စည်ပင်သာယာ ဥပဒေ ရေးဆွဲရေး ပြည်နယ်အချို့ အခက်ကြုံ

နေပြည်တော်၊ ဇွန် ၂

ဖွဲ့စည်းပုံ အခြေခံဥပဒေအရ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရများက ၎င်းတို့ ဘတ်ဂျက်ကို ကိုယ်တိုင် ရှာဖွေခွင့်ပြုထားရာ ဒေသနှင့် ကိုက်ညီသော စည်ပင်သာယာ ဥပဒေများ ရေးဆွဲနိုင်ရန် တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ်တော်များက စီစဉ်နေသော်လည်း ၁၉၉၃ တည်ဆဲ စည်ပင်ဥပဒေများနှင့် ကိုက်ညီခြင်း မရှိသဖြင့် ဥပဒေ ရေးဆွဲနိုင်ခြင်း မရှိသေးကြောင်း မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအုန်းမြင့်က ပြောကြားသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဇယား ၂ ပါ ပြည်နယ်အတွင်း စည်ပင်သာယာရေး လုပ်ငန်းများအတွက် ဥပဒေပြုနိုင်ခွင့် ရှိသော်လည်း ၁၉၉၃ စည်ပင်သာယာ ဥပဒေသည် ပြည်နယ်နှင့် တိုင်းများအပေါ် လုပ်ကိုင်ခွင့် မပေးထားကြောင်း၊ တည်ဆဲ ဥပဒေတစ်ရပ် မဖျက်သိမ်းသေးသည့် အတွက် ဥပဒေသစ်များ ပြုရန် အခက်ကြုံနေကြောင်း ၎င်းက ရှင်းပြသည်။

“ဒီဥပဒေကို မဖျက်ရသေးရင်လည်း နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့် စတာတွေ ထုတ်ပြီး လုပ်နိုင်ကိုင်နိုင်အောင် ဆောင်ရွက်ပေးလို့ ရပါတယ်” ဟု ၎င်းက ဆိုသည်။

ကရင်ပြည်နယ် ဥပဒေချုပ် ဦးသိန်းလွင်ကလည်း မိမိတို့ပြည်နယ် အနေနှင့် စည်ပင်သာယာ ဥပဒေ ရေးဆွဲရန် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၁၈၈ ဇယား ၂ အပိုဒ် (၈) အရ စီစဉ်နေသော်လည်း ဒေသအတွက် ရည်ရွယ်သော ပြဋ္ဌာန်းချက်များသည် ပြည်ထောင်စု အစိုးရက ပြဋ္ဌာန်းထားသော ဥပဒေများနှင့် ထိပ်တိုက် ဆန့်ကျင်ကွဲလွဲမှုများ ရှိနိင်သည်ဟု သဘောပေါက်၍ ပြည်နယ်တွင် စည်ပင်သာယာ ကိစ္စရပ်များကို လက်ရှိ တည်ဆဲဥပဒေ အရသာ ဆောင်ရွက်နေရပြီး ၁၉၉၃ စည်ပင်သာယာ ဥပဒေ မဖျက်သိမ်းသေးသည့် အတွက် ပြည်နယ် လွှတ်တော်က ဥပဒေပြုနိုင်ရန် ကြန့်ကြာနေရကြောင်း ၎င်းက ပြောကြားသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပြည်ထောင်စု အစိုးရ၏ ဥပဒေပြုဇယားတွင် စည်ပင်သာယာ ကိစ္စရပ်များ မပါဝင်သဖြင့် ပြည်နယ်လွှတ်တော် အနေနှင့် စည်ပင်သာယာ ဥပဒေကို လွတ်လပ်စွာ ရေးဆွဲနိုင်ကြောင်း ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်ရေး ကော်မရှင် အဖွဲ့ဝင် ဦးမြင့်လွင်က သုံးသပ် ပြောကြားသည်။

The Voice Weekly
စည်ပင်သာယာ ဥပဒေ ရေးဆွဲရေး ပြည်နယ်အချို့ အခက်ကြုံ စည်ပင်သာယာ ဥပဒေ ရေးဆွဲရေး ပြည်နယ်အချို့ အခက်ကြုံ Reviewed by သစ်ထူးလွင် on 14:18 Rating: 5

No comments:

Powered by Blogger.