UNHCR ရခိုင်မှာ လုပ်ငန်းပြန်စ

ရခိုင်ပြည်ဘက်မှာ ဖြစ်ခဲ့တဲ့အကြမ်းဘက် အဓိကရုဏ်းတွေကြောင့် လုပ်ငန်းတွေ ယာယီရပ်ခဲ့တဲ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က သူတို့ရဲ့လုပ်ငန်းတွေကို အပြည့်အဝ ပြန်စဖို့ ပြင်ဆင်နေ ပါပြီ။ အခြေအနေအရ ရခိုင်အခြေစိုက် ၀န်ထမ်းတွေကို ဘေးကင်းရာ ရွှေ့ပြောင်းခဲ့တာဖြစ်ပြီးတော့ အခုတော့ အကူအညီတွေ ပြန်ပေးနိုင်ဖို့အတွက် လေ့လာမှုတွေ လုပ်နေပါပြီ။ ရခိုင်ပြည်နယ်မှာ အခြေအနေတွေ တည်ငြိမ်နေပေမဲ့ မနေ့တုန်းကဆိုရင် ရသေ့တောင်မြို့နယ်ထဲက ကျေးရွာတခုမှာ ထိခိုက်သေဆုံးတဲ့အထိ အဓိကရုဏ်းတွေ ဖြစ်ခဲ့ပါသေးတယ်။ နေရပ်စွန့်ပြီး ဘေးလွတ်ရာ နေနေကြသူတွေမှာလည်း  အနေအစား ဆင်းရဲနေကြပါတယ်။ ရခိုင်ဘက်က အခုလို အခြေအနေတွေကို ဘန်ကောက်ကနေ ဆက်သွယ်မေးမြန်းထား တဲ့ ကိုကျော်ကျော်သိန်းက သတင်းပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ်မှာ ရုန်းရင်းဆန်ခတ်အခြေအနေတွေ ဖြစ်ခဲ့ပြီးတဲ့နောက် UNHCR ၀န်ထမ်းတွေကို သူတို့ လုံခြုံရေးအတွက် စိုးရိမ်တာကြောင့် လွန်ခဲ့တဲ့ ၁၀ ရက်လောက်ကစပြီး ရွှေ့ပြောင်းထားပြီးတော့ လုပ်ငန်းတွေ လည်း ရပ်ထားတာပါ။ ဒါ့အပြင် အဲဒီအချိန်က လူ ၅၀၀ လောက်ဟာ UNHCR ရုံးဝင်းထဲမှာ လာရောက် ခိုလှုံနေကြပြီးတော့ အဲဒီလောက်လူများများကို ဆက်ပြီး စောင့်ရှောက်ဖို့ဆိုတာ မဖြစ်နိုင်တဲ့အတွက်ကြောင့် လည်း ၀န်ထမ်းတွေရဲ့လုံခြုံရေးကို အဓိကထားပြီး စီစဉ်ခဲ့ရတာဖြစ်တယ်လို့ UNHCR ရဲ့ ဘန်ကောက် အခြေစိုက် အာရှ-ပစိဖိတ်ဒေသဆိုင်ရာရုံးက ပြောခွင့်ရသူ မစ္စ ကစ်တီ မက်ကင်းဇီး (Kitty McKenzie) က ဗွီအိုအေကို ပြောပါတယ်။ သူဟာ ဒီကနေ့မှာပဲ ရန်ကုန်မြို့မှာရောက်နေတာဖြစ်ပြီး UNHCR ရဲ့ လုပ်ငန်းတွေ ပြန်စနိုင်ဖို့ စပြီး လေ့လာနေပြီလို့ ပြောပါတယ်။

“သတင်းကောင်းကတော့ ကျမတို့ရဲ့ လုပ်ဖော်ကိုင်ဘက် ငါးဦးဟာ အခု ရခိုင်ပြည်နယ်၊ စစ်တွေမြို့ဆီ ပြန် သွားကြပါပြီ။ သူတို့ဟာ အဲဒီကအခြေအနေတွေကို လေ့လာနေကြပြီးတော့ ရခိုင်ပြည်နယ်က လူထုကို ပြန်ပြီး အကူအညီပေးဖို့ ဘာတွေ လုပ်နိုင်မယ်ဆိုတာ ကြည့်ရှုနေကြပါတယ်။” လို့ ကစ်တီ မက်ကင်းဇီးက ပြောပါ တယ်။

UNHCR အနေနဲ့ ဒုက္ခရောက်နေသူတွေအတွက် အရင်ရှိထားပြီးသား အကူအညီ ပစ္စည်းတွေ ပေးခဲ့ပြီးပြီဖြစ် ပြီး ရေတိုအတွက်ရော ရေရှည်မှာပါ ဘာတွေလိုအပ်မယ်ဆိုတာကို သိဖို့ ကြိုးစားနေတယ်လို့ဆိုပါတယ်။

စစ်တွေမြို့ပေါ်က ဒုက္ခသည်တွေကို အကူအညီပေးနေတဲ့အဖွဲ့တွေထဲက တခုဖြစ်တဲ့ ရက္ခအလင်းတန်းအဖွဲ့က တာဝန်ရှိသူတဦး ကတော့ အကူအညီတွေ ပေးနေကြတယ်ဆိုပေမဲ့လည်း ဒုက္ခသည်တွေမှာ လိုအပ်ချက်တွေ ရှိနေတုန်းပဲလို့ ဆိုပါတယ်။

“အဲဒီမှာ ကြာတော့ ကြာပြီပေါ့နော်။ ဒါပေမဲ့ စား၊ ဝတ်၊ နေရေးကတော့ လှူတဲ့အလှူတွေနဲ့ သူတို့နေထိုင်ရတာနဲ့ တော့ တကယ် ဆင်းရဲတာပေါ့နော်၊ မလုံလောက်ဘူးပေါ့။ နေရတာကလည်း ဘုန်းကြီးကျောင်းအောက်တွေ မှာဆိုရင် တမံသလင်းတွေပေါ်မှာ နေရတယ်။ မိုးတွေကလည်း ရွာတယ်ဆိုရင် အကုန်လုံး စိုစွတ်နေ တာပေါ့။ ဈေးဝယ်ရတာကအစ အရမ်းခက်တယ်။ ဈေးတွေ ဘာတွေလည်း အကုန်ပိတ်ထားတော့ သား၊ ငါးဈေးတွေလည်း မရှိဘူး။ ကြက်ဥရယ်၊ ပဲရယ်၊ အာလူးရယ်ပဲစားနေရတယ်။”

တဘက်မှာလည်း UNHCR ဟာ ရခိုင်ပြည်နယ်မှာ ဘက် တဘက်ထဲကိုပဲ အကူအညီပေးနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေက ရှိထား ပါတယ်။ မစ္စမက်ကင်းဇီးကတော့ ဒါကို အခိုင်အမာငြင်းဆိုခဲ့ပါတယ်။

“လူမှုအ၀န်းအ၀ိုင်းတခုကို တခြားတခုထက် ပို မျက်နှာသာပေးပြီးတော့ ကျမတို့က ကူညီနေတယ်ဆိုတာ လုံးဝ မမှန်ပါဘူး။ ကျမတို့က လိုအပ်ချက်ရှိနေတာကို အကူအညီပေး တာပါ။ တခါတလေမှာ အဖွဲ့အစည်းတခုခု သို့မဟုတ် အစိုးရက အစုတခုထက် တခြားအစုတခုကို ပိုပြီး စောင့်ရှောက်နိုင်တာမျိုး ရှိပါတယ်။ ဒါပေမဲ့ ကျမတို့ဟာ လူတွေကို ခွဲခြားဆက်ဆံတာ လုံးဝ မလုပ်ပါဘူး။ ကျမတို့ဟာ ဒုက္ခသည်အေဂျင်စီဖြစ်ပြီး ဘေး ဒုက္ခ ရောက်သူတွေ၊ ခွဲခြားဆက်ဆံခံရသူတွေကို အကူအညီပေးတဲ့ အဖွဲ့ဖြစ်ပါတယ်။ ဒါကြောင့် ဘယ်သူ့ ဘယ်သူကိုမှ ခွဲခြားဆက်ဆံဖို့ အဲဒီမှာ ကျမတို့ လုပ်ဆောင်နေတာမဟုတ်ပါဘူး။ ကျမတို့က လူမှုအ၀န်းအ၀ိုင်း အတွင်း ဟန်ချက်ညီ မျှတစေဖို့အတွက် လုပ်ဆောင်နေတာပါ။” - လို့ မစ္စကစ်တီ မက်ကင်းဇီးက ပြောခဲ့ပါ တယ်။

ရခိုင်ပြည်နယ်တွင်း မြို့နယ် အတော်များများမှာ အခြေအနေတွေ တည်ငြိမ်သလောက် ရှိနေပြီဖြစ်ပေမဲ့ ပဋိပက္ခဖြစ်နေတဲ့ ဘက် နှစ်ဘက်အကြားမှာ တဘက်နဲ့တဘက် စိုးရိမ်မှုနဲ့ သတိထားစောင့်ကြည့်နေကြ ဆဲဖြစ်ပြီး အဲဒီကနေ ပေါက်ကွဲထွက်တဲ့ ဖြစ်ရပ် တချို့လည်း ရှိနေဆဲပါ။ ဇွန်လ ၁၉ ရက်၊ အင်္ဂါနေ့တုန်းကပဲ ရသေ့တောင်မြို့နယ်၊ ဂူတောင်ကျေးရွာမှာ ရုန်းရင်းဆန်ခတ်ဖြစ်လို့ လူအသေအပျောက် ရှိခဲ့ပါသေးတယ်။

“ဂူတောင်ကျေးရွာမှာ မနေ့ကတော့ မီးရှို့ခံရသေးတယ်။ ပထမတော့ ရခိုင်ရွာအစမှာပဲ မီးရှို့တယ်။ အဲဒီအခါ ရခိုင်တွေက ဒေါသဖြစ်ပြီး ကုလားရွာထဲဝင်ပြီး ခုတ်ကြတယ်၊ ပြန်မီးရှို့တယ်။ အဲဒီမှာ အပြန်အလှန် ခုတ်ကြ တာပေါ့။ ကုလားနှစ်ဦး သေတယ်ပြောတယ်။ ရခိုင်ကတော့ တဦးသေတယ်၊ ၁၀ ဦးကပျောက်နေတယ်။ ဒီနေ့ နောက်ဆက်တွဲအချိန်ကတော့ ငြိမ်သွားပြီခင်ဗျ။ နေရာအတော်များများ တပ်က လုံခြုံရေးတပ် ထွက် သွားတာတွေ့တယ်။ သူတို့ထိန်းရင် အစကတည်းက ဒီလောက် မဆူပါဘူး။ ကျနော့်အမြင်ပြောတာလေ- လုံခြုံရေးထိန်းတာ နောက်ကျလို့ အခုလိုမျိုး ဆူဆူပူပူဖြစ်သွားတာ။”

အခင်းဖြစ်ပွားရာ ရသေ့တောင်မြို့နယ်က ဒေသခံတဦး ပြောသွားတာပါ။

ဒေသတွင်းနေထိုင်သူတွေကြားမှာ မယုံကြည်မှုတွေ၊ သံသယတွေ၊ စိုးရိမ်ထိတ်လန့်မှုတွေ ရှိနေဆဲဖြစ်တာ မို့ ပြည်နယ်မြို့တော် ဖြစ်တဲ့ စစ်တွေမှာတောင်မှပဲ အခြေအနေတွေက ခုထိ ပုံမှန်မဖြစ်သေးပါဘူး။ UNHCR အနေနဲ့တော့ ကုလသမဂ္ဂရဲ့ တခြား အေဂျင်စီတွေ၊ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေ၊ ဒေသတွင်း အဖွဲ့ အစည်းတွေ၊ အထူးသဖြင့်တော့ အစိုးရတာဝန်ရှိသူတွေနဲ့ အနီးကပ် ပူးပေါင်းပြီး အကူအညီပေးရေး လုပ်ငန်းတွေကို လုပ်ဆောင်နေတယ်လို့ ပြောခွင့်ရသူ ကစ်တီ မက်ကင်းဇီးက ပြောခဲ့ပါတယ်ခင်ဗျား။

 By ဗွီအိုအေ (မြန်မာဌာန)
UNHCR ရခိုင်မှာ လုပ်ငန်းပြန်စ UNHCR ရခိုင်မှာ လုပ်ငန်းပြန်စ Reviewed by သစ်ထူးလွင် on 04:41 Rating: 5

No comments:

Powered by Blogger.