးမိုးချိန်ရောက်လာခဲ့တဲ့အခါ...ဒါကို မလုပ်မဖြစ်လုပ်မယ့် အရေးဖြစ်ပါတယ်...။ ပြစ်မှုကျူးလွန်ခဲ့သူတွေတစ်ချို့သက်ရှိထင်ရှားရှိချင်မှရှိကောင်းပါမယ်။ ဒါပေမယ့် ရှိတဲ့သူကိုတော့ ထိုက်တန်တဲ့အပြစ်ဒဏ်ပေးဖို့ သေခြာပေါက်အလှည့်ရောက်လာပါလိမ့်မယ်...။

Powered by Blogger.