ခရီးသည်တင်ယာဉ်လိုင်းများအား ပိုမိုစည်းကမ်းထိန်းသိမ်းမှုရှိစေလို


မြို့တွင်းပြေးဆွဲနေသော ခရီးသည်တင်ယာဉ်များတွင် ယာဉ်တိုက်မှုမကြာခဏဖြစ်ပွားနေခြင်းကြောင့် မော်တော်ယာဉ်လိုင်းများအား စည်းကမ်းထိန်းသိမ်းမှုအပိုင်းတွင် ပိုမိုတင်းကြပ်စေလိုကြောင်း ရန်ကုန်မြို့နေ ခရီးသွားများထံက သိရသည်။
 
“ကားတွေက မှတ်တိုင်မှာ အကြာကြီးရပ်၊ နောက်ကားလာမှ သူထက်ငါအပြိုင်မောင်းတော့ ကားတွေ ဘရိတ် ပေါက်တာတို့ တိုက်တာတို့၊ လမ်းဖြတ်ကူးတဲ့ သူတွေကို တိုက်မိတို့ အဲဒါမျိုးတွေ မကြာခဏကြားရတယ်။ စည်းကမ်းလိုက်နာအောင်ဆောင်ရွက်တဲ့နေရာမှာ လာဘ်ယူမှုတွေရှိနေတော့ ဘာမှမထူးသလိုဖြစ်နေတယ်”ဟု ဆူးလေမှ ဘုရင့်နောင်သို့ နေ့စဉ်သွားလာနေသူ ကိုမင်းဦးက ပြောသည်။

ရန်ကုန်မြို့တွင်း မြို့ပြင်ပြေးဆွဲနေသော မော်တော်ယာဉ်များအား ကြိုးမဲ့ကြေးနန်းနှင့် စည်းကမ်းထိန်းသိမ်းရေး ကြီးကြပ်မှု   မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မ.ထ.သယာဉ်လိုင်းများ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့နှင့် အခြားအဖွဲ့ အစည်းများ ပူးပေါင်း၍ ယာဉ်တိုက်မှုကျဆင်းရေး၊ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် ယာဉ်စည်းကမ်း လမ်းစည်း ကမ်းလိုက်နာစေရေးလုပ်ငန်းများကို ပိုမိုတင်းကြပ်စွာ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
 
ပြီးခဲ့သော (ဇန်န၀ါရီ၊ ဖေဖော်ဝါရီ၊ မတ်၊ ဧပြီ၊ မေ)လများမှ  တစ်လတွင်း ဖြစ်ပွားမှုနှုန်းထားများထက် ဇွန်လ (၁)ရက်နေ့မှ (၁၈) ရက်နေ့အထိ မ.ထ.သ မြို့တွင်းပြေးဆွဲနေသော ခရီးသည်တင်ယာဉ်များ မတော်တဆ ဖြစ်မှုကြောင့် ထိခိုက်၊ ဒဏ်ရာ၊ သေဆုံးမှုများမှာ ပိုမိုများပြားလျက်ရှိနေကြောင်း သိရသည်။

 “ဒီနှစ်ခြောက်လအတွင်းကို ဒီလက တိုက်၊ သေ၊ ဒဏ်ရာရတာ အများဆုံးဖြစ်နေတယ်။ အဲလိုဖြစ်တဲ့နေရာမှာ အဓိက ပြသာနာက ကားတွေကို ရပ်တင်ချစနစ်တကျ မလုပ်နိုင်သေးတဲ့အတွက် ဖြစ်တာပါ။ ရပ်တင်ချ မလုပ်နိုင်တော့ ကားတွေက ခရီးသည်စောင့်တင် နောက်ကားလာတော့ အပြိုင်မောင်း ၊ကားတွေကလည်း ကြံခိုင်မူအားနည်းတော့ ဒီလိုပြဿနာတွေ ဖြစ်ရတယ်။ အဲဒါကြောင့် နေ့စဉ် ယာဉ်စည်းကမ်းထိန်းသိမ်းရေး တွေကလည်း စည်းကမ်းလိုက်နာဖို့ ဆောင်ရွက်နေရတယ်”ဟု မ.ထ.သ (ဗဟို)မှ စည်းကမ်းဌာနခွဲမှူး ဗိုလ်မှူး သိန်းဝင်းက ပြောသည်။

ယာဉ်တိုက်မှုဖြစ်ပွားခြင်းအများစုမှာမော်တော်ယာဉ်မောင်းနှင်းသူ၏ပေါ့ဆမှုကြောင့်ဖြစ်ပြီး၊ခရီးသည်တင်ယာဉ်များ၏ မတော်တဆဖြစ်မှု သည် စပါယ်ယာကြောင့်ဖြစ်ကာ လမ်းဖြတ်ကူးသူများစည်းကမ်းမလိုက်နာခြင်း၊ မီးပွင့်အချက်ပြမှု မမှန်ကန်ခြင်း၊ ခရီးသည်တင် ယာဉ်လိုင်းဂိတ်များမှ ထွက်ခွာချိန် မမှန်ခြင်းနှင့် အခြားအားနည်း ချက်များကြောင့် ယာဉ်တိုက်မူများဖြစ်ပွားရကြောင်း   မော်တော်ယာဉ်မောင်းများက သုံးသပ်သည်။

“ယာဉ်မောင်းတစ်ယောက်ရဲ့တာဝန်က ခရီးသည်တွေ အန္တရာယ်ကင်းဖို့အဓိကပဲ။ အဲဒါကြောင့် ကျွန်တော်တို့အနေနဲ့ ကားတွေကို ဂရုတစိုက်နဲ့ မောင်းနှင်းဖို့ လိုပါတယ်။ လူတွေ အရမ်းတင် ပြီးတော့ အပြိုင်မောင်းတယ်ဆိုတာအန္တရာယ် အများဆုံးပါပဲ။ ယာဉ်မောင်းတွေအနေနဲ့ ယာဉ်စည်းကမ်းလိုက်နာဖို့လည်း လိုပါတယ်” ဟု အောင်မင်္ဂလာအဝေးပြေးမှ ဆူးလေသို့ မောင်းနှင်နေသူ ယာဉ်မောင်း ကိုလှိုင်ဦးက ပြောသည်။


ရန်ကုန်မြို့တွင်း/ပြင် ပြေးဆွဲနေသော ယာဉ်လိုင်းပေါင်း (၄၉၁)လိုင်း၌ မ.ထ.သမှ မြို့တွင်း ပြေးဆွဲနေသော ယာဉ်လိုင်း(၁၃၈)လိုင်းရှိကာ City Bus (၁၂၇၂)စီး၊ Mini Bus (၁၈၂)စီး၊ Dyna\\Canda (၄၂၇)စီး၊ Hilux (၂၀၆)စီး၊ BM\\KM (၅၆)စီးနှင့် စစ်ကျန်ဘတ်စ် (၃၄၄)စီးရှိသဖြင့် ယာဉ်အစီးရေ စုစုပေါင်း(၂၄၈၇)စီးဖြင့် ရန်ကုန်မြို့တွင်း ပြေးဆွဲလျက်ရှိသည်။


အောင်ကိုကိုလတ် (မြစ်မခ)
by Myit Makha Mediagroup

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။

နောက်ဆုံးရ သတင်း အပုဒ် (၁၀၀)

 
 

© Myanmar News Now Copyright by Thit Htoo Lwin

Template by သစ်ထူးလွင် နေ့စဉ်သတင်း | နေ့စဉ်ရုပ်ရှင်