ပတ္တမြားမြို့သစ်နှင့် ရဲတပ်ရင်းကိစ္စအား ပြည်ထဲရေးမှ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ ထပ်မံစစ်ဆေး

ဇွန် ၁၁ ၊ ၂၀၁၂၊ YPI

မေလလယ်က ဖြစ်ပွားခဲ့သည့် မင်္ဂလာဒုံမြို့နယ်၊ ပတ္တမြားမြို့သစ်အတွင်းသို့ အမှတ် (၈) ရဲတပ်ရင်းမှ လုံခြုံရေးရဲများ ၀င်ရောက်ရိုက်နှက်သည့်ကိစ္စအား ပြည်ထဲရေးဝန်ကြီးဌာနမှ တာဝန်ပေးအပ်ထားသည့် အထူးစုံစမ်းရေးအဖွဲ့သည် ဇွန်လ ၁၀ ရက်နေ့က  ထပ်မံစစ်ဆေးလျက်ရှိကြောင်း အစစ်ဆေးခံရ သူများကပြောသည်။

အစစ်ဆေးခံခဲ့ရသူတစ်ဦးဖြစ်သည့် ပတ္တမြားမြို့သစ်နေ ဦးနွေဦးက " ကျွန်တော့်နာမည်နဲ့တိုင်တာဆိုတော့ ကျွန်တော့်ကို တိုင်စာမှာ ဘာထပ်ဖြည့်ချင်သေးလည်းမေးတာပါ။ အခုသူတို့အဖွဲ့က ပြည်သူတွေဘက်က တကယ်လုပ်ပေးမယ်လို့ခံစားမိတယ်။ အရင်စစ်ခဲ့တဲ့သူတွေနဲ့ မေးခွန်းမေးတာကိုက ကွာတယ် " ဟုပြောသည်။

ယခင်က ရဲမှူးများပါသည့် ခုံအဖွဲ့သည် ရပ်ကွက်နေပြည်သူများနှင့် လုံခြုံရေးရဲများ၏ အရိုက်နှက်ခံရသည့် လူငယ်များကို ခေါ်ယူစစ်ဆေးခဲ့သော်လည်း မေးခွန်းများမေးမြန်းရာတွင် မသမာမှုရှိသည်ဟု ခံစားခဲ့ရကြောင်း ၎င်းကပြောသည်။

ယခုအထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ကို တိုက်ကြီးမြို့နယ်ရှိ ရဲတပ်ဖွဲ့ဝင်များနှင့်ဖွဲ့စည်းထားသည်ဟုသိရကြောင်း၊ လာရောက်မေးမြန်းခဲ့သူများတွင် မြို့နယ်မှူး ( သုံးပွင့်) အဆင့်ရှိသည့် တစ်ဦးသာ ရဲဝတ်စုံ ၀တ်ဆင်ထားပြီး ကျန်သူများမှာ အရပ်ဝတ်ဖြင့်ပင် စစ်ဆေးခြင်းဖြစ်ကြောင်း၊ ၎င်းတို့၏ အမည်ကိုမူ မသိရကြောင်း ဦးနွေဦးကဆက်ပြောသည်။

အစစ်ဆေးခံခဲ့ရသူနောက်တစ်ဦးဖြစ်သည့် ဗျိုက်ကလည်း " ကျွန်တော့်ကိုမေးတာတော့ ဖြစ်စဉ်မှန်ကန်မှု ရှိမရှိ အတည်ပြုတာပါ။ ကျန်တာတော့ ဘာမှ မမေးပါဘူး " ဟုပြောသည်။

အမှတ် (၈) ရဲတပ်ရင်းမှ လုံခြုံရေးရဲ အယောက် ၇၀ ခန့်သည် မေလ ၁၆ ရက်နေ့က ပတ္တမြားမြို့သစ်အတွင်း ၀င်ရောက်ရိုက်နှက်ခဲ့ပြီး ထိုသို့ ရိုက်နှက်မှုကြောင့် အမျိုးသမီးငယ်တစ်ဦးအပါအ၀င် လူငယ် ဆယ်ဦးခန့် ဒဏ်ရာရရှိခဲ့သည်။

ယင်းဖြစ်ရပ်တွင် ပါဝင်ခဲ့သော ရဲဝန်ထမ်း ၈ ဦးအား စစ်ခုံရုံးတွင် စစ်ဆေးလျက်ရှိကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။

အမှတ် (၈) ရဲတပ်ရင်းသည် ပတ္တမြားမြို့သစ်အနီးတွင်တည်ရှိပြီး ယခင်ကလည်း  အလားတူပြဿနာမျိုး  နှစ်ကြိမ်တိုင်တိုင် ဖြစ်ပွားခဲ့ဖူးကြောင်း ဒေသခံများကပြောသည်။
by Yangon Press International
ပတ္တမြားမြို့သစ်နှင့် ရဲတပ်ရင်းကိစ္စအား ပြည်ထဲရေးမှ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ ထပ်မံစစ်ဆေး ပတ္တမြားမြို့သစ်နှင့် ရဲတပ်ရင်းကိစ္စအား ပြည်ထဲရေးမှ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ ထပ်မံစစ်ဆေး Reviewed by သစ်ထူးလွင် on 06:11 Rating: 5

No comments:

Powered by Blogger.