စစ်ဘေးရှောင် ဒုက္ခသည်များ ဖားကန့်သို့ ထပ်မံဝင်ရောက်

ကချင်ပြည်နယ် ဖားကန့်ဒေသမှာ  စစ်ပြေးဒုက္ခသည်တွေ ထပ်တိုးလာတယ်လို့  ဖားကန့် ကချင်စစ်ပြေးရှောင်ဒုက္ခသည်ကူညီရေးအဖွဲ့ ၁ ဖွဲ့က ပြောကြားလိုက်ပါတယ်။

သက်ကြီးရွယ်အိုနဲ့ ကလေးအများစုပါဝင်တဲ့ ရွာသား ၁၅၀ လောက်ဟာ  စက်တင်ဘာ ၂၂ နဲ့ ၂၃ ရက်နေ့တွေမှာ ဖားကန့်မြို့ ငှက်ပျောတော ရပ်ကွက် ထဲမှာရှိတဲ့ ရိုမန်ကတ်သလစ် (အာရ်စီ) ခရစ်ယာန်ဘုရားကျောင်းကို ခိုလှုံဖို့ ရောက်လာတယ်လို့ ဘုရားကျောင်း ဒုက္ခသည်ကယ်ဆယ်ရေး တာဝန်ခံ ဆရာနော်ဂျာက ပြောပါတယ်။

ဒုက္ခသည်တွေဟာ ဖားကန့်မြို့ တောင်ဘက် ၁၀ မိုင်ကျော်အကွာက ပဒိုင်းတောင်ရွာနဲ့ နမ့်မော်ရွာက ရွာသားတွေဖြစ်ပြီး စက်တင်ဘာ ၂၂ ရက်နေ့က ရွာနားမှာ ကေအိုင်အေ တပ်ရင်း ၆ လက်အောက်ခံတပ်ဖွဲ့နဲ့ အစိုးရတပ်ကြား တနေကုန်နီးပါး တိုက်ပွဲတွေဖြစ်ပွားပြီးနောက် ထွက်ပြေးလာခဲ့ကြတာပါ။

ဘုရားကျောင်းမှာ ဩဂုတ်လကုန်ပိုင်းက စပြီး အခုထိ ထွက်ပြေးလာတဲ့ ဒုက္ခသည် ၁၀၀၀ နီးပါးရှိနေပြီ ဖြစ်ပါတယ်။

ဒုက္ခသည်တွေရဲ့ နေထိုင်စားသောက်ရေး တနေ့ထက်တနေ့ ပိုကျပ်တည်းလာပြီး နေ့စဉ် လူပေါင်း ရာနဲ့ချီကို ချက်ပြုတ် ကျွေးမွေးနေရတာကြောင့် ထင်းမီးလောင်စာတွေလည်း ရှားပါးလာတယ်လို့ ဆရာနော်ဂျာက ပြောပါတယ်။

“အခက်အခဲဆိုရင် ပေါင်းစုံပါပဲ။ ကျန်းမာရေးအရ ချောင်းဆိုနှာစေးတာ၊ ၀မ်းပျက် ၀မ်းလျှောတာ၊ ငှက်ဖျားဖြစ်တယ်။ စားဝတ်နေရေးတွေ အင်မတန်ခက်ခဲလာတယ်။ ဒီလောက်များပြားတဲ့ လူဦးရေတွေ ကျွေးမွေးဖို့ အင်မတန်ခက်ခဲပါတယ်။”

ဖားကန့်မြို့ပေါ်မှာ ဒုက္ခသည်စခန်းပေါင်း ၃၀ ကျော်ရှိပြီး ဒုက္ခသည်စုစုပေါင်း ၉ ထောင်ကျော်ကို မြို့သူမြို့သားတွေက ကူညီစောင့်ရှောက်ပေးနေကြတာပါ။

ဖားကန့်အနီးနားက  မော်ဝမ်းကလေးနဲ့ မော်မောင်းဘွမ်က ရွာသားတချို့ကတော့ သူတို့ဒေသမှာ    တိုက်ပွဲတွေ ငြိမ်သွားတဲ့အတွက်  အိမ်ပြန်သွားကြပြီ ဖြစ်ပါတယ်။

ဖားကန့်ဒေသငြိမ်းချမ်းရေးအတွက် လူမှုရေး၊ ဘာသာရေး အသင်းအဖွဲ့နဲ့ ဒေသခံပေါင်း ၁ ထောင်ကျော်ကလည်း လက်မှတ်ရေးထိုးပြီး သမ္မတဦးသိန်းစိန်ဆီကို စာရေး တောင်းဆိုထားပါတယ်။

by နန်းမြနဒီ  (ဒီဗွီဘီ)


အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။

နောက်ဆုံးရ သတင်း အပုဒ် (၁၀၀)

 
 

© Myanmar News Now Copyright by Thit Htoo Lwin

Template by သစ်ထူးလွင် နေ့စဉ်သတင်း | နေ့စဉ်ရုပ်ရှင်