နိုင်ငံခြား အန်ဂျီအိုများ အကူအညီ ဒေသခံ တိုင်းရင်းသားများ ငြင်းပယ်


မောင်တောမြို့ဒုက္ခသည်စခန်းတခုမှ မြင်ကွင်း
ရခိုင်ပြည်နယ် မောင်တောမြို့တွင် ဖွင့်လှစ်ထားသော ဒုက္ခသည် စခန်း(၇) ခုသည်  နိုင်ငံခြားအန်ဂျီအိုများမှ လာရောက် လှူဒါန်းသော အကူအညီများကို လက်မခံဘဲ ငြင်းပယ်လိုက်သည်ဟု သတင်း ရရှိသည်။

ယခုကဲ့သို့ ငြင်းပယ်ရခြင်းမှာ မရိုးသားမူများ ရှိနေ၍ ဖြစ်ကြောင်း ဒုက္ခသည်များ အဓိက ခိုလုံရာ နေရာ ဖြစ်သည့် အလိုတော်ပြည့်ကျောင်း ဆရာတော်က မိန့်ကြားသည်။

“ သူတို့ရဲ့  လူသားချင်း စာနာထောက်ထားခြင်း အားဖြင့် လူမျိုးမရွေး ဘာသာမရွေး ကူညီထောက်ပံ့ခြင်းဆိုတဲ့ ခေါင်းစီးစာတန်းကိုတော့ လေးစားပါတယ်။ ဒါပေမယ့်  အဲဒီစာတန်းရဲ့ နောက်ကွယ်မှာ မရိုးသားမှုတွေရှိနေတယ်။ ဘာဖြစ်လို့တုန်း ဆိုတော့  ခေတ် အဆက် ဆက်မှာ ဒီဒေသမှာရှိတဲ့  ငါတို့တိုင်းရင်းသားတွေကို ဒီနိုင်ငံခြားက အဖွဲ့အစည်းတွေ ကူညီထောက်ပံ့ခဲ့တယ်ဆိုတာ လက်ညှိုး ထိုးပြစရာ မရှိဘူး။ သူတို့အဖွဲ့အစည်းတွေက ဒီမှာရှိတဲ့ မူဆလင် ဘင်္ဂလီတွေကိုဘဲ ထောက်ပံ့တယ်” ဟု ဆရာတော်က ပြောသည်။

နိုင်ငံခြား အန်ဂျီအို သုံးခုသည် ဇူလိုင်လ ၃ ရက်နေ့က မောင်တောမြို့ပေါ်ရှိ ဒုက္ခသည် စခန်းများသို့ လာရောက်ပြီး အကူအညီပေးစဉ် ထိုသို့ ငြင်းပယ်ခံရခြင်း ဖြစ်သည်။

“ သူတို့က ဒီဒေသမှာ ဆန်ပေးတယ်။ ကျန်းမာရေးအခမဲ့ ပညာရေး အခမဲ့ ဒါတွေကို ဆောင်ရွက်ပေးတယ်။ တို့တိုင်းရင်းသားတွေ အတွက် မဟုတ်ဘူး။ သူတို့က တို့တွေ အတွက်  ဘာမှလုပ်ပေးခဲ့ တာမရှိဘူး။ မူဆလင် ရွာတွေမှာ လမ်းဖောက်ပေးတယ်။ ရေတွင်းတူးပေးတယ်။ ရေကန်ဖော်ပေးတယ်။ တို့တိုင်းရင်းသား ရွာတွေမှာ ဘာမှမရှိဘူး။  အဲသလို အခြေအနေမျိုးမှာ အခုတော့ အေးချမ်းစွာ လုပ်ကိုင်စားသောက်နေတဲ့ တို့ရင်းသားတွေကို ဒီအန်ဂျီအိုတွေ အားကိုးနဲ့ အကြမ်းဖက်ခြင်းခံရတယ်။ သာမန် အားဖြင့်ကြည့်ရင် ရခိုင်နဲ့ ကုလား အဓိကရုဏ်းဖြစ်တယ်လို့ မြင်နိုင်တယ်။  ဒီထက်လေးနက်တဲ့ အပိုင်းက နိုင်ငံတော်ရဲ့ အချုပ်အချာအာဏာကို ထိပါးတာဖြစ်တယ်”  ဟု ဆရာတော်က ပြောသည်။

“ အဲဒါကြောင့်မို့ မင်းတို့ ထောက်ပံ့တဲ့ ပစ္စည်းတွေကို ငါတို့မလိုအပ်ဘူး၊  မင်းတို့ မလာပါနဲ့လို့ ပြောလိုက်တယ်။ တို့လူမျိုးတွေက သူများကို အားကိုးတဲ့လူမျိုး မဟုတ်ဘူး။ ဒီလိုဘဲ ပြောပြီး သူတို့ကို ကျောင်းထဲက လွှတ်လိုက်တယ်” ဟု ဆရာတော်က ဆိုသည်။

ဇူလိုင်လ ၄ ရက်နေ့တွင်လည်း မာတေဇာ အပါအ၀င် အန်ဂျီအို တချို့  တခြား ဒုက္ခသည်စခန်းများသို့ သွားရောက် လှူဒါန်းရာတွင်လည်း ယခုကဲ့သို့ ငြင်းပယ်ခံရသည်ဟု ဆိုသည်။

“ နိုင်ငံခြား အန်ဂျီအိုတွေက ဆရာဝန်ကြီးတွေနဲ့ အတူ ပစ္စည်းတွေလှူဖို့ လာတယ်။ တစ်နေရာကလည်း လက်မခံဘူး။ ပြန်လွတ်လိုက်တယ်။ အင်္ဂလိပ်တယောက်လည်း ပါတယ်။ သူတို့ ဒီနေ့ ညနေ ၂ နာရီလောက်မှ မြို့ထဲက ပြန်သွားတယ်” ဟု မောင်တောမြို့ခံ တစ်ဦးက ပြောသည်။

ယခု မောင်တောမြို့နယ် အကြမ်းဖက်မူတွင် နိုင်ငံခြား အန်ဂျီအိုများမှ ဒေသခံ ၀န်ထမ်းများ နောက်ကွယ်က ပါဝင်နေသည်ဆိုသော သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေပြီး ယခုအခါ နိုင်ငံခြား အန်ဂျီအိုများ အပေါ် ဒေသခံ တိုင်းရင်းသားများက အထူး မကျေနပ်မူများ တိုးပွားနေသည်ဟု သိရသည်။

၎င်းပြင် ယူအန် လက်အောက်ခံ အဖွဲ့များနှင့် နိုင်ငံခြား အန်ဂျီအိုများသည် ဒေသခံ ရခိုင်တိုင်းရင်းသားများ အပေါ် ဆယ်စုနှစ်နှင့် ချီပြီး ခွဲခြား ဆက်ဆံမူများ ရှိခဲ့သည်ဟု ဒေသခံများက ပြောဆိုသည်။

မောင်အေး - နိဉ္စရာ သတင်းဌာန
အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။

နောက်ဆုံးရ သတင်း အပုဒ် (၁၀၀)

 
 

© Myanmar News Now Copyright by Thit Htoo Lwin

Template by သစ်ထူးလွင် နေ့စဉ်သတင်း | နေ့စဉ်ရုပ်ရှင်