ဇွန်လ(၉)ရက်နေ့ တက္ကသိုလ်ဝင်တန်း အောင်စာရင်း ထုတ်ပြန်မည်

ရန်နိုင်(မြစ်မခ)

ဇွန်(၇)ရက်၊၂၀၁၂ခုနှစ်။

၂၀၁၁-၂၀၁၂ ခုနှစ်ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်းအောင်စာရင်းများကို ဇွန်လ(၉)ရက်နေ့တွင် ထုတ်ပြန်ကြေညာ မည်ဖြစ်ကြောင်း ရန်ကုန်ပညာရေးအသိုင်းအ၀ိုင်းက စုံစမ်းသိရှိရသည်။


“မနေ့က ညနေ (၃)နာရီ ခွဲလောက်မှာ မြို့နယ်ပညာရေးမှုးရုံးက ကျောင်းအုပ်ဆရာ၊ ဆရာမကြီးတွေနဲ့ တာဝန် ရှိသူတွေကို အစည်းအဝေးခေါ်ပြီးတော့   ပြောတယ်။ ဆယ်တန်းအောင်စာရင်းတွေကို (၉) ရက်နေ့မှာ ထုတ်ပြန် မယ်ဆိုပြီးတော့ ပြောတယ်။ ပြီးတော့ ဆရာမကြီးတွေကိုလည်း ကျောင်းတွေမှာ ဂျူတီစောင့်ဖို့ တာဝန်တွေ ခွဲပေးထားတယ်”ဟု ဒဂုံမြို့သစ်မြောက်ပိုင်းမှ အမက(၁၇)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မွှေးမွှေးဦးက ပြောသည်။


အောင်စာရင်းကြေညာစာရွက်များ ကပ်မည့်နေရာနှင့် အနီးပတ်ဝန်းကျင်ရှိ နေရာများတွင် ဆရာ၊ဆရာမများက တာဝန်ခွဲဝေ၍ စောင့်ကြည့်ရန် မြို့နယ်ပညာရေးမှုးရုံများမှ ပြောကြားထားကြောင်းကိုလည်း သိရှိရသည်။


"(၉)ရက်နေ့မှာ တက္ကသိုလ်ဝင်တန်းအောင်စာရင်းတွေကို ထုတ်ပြန်ကြေညာမှာ သေချာပါတယ်"ဟု တာမွေ မြို့နယ်ပညာရေးမှုးရုံးရှိ တာဝန်ရှိသူတစ်ဦးက ပြောသည်။


ယခင်နှစ်များက မြို့နယ်အသီးသီးရှိ အောင်စာရင်းတွင် မပါဝင်သော တချို့သော ကျောင်းသူ၊ ကျောင်းသား များမှ စိတ်လိုက်မာန်ပါဖြင့်   အောင်စာရင်းကြေညာဆိုင်းဘုတ်များရှိ ကြေညာစာရွက်များကို ဆုတ်ဖြဲခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ ထို့ကြောင့် ယခုနှစ်တွင် ထိုကဲ့သို့ မဖြစ်စေရန်အတွက် သက်ဆိုင်ရာ နယ်မြေ အလိုက် ဆရာ၊ ဆရာမများကို တာဝန်ချထားပေးခြင်း ဖြစ်ကြောင်းကိုလည်း  သိရှိရသည်။


“အောင်စာရင်းထွက်တော့မယ်ဆိုတာ ကြားတော့ရင်တွေ အရမ်းခုန်ပြီး ၀မ်းသာနေတယ်။ စာမေးပွဲအောင် စာရင်းထွက်ပြီးတာနဲ့ပြီးတာ မဟုတ်ဘူး။ အမှတ်စာရင်းတွေ ကောင်းပါစေလို့ ဆုတောင်းတယ်။ ဒီခေတ်မှာ အမှတ်မကောင်းရင် လိုင်းကောင်းရမှာမဟုတ်ဘူး”ဟု ၂၀၁၁-၂၀၁၂ စာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုထားသူ နေပြည်တော် လယ်ဝေးမြို့နယ်မှ မရတနာက ပြောသည်


သက်ဆိုင်ရာ မြို့နယ်ပညာရေးမှုးရုံများမှ မထုတ်ပြန်မီ ဇွန်လဆန်းပိုင်းကပင် ဆယ်တန်းအောင်စာရင်းရလဒ်များ ဇွန်လ (၉) ရက်နေ့ထွက်မည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။ ထို့ကြောင့် ဇွန်လ(၆)ရက်နေ့အထိ အခြေခံ ပညာဦးစီးဌာနများနှင့် စာစစ်ဌာနသို့ ဆက်သွယ်မေးမြန်းရာတွင် အဆိုပါကိစ္စနှင့် ပတ်သတ်၍ ၎င်းတို့ မသိရှိ ကြောင်း မြစ်မခမီဒီယာသို့ ပြောကြားခဲ့သည်။


၂၀၁၀-၂၀၁၁ ပညာသင်နှစ်က တက္ကသိုလ်ဝင်တန်းအောင်စာရင်းများကို ဇွန်လ (၃) ရက်နေ့က ထုတ်ပြန် ကြေညာခဲ့ခြင်းဖြစ်သည်။

by Shwe Myitmakha Media Group 

ဇွန်လ(၉)ရက်နေ့ တက္ကသိုလ်ဝင်တန်း အောင်စာရင်း ထုတ်ပြန်မည် ဇွန်လ(၉)ရက်နေ့ တက္ကသိုလ်ဝင်တန်း အောင်စာရင်း ထုတ်ပြန်မည် Reviewed by သစ်ထူးလွင် on 17:20 Rating: 5

No comments:

Powered by Blogger.