ယီမင်ကာကွယ်ရေးဝန်ကြီး ကားဗုံးခွဲတိုက်ခိုက်ခံရ၊ ၁၃ ဦး သေဆုံး

မနေ့က ကားဗုံးခွဲတိုက်ခိုက်လုပ်ကြံမှုကြောင့် ယီမင်နိုင်ငံ ကာကွယ်ရေးဝန်ကြီး ထိခိုက်ဒဏ်ရာရခဲ့ပြီး လွတ်မြောက်သွားခဲ့ပေမယ့် ၀န်ကြီးရဲ့ သက်တော်စောင့် ၈ ဦးနဲ့ အရပ်သား ၅ ဦး သေဆုံးခဲ့ပြီး ၁၂ ဦး ဒဏ်ရာရရှိပါတယ်။

မျက်နှာနဲ့ ရင်ဘတ်မှာ ဒဏ်ရာရသွားတဲ့ ၀န်ကြီးကို ဆေးရုံ ပို့လိုက်ရတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။

ဆာနာ (Sanaa) မြို့ ၀န်ကြီးချုပ်ရုံးမှာ အစိုးရအဖွဲ့တွေရဲ့ အစည်းအဝေး ပြီးတဲ့နောက်မှာ ကာကွယ်ရေး ၀န်ကြီး ဗိုလ်ချုပ် မိုဟာမက် နာဆီ အာမက် (Muhammad Nasir Ahmad) ရဲ့ ယာဉ်တန်း ပြန်လည် ထွက်ခွာလာစဉ်မှာ တိုက်ခိုက်ခံရတာလို့ မျက်မြင်သက်သေတွေ က ပြောပါတယ်။

သေဆုံးသူ အရေအတွက် ပိုမြင့်လာပြီးတော့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေလည်း ပြန့်ကျဲနေတယ် လို့ ဆေးဘက်ဆိုင်ရာတွေက ပြောပါတယ်။ ၀န်ကြီးက ၀န်ကြီးချုပ်ရုံးကနေ ထွက်မယ့် အချိန်မှာ ရှိနေတုန်း သူရဲ့ လူတွေက ကားဆီအသွား ပေါက်ကွဲခဲ့တာဖြစ်ပြီး အနီးနားက တခြား ကားတွေလည်း ပေါက်ကွဲခဲ့တဲ့အတွက် ပြင်းပြင်းထန်ထန် ဒဏ်ရာရတာတွေ ရှိတယ်လို့လည်း ဆိုပါတယ်။

ဒီဇင်ဘာလက အစိုးရသစ် ဖွဲ့ပြီးတဲ့နောက် ကာကွယ်ရေးဝန်ကြီးကို ၄ ကြိမ်မြောက် လုပ်ကြံဖို့ ကြိုးစားတာဖြစ်ကြောင်း အစိုးရအရာရှိတွေက ပြောပါတယ်။
ဒီတိုက်ခိုက်မှု အတွက် တာဝန်ရှိတဲ့ အဖွဲ့ဘယ်သူလဲဆိုတာ အခုချိန်မှာ ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပါဘူး။

မျက်မြင်သက်သေ အဗူဒူလာ အာမက် (Abdulla Ahmed) က ကား ၃ စီးဘေးက ကား ၁ စီး ပေါက်ကွဲခဲ့သလို ထိခိုက်တဲ့သူတွေလည်း ရှိတယ်လို့ ပြောပါတယ်။ ဘယ်သူလုပ်တယ်ဆိုတာ မသိရပေမယ့် လူ ၅ ယောက်၊ ၆ ယောက်လောက် မီးလောင်နေတာကိုတော့ တွေ့ရတယ်လို့ ဆိုပါတယ်။

ယီမင်မှာ အယ်လ်ကိုင်းဒါး ချိတ်ဆက်အဖွဲ့ လှုပ်ရှားနေပြီးတော့ အရင် ၁ ပတ်က အယ်လ်ကိုင်းဒါး အဖွဲ့ခွဲ လက်ထောက်ခေါင်းဆောင် အယ်လ်ရှိဟာရ်လည်း သေဆုံးခဲ့ပါတယ်။ သူ့ကို အမေရိကန်၊ ဆော်ဒီနဲ့ ယီမင်အာဏာပိုင်တွေက အလိုရှိနေ တာလည်း ဖြစ်ပါတယ်။
အယ်လ်ရှိဟာရ်ဟာ ၂၀၀၇ ခုနှစ်တုန်းက ဖမ်းဆီးထိန်းသိမ်းထားရာကနေ လွတ်မြောက်သွားခဲ့ပြီး ၂၀၀၈ ယီမင်ရှိ အမေရိကန် သံရုံးကို တိုက်ခိုက်ရာမှာလည်း ပါဝင် ပတ်သက်တယ်လို့ ဆိုနေပါတယ်။

 by ဒီဗွီဘီ 


ယီမင်ကာကွယ်ရေးဝန်ကြီး ကားဗုံးခွဲတိုက်ခိုက်ခံရ၊ ၁၃ ဦး သေဆုံး ယီမင်ကာကွယ်ရေးဝန်ကြီး ကားဗုံးခွဲတိုက်ခိုက်ခံရ၊ ၁၃ ဦး သေဆုံး Reviewed by သစ်ထူးလွင် on 17:03 Rating: 5

No comments:

Powered by Blogger.