မုံရွာမြို့ အထက်တန်းကျောင်း ၀ရန်တာပြိုကျ၊ ကျောင်းသူများ ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ အမှတ် ၂ အထက်တန်းကျောင်းမှာ ဒီနေ့ မွန်းလွဲပိုင်း ၂ နာရီခွဲလာက်က န၀မတန်း ကျောင်းဆောင်အပေါ်ထပ် ၀ရန်တာ ပြိုကျရာမှာ ကျောင်းသူ ၂၀ ကျော်ဒဏ်ရာရသွား ပါတယ်။

လတ်တလော ကျောင်းသူ ၂၀ ဒဏ်ရာနဲ့ မုံရွာပြည်သူ့ဆေးရုံကြီးမှာ တက်ရောက် ဆေးကုသမှု ခံယူနေရပြီး ၁ ဦး အခြေအနေ စိုးရိမ်ရတယ်လို့ အထက ၂ ကျောင်း ဆရာမတဦးက ပြောပါတယ်။

“ကျောင်းမှာ ကော်ရစ်ဒါပြိုကျတာ၊ ၉ တန်း ကလေး ၂၀ လောက် ဆေးရုံတင်ထားရတယ်။ မစိုးရိမ်ရ ဘူး။ တယောက်ကတော့ သတိမရသေးဘူး။”

မကြာခင် ပင်စင်ယူဖို့ ရှိတဲ့ ကျောင်းဆရာကြီးကို နှုတ်ဆက်ပွဲလုပ် ကန်တော့ဖို့ ကျောင်းသားတွေ အလာမှာ ခုလို မတော်တဆ ဖြစ်ပွားခဲ့တာလို့လည်း ပြောပါတယ်။

“ဆရာကြီးကို ကန်တော့ဖို့ တန်းစီပြီး ကလေးတွေလာကြတာ၊ အခန်းက 1A ခန်းနဲ့ D ခန်းကများ တယ်။ ယက်မလိုဟာ ကွာပြီး ဗြိခနဲ အသံကြားပြီး ပြုတ်ကျတော့ ကလေးတွေ က ကြောက်ပြီး တောင်ဘက် တိုးတော့ တောင်ဘက်က ကာထားတဲ့ ၀ရန်တာပါ ပြုတ်ကျသွားတာ။”

၁၀ ပေကျော်လောက်မြင့်တဲ့ သစ်သားပျဉ်ခင်း ၀ရန်တာဟာ အုတ်ခံကျောင်းဆောင်မှာ ကပ်ရိုက်ထားတဲ့ ယက်မသစ်သားတန်း ကွာကျတဲ့အတွက် ခုလို ကျောင်းသူတွေ ထိခိုက်ဒဏ်ရာရ ကုန်တာဖြစ်ပြီး ဆရာမ တဦးလည်း ခြေထောက်မှာ ထိခိုက် ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။

by ပီတာအောင် - ဒီဗွီဘီ
မုံရွာမြို့ အထက်တန်းကျောင်း ၀ရန်တာပြိုကျ၊ ကျောင်းသူများ ဒဏ်ရာရ မုံရွာမြို့ အထက်တန်းကျောင်း ၀ရန်တာပြိုကျ၊ ကျောင်းသူများ ဒဏ်ရာရ Reviewed by သစ်ထူးလွင် on 18:56 Rating: 5

No comments:

Powered by Blogger.