စစ်သားတွေရဲ့ ဘ၀နဲ့ ခံစားချက်

ကျွန်တော်က တပ်မတော်ထဲမှာ တာဝန်ထမ်းဆောင်နေတာ နှစ်ပေါင်း(၁၆)ကျော်ကြာခဲ့ပါပြီ။ တပ်မတော်ထဲဝင်ခဲ့တဲ့ရည်ရွယ်ချက်ကတော့ ဘာမှရည်ရွယ်ချက်ကြီးကြီးမားမား မရှိခဲ့ပါဘူး။ အဓိက ကတော့ ၀ါသနာပါလို့ပါ။ ဘယ်လောက်ဝါသနာပါလည်းဆိုရင် ငယ်ငယ်က ကစားရင်တောင် စစ်တိုက်တမ်းပဲ ကစားခဲ့တာ။ ဒါနဲ့ ၁၉၉၅ ခုနှစ် အသက်(၂၀)ကျော်မှာ တပ်မတော်ထဲ ၀င်ရောက်ခဲ့ ပါတယ်။

အစပိုင်းမှာတာ့ စစ်ပညာအခြေခံသင်တန်းကို ပင်ပန်းဆင်းရဲစွာ သင်ခဲ့ရပါတယ်။ ဘယ်လောက်ပဲ ပင်ပန်းပါစေ ၀ါသနာအရင်းခံထားတာမို့ ဒါလောက်တော့ မမှုပါဘူးဆိုတဲ့ ဇွဲ၊ သတ္တိနဲ့ အောင်မြင်စွာတက်ရောက်နိုင်ခဲ့ပါတယ်။ သင်တန်းပြီးဆုံးလို့ သက်ဆိုင်ရာတပ်ရင်းတပ်ဖွဲ့တွေမှာ စတင်တာဝန်ထမ်းဆောင်နေ့ကစပြီး ငါစစ်သားဖြစ်ပြီ၊ ငါဟာရဲရင့်တဲ့ယောကျာင်္း၊ တိုင်းပြည်အတွက် အားထားရတဲ့စစ်သား အဖြစ် ကိုယ့်ကိုယ်ကို ဂုဏ်ယူဝင်ကြွားစွာနဲ့ နယ်မြေအသီးသီးမှာ စစ်ဆင်ရေးတာဝန်တွေကို တာဝန်ကျေကျေ ထမ်းဆောင်ခဲ့နိုင်ခဲ့ပါတယ်။

စစ်သက် (၁၀)နှစ်ကျော်လာတဲ့အခါကျတော့ ကျန်းမာရေးက တဖြည်းဖြည်းယိုယွင်းလာခဲ့တယ်။  ဆေးခန်းခဏခဏပြရတယ်။ ရှေ့တန်းမလိုက်နိုင်တဲ့အကြိမ်က များလာတယ်။ အဲဒီအခါကျတော့ ကျွန်တော့်ကို အထက်အရာရှိများက ကျန်းမာရေးချို့ယွင်းလို့ သနားစရာကောင်းတဲ့သူအဖြစ် မရှုမြင်ကြတော့ဘဲ ရေသာခိုချင်လို့၊ ဂယ်ရှာချင်လို့ ဒီလိုလုပ်တယ်လို့ ထင်ကြတယ်။ အဲဒီတော့ ကျွန်တော်လည်း စိတ်ဓာတ်ကျလာတယ်။ အရင်က စစ်သားကောင်းတစ်ယောက်လို့ အသိအမှတ်ပြုခံထားရတဲ့ ကျွန်တော်ဟာ အခုတော့ အလွန်အသုံးမကျတဲ့ စစ်သားတစ်ယောက်ဖြစ်နေပါပြီလားလို့ တွေးရင်း စိတ်အားငယ်မိတယ်။

အဲဒီတော့ စစ်သက်ကလည်း (၁၂)နှစ်လောက်ရှိပြီ ဆိုတော့ ဘာပဲဖြစ်ဖြစ် တပ်မတော်မှာ အသုံးမ၀င်မယ့် အတူတူ တပ်မတော်ကထွက်ပြီး အိုးမင်းမစွမ်းဖြစ်နေတဲ့ မိဘရင်ခွင်မှာပဲ မိဘကို လုပ်ကျွေးပြီး ပြန်လည်ကျေးဇူး ဆပ်မယ်လို့ ဆုံးဖြတ်ချက်ချလိုက်တယ်။ နောက်ပြီး တပ်ရင်းမှူးဆီ နှုတ်ထွက်စာတင်ဖို့ ရုံးအုပ်ကြီးဆီသွားလိုက်တယ်။ အဲဒီတော့ ရုံးအုပ်ကြီးက မင်းနှုတ်ထွက်စာတင်ချင်ရင် တင်နိုင်တယ်။ ဒါပေမယ့် ငါတို့တပ်မတော်မှာ ဘယ်တုန်းကရိုးရိုးနှုတ်ထွက်ခွင့်ရတာ မင်းတွေ့ဖူးလို့လဲ၊ ထောင်ကျပြီးမှ ထွက်ရတယ်ဆိုတာ မင်းမသိဘူးလား၊ တပ်မတော်ဆိုတာ ပြန်လမ်းမရှိဘူးကွလို့ပြောလိုက်တယ်။ ကျွန်တော် တော်တော်ကို အံ့အားသင့်ပြီး တုန်လှုပ်သွားတယ်။ တပ်မတော်မှာ (၁၀)နှစ်ကျော်အောင် တာဝန်သိသိ၊ သစ္စာရှိရှိ ထမ်းဆောင်ခဲ့တဲ့ ကျွန်တော်ဟာ တပ်မတော်မှ ထွက်ပြေး၊ ပြန်အဖမ်းခံ၊ ထောင်ချခံပြီးမှထွက်ရမယ်ဆိုတဲ့ သဘောတရားဟာ အင်မတန်ဆိုးဝါးတဲ့လမ်းကြောင်းတစ်ခုပါလို့လဲ တွေးမိတယ်။

ယနေ့တပ်မတော်မှာ အဲဒီနည်းနဲ့ ထောင်နန်းစံ ရတဲ့ တပ်မတော်သားတွေ တော်တော်များပါတယ်။ နေ့စဉ် အင်းစိန်ထောင်နဲ့ ထောင်တော်တော်များများမှာ ရေး-၃ တပ်ကြပ်ကြီးနဲ့ တပ်ရဲတွေဟာ ထောင်ပို့ဝရမ်းကိုင်ပြီး စစ်ပြေးမှုနဲ့ ထောင်ကျတဲ့ မိမိရဲ့ရဲဘော်ရဲဘက်တွေကို လက်ထိပ်၊ ခြေထိပ်တွေခတ်ပြီး လာပို့နေလိုက်ကြတာအခုဆိုရင် ထောင်ကျတဲ့ စစ်သားအရေအတွက်ဟာ တိုင်းစစ်ဌာနချုပ်တစ်ခုမှာ  ရှိတဲ့ စစ်သားအရေအတွက်တောင် များမယ်ထင်ပါတယ်။ အဲဒီလို သားသမီးတွေကို မွေးထုတ်လိုက်တဲ့ မိဘတွေရဲ့ ရင်တွင်းမီးဟာလည်း ဘယ်လောက်တောင် တောက်လောင်နေမလဲ စဉ်းစားကြည့်စေချင်တယ်။ မိမိရဲ့သားသမီးကို ဆရာဝန်၊ အင်ဂျင်နီယာ၊ ကွန်ပျူတာပညာရှင်တွေရယ်လို့ မြင်တွေ့ချင်မှာ အမှန်ပါပဲ။ 

တကယ်တော့ အကြောင်းအမျိုးမျိုးကြောင့် တပ်မတော်ထဲရောက်သွားရရှာတဲ့ ကျွန်တော်တို့လို တပ်မတော်သားအများစုဟာ တပ်မတော်ရဲ့ သဘောထားအမှန်ကို သိလိုက်ရတဲ့ အချိန်မှာ ဘယ်လိုမှာ မတတ်နိုင်တော့ပါဘူး။ ဒါကြောင့်မို့ မြန်မာဆိုရိုးစကားတစ်ခုကို “အိမ်ထောင်မှုဘုရားတည်၊ ဆေးမှင်ရည်စုတ်ထိုး၊ အဆင်မခြင် စစ်ထဲဝင် ဤလေးမျိုး ချက်မပိုင်လျှင် နောင်ပြင်ရန် ခက်သည့်အမျိုးဆိုပြီး ပြင်ရေးရမယ်လို့ ထင်ပါတယ်။

 တပ်မတော်မှာ ကျွန်တော်တို့လို အခြေအမြစ်မရှိတဲ့ ရဲဘော်တွေအတွက် ငရဲလို့ဆိုရလောက်အောင် ဆိုးဝါးပေမယ့် အရာရှိများနဲ့ တစ်ချို့ အရာရှိ အလိုတော်ရိတွအတွက်တော့ သုခဘုံပါပဲ။ တပ်ရင်းမှူးတစ်ယောက်ဖြစ်လာရင် ရန်ကုန်လိုမြို့ကြီးနဲ့ အခြားမြို့တွေမှာ တိုက်တွေကားတွေနဲ့ အင်မတန်ဖွံ့ဖြိုးတိုးတက်နေပါတယ်။ ဗိုလ်ချုပ်ကြီးတွေ၊ ဗိုလ်ချုပ်တွေ အတွက်ကတော့ နိုင်ငံတော်က ပေးတဲ့မြေကွက်တွေ၊ တိုက်တွေ၊ ကားတွေနဲ့ ဝေဆာနေတဲ့ အချိန်မှာ ကျွန်တော်တို့ အခြားအဆင့် တပ်မတော်သားတွေမှာတော့ ကိုယ့်ယူနီဖောင်းကိုယ်ဝယ်ဝတ်ပြီး စစ်တိုက်ထွက်နေရတုန်းပါပဲ။ ရဲဘော်လေးတစ်ယောက် တစ်ခါတစ်လေ ကံကောင်းထောက်မပြီး ငွေလေး နဲနဲရှိလို့ ဆိုင်ကယ်စုတ်ကလေးတစ်စီးလောက် စီးလိုက်ရင် အရာရှိများက မျက်စောင်းထိုးပြီး ဒီကောင်ဘယ်ကရတာလဲလို့ မေးချင်ကြတယ်။ အခုဆိုရင် တယ်လီဖုန်းတွေ နှစ်သိန်း၊ နှစ်သိန်းခွဲ အထိ ဈေးကျလာတာတောင် မ၀ယ်နိုင်ကြသေးပါဘူး၊ ၀ယ်နိုင်တဲ့သူကလည်း မ၀ယ်ရဲသေးပါဘူး၊ သူတို့ နှိပ်ကွပ်မှာကို ကြောက်နေရတယ်လေ။ ဒါကြောင့် ညီငယ်လေးတွေကို မှာချင်တာကတော့ ပြန်လမ်းမရှိတဲ့ တပ်မတော်ထဲကို မလာကြပါနဲ့အုံး။ တိုင်းပြည်ကို ချစ်ရင် တစ်ခြားနည်းနဲ့ပဲ ချစ်တတ်အောင်လုပ်ကြပါအုံးလို့ ပြောလိုက် ပါရစေ။

 ဆက်လက်တင်ပြပါအုံးမည်။

စစ်သည်တော်တစ်ဦး

စစ်သားတွေရဲ့ ဘ၀နဲ့ ခံစားချက် စစ်သားတွေရဲ့ ဘ၀နဲ့ ခံစားချက် Reviewed by သစ်ထူးလွင် on 07:57 Rating: 5

24 comments:

Anonymous said...

အတော်များများက ဆေးပင်စင်ယူကြတယ်။ ( ရူးချင်ယောင်ဆောင်ရတာပေါ.)ဆေးဆရာတွေကိုမေးလေ။

soe thu said...

အော် ဖြစ်ရလေ ......စစ်တပ်ဆိုတာဒီလိုဟာပါလားလို့အခုမှသိသွားတာဆိုတော့ သနားပါတယ် အစောကြီးကတည်းကသိသင့်တာပေါ့ ဒါမှမဟုတ် ရတုန်းကယူပြီး မရမှာထွက်လာတဲ့အသံလား .......အခုချိန်ထိကိုစစ်တပ်က နေရာယူထားပါသေးတယ် စစ်တပ်ထဲမှာပဲနေချင်နေပါအုံးလား ခေတ်မကောင်းတော့လို့ထွက်ချင်တာလား ကိုယ်နေခဲ့တဲ့စစ်တပ်ကို သစ္စာရှိပါလား စစ်တပ်ရဲ့လက်ဆွဲဆောင်ပုဒ်တွေဘယ်ရောက်ကုန်ပြီလဲ...

ukyawkyaw said...

ဘုရားဟောအရမကောင်းသောကံကိုကျုးလွန်ရင်မကောင်းသောလားရာကိုသွားရမည်ကိုသိသောသူအနေနှင့်သိရက်နဲ့တိုင်းပြည်အတွက်သူတပါးအသက်သတ်ခြင်းကံကိုကျုးလွန်နေသော၊သူများကိုလေးစားပါတယ်၊ဒါပေမဲ့ဒီထဲမှာစားဖို့၊နေဖို့ရအောင်အတွက်တပ်ထဲဝင်တာ၊အရာရှိဖြစ်ရင်ကိုယ်အတွက်ဘယ်လိုရှာမလဲ၊ဘုရင်ဖြစ်အောင်၊ရာထူးတက်အောင်ဘယ်လို့လုပ်မလဲဆိုတဲ့သူတွေကိုတော့မျက်နှာကိုတံတွေးနဲ့တွေးချင်ပါတယ်။နိုင်ငံတော်အနေနှင့်စိတ်မပါဘဲတာဝန်ထမ်းဆောင်နေသောတပ်သားတွေ၊တပ်ပြေးတွေမများအောင်စစ်မှုထမ်းခြင်းကိုအသက်အရွယ်ရောက်ပြီးကျန်းမားသောလူငယ်ကျား/မမရွေးနှစ်ကာလတခုသတ်မှတ်ပြီးတာဝန်ထမ်းဆောင်စေသင့်ပါသည်။ပညာအရည်အချင်းအလိုက်၊လုပ်ရည်ကိုင်ရည်အလိုက်နှစ်အလိုက်အုပ်ချုပ်ခွင့်အဆင့်ဆင့်ပေးသင့်ပါတယ်၊အဲဒီမှာမလုပ်ချင်သူစိတ်မပါသူတွေကနှစ် ပြည့်ရင်တပ်ကအလိုအလျောက်ထွက်ပြီး၊စိတ်ပါလက်ပါလုပ်ချင်သူတွေကကျန်ခဲ့ရင်စွမ်းဆောင်ရည်လဲတက်လာပါမယ်၊နို့မိုဆိုရင်ဗိုလ်တထောင်၊တပ်သားတယောက်ဖြစ်သွားပါတော့မယ်။

ကိုကိုကြီး said...

ဟုတ်တယ်ဗျာ...အစ်ကိုရေ..အဲဒီလိုလေးခံစားချက်အမှန်လေးတွေ...ရေးပေးပါအုံးဗျာ..ဒါမှနောင်လူငယ်တွေလည်းအသိပညာဗဟုသုတရမှာပါ..။ စစ်တပ်ကိုမုန်းဖို့မဟုတ်ပါ...အခုလုပ်နေတဲ့..စနစ်ကြီးကိုမုန်းဖို့များများပြော ပေးပါဗျို့...။ ရဲတွေလည်းဒီအတိုင်းဘဲဗျို့...။

Nay Nwaye said...

ကျွန်တော်တို့နိုင်ငံ အခြေခံလူတန်းစားတွေရဲ့ဘဝဟာ နှစ်ပေါင်းများစွာစုတ်ပြတ်သတ်ခဲ့ပါပြီ လူတွေပြောင်းပေမယ့် မူတွေမပြောင်းသ၍တော့ ဒီလူတန်းစားတွေဟာ ငတ်ပြီးရင်း ငတ်ကြအုံးမှာပါပဲ အာဏာရှင်တွေနဲ့ သူတို့ရဲ့အလိုတော်ရိတွေကတော့ ဆက်လက်အောင်ပွဲခံနေအုံးမှာပေါ့။

zarmani said...

တပ်ပြေးများကိုလွတ်ငြိမ်းချမ်းသာခွင့်ပေးစေလိုပါတယ်

Numega said...

စစ်သည်တော်တစ်ဦးရဲ့ စကားက
´´ကျွန်တော်က တပ်မတော်ထဲမှာ တာဝန်ထမ်းဆောင်နေတာ နှစ်ပေါင်း(၁၆)ကျော်ကြာခဲ့ပါပြီ။ တပ်မတော်ထဲဝင်ခဲ့တဲ့ရည်ရွယ်ချက်ကတော့ ဘာမှရည်ရွယ်ချက်ကြီးကြီးမားမား မရှိခဲ့ပါဘူး။ အဓိက ကတော့ ၀ါသနာပါလို့ပါ။ ဘယ်လောက်ဝါသနာပါလည်းဆိုရင် ငယ်ငယ်က ကစားရင်တောင် စစ်တိုက်တမ်းပဲ ကစားခဲ့တာ။ ဒါနဲ့ ၁၉၉၅ ခုနှစ် အသက်(၂၀)ကျော်မှာ တပ်မတော်ထဲ ၀င်ရောက်ခဲ့ ပါတယ်။´´

ကြုံတုံး ကချင်ပြည်နယ်က တစ်ကယ့်အဖြစ်အပျက် တစ်ခုကို ပြောပြခြင်ပါတယ်။ ကချင်ပြည်နယ်က မြစ်ကြီးနားမြို့မှာ တွေ့ခဲ့ရတဲ့ မြင်ကွင်းတစ်ခုပါ။ ရပ်ကွက်လေးတစ်ခုမှာ ကလေးတွေ ပျော်ရွှင်စွာနဲ့ ကစားနေကြတယ်။ ကလေးတွေဟာ ပါးစပ်ကနေ စကားတွေလဲ အော်ပြောလိုက်၊ ဒိုင်းဒိုင်း နဲ့ သေနပ်ပြစ်လိုက်နဲ့ သေနပ်ပြစ်တမ်း ကစားနေကြတာပါ။

ကလေးတွေ သေနပ်ပြစ်တမ်းကစားနေတဲ့အထဲမှာ ထူးစမ်းတဲ့ ကလေးဇတ်လမ်းလေးတွေပါနေတယ်။ ဘာတွေလဲဆိုတော့ ´´ ၀ပ်ဝပ်၊ အစိုးရ စစ်တပ်တွေလာနေတယ်၊ ဒိုင်းဒိုင်း၊ ရှုး ၀ုန်း ဒိုင်း၊ ဗုံးကျင်းထဲဝင်၊ ဗုံးကျင်းထဲဝင်၊´´ နောက် ကလေးတစ်ယောက်က ´´လာလာ၊ ဒီဖက်ကိုပြေး၊ ဒီဖက်ကိုပြေး။´´ တဲ့။

စစ်ပြေးကလေးတွေရဲ့ စိတ်အစဉ်ကို ဖေါ်ပြနေတဲ့ နီးစပ်နေတဲ့ ကလေးတွေရဲ့ ခံစားချက်တွေပါ။
ကလေးတွေရဲ့ စိတ်ထဲမှာရှိနေတဲ့ အသိတွေက သူ့ဖက်၊ ကိုယ်ဖက် ဘယ်လိုမှ မကောင်းနိုင်တဲ့ အသိတွေလို့ ထင်မိပါတယ်။ ဒီအသိတွေ၊ ဒီအတွေးတွေ၊ ဒီအမြင်တွေကို ဖျောက်ဖျက်ပြစ်နိုင်ဖို့လိုမယ်ထင်ပါတယ်။

ဘယ်လို ဖျောက်ပြစ်မှာလဲ။

ဘယ်သူတွေက ဖျောက်ပြစ်အောင်လုပ်ပေးမှာလဲ။

ကျွန်တော်ကြိုးစားဆဲပါ။

zmt said...

စစ်သားရဲဘော်ဘ၀ ကဒီလိုပါပဲ သူတို့အပေါ်ကသူတွေပဲ ဆိုးကြတာပါ ...

minmyozeya said...

ညီလေး တာဝန်ထမ်းဆောင်ခဲ့တဲ့ကာလမှာ ပြည်သူကို မိဘလို သဘောထားခဲ့ရင် ညီလေးခံစားခဲ့ရတဲ့ ဒုက်ခတွေ ပြေလျော့နိုင်မှာပါ..
အထက်အရာရှိကြီးများက တော့ ပထွေးစိတ်တွေသာ ၀င်နေကြတာလေ...

aunglwin said...

ဒါဟာတကယ်ပါ။ကျုပ်ကိုယ်တိုင် တပ်ထဲမှာနေခဲ့ရတော့ ကိုယ်ချင်းစာပ်တယ်။ ထက်ဖားအောက်ဖိစနစ်ဆိုးကြီးက စစ်တပ်ကစတင်ခဲ့တာပါ။ ဗိုယ်ကတော်ဖြစ်ချင်သူများ အထူးသတိထားပါ။ တပ်ရင်းမှူးကတော် ထမိန်မခေါက်ချင်ရင်ပေါ့။

Lu said...

တပ်မတော်သားဗိုလ်မှူးတစ်ယောက်ကပြောတယ်…
ငါတို့အခုသမ္မတဦးသိန်းစိန်လက်ထက် ခေတ်ပျက်ထဲရောက်နေပြီတဲ့။
အ၇င်စစ်တပ်အစိုးရတွေလိုအခွင့်အရေးတွေမရတော့ဘူးတဲ့၊ စိတ်ညစ်စရာဘဲတဲ့။

mgmgsann said...

သိပ်ကိုမှန်ပါတယ် ၁၈နှစ်နှင့် ၃၀ ကြားလူများအားလုံး မဲစနစ်နဲ့ေ၇ွးသော စစ်မှုထမ်းစနစ် လိုကို လိုအပ်နေပါပြီ
ထိုင်းနိုင်ငံမှာ လို တိုင်းပြည်စံပြအနေနဲ့၇ှိနေတဲ့ ၇ုပ်၇ှင်မင်းသားတွေအဆိုတော်တွေအနေနဲ့ကို နမူနာအနေနဲ့ မဲမနှိုက်ဘဲ ကိုယ်သဘောနဲ့ကိုယ် စစ်မှုထမ်း ၃နှစ်ထမ်းတာမျိုး လုပ်သင့်နေပါပြီ
သမတကြီးကလဲ ဥပဒေ၇ှိနေ၇က်နဲ့ လူတွေ ကန့်ကွက်မှာစိုးလို့ မလုပ်သေးတာမျိုး ၇ပ်သင့်ပါပြီ အမြန်ဆုံး လူတိုင်းစစ်မှုမထမ်းမနေ၇ ဥပဒေနဲ့ မဲနှိုက်ပြီး တိုင်းပြည်တာဝန်ယူသင့်ပါပြီ

shingyi said...

လုပ်သက်၂၅နှစ်စစ်မှုထမ်းကောင်း။ဝန်ထမ်ကောင်းပေးတော့သက်ဆိုင်
၇ာဝန်ကြီးဌာနနဲ့ကာကွယ်ေ၇းဝန်ကြီးညှိ၇မှာ။တောင်းဆိုတဲ့ဒေသအနီးဆုံးမှာ
သင့်တော်၇ာပေး၇မှာ။အ၇ပ်သား၁၅နှစ်၇သူ၇ှိတယ်။တပ်မတော်သားကလဲ
ပင်စင်လစာမှာအဆ ၂၀ လောက်သာတယ်လေ။အ၇ာခံတစ်ယောက်၇ဲ့
ပင်စင်နဲ့ညွှန်ကြားေ၇းမှုးပင်စင်တူသလောက်ပါ။တပ်မှာအဆင့်လိုက်grade
pay/qualify pay/၇ိက်ခါ အစိုအခြောက်။ဆေးကုသခွင့်။အိမ်ယာ။
ေ၇။မီး free။ အခွင့်အေ၇းပေးထားတယ်။မကောင်းတာနေ၇ာတိုင်း
၇ှိတယ်။ကြောင်းအကျိုးအကောင်းအဆိုးတော့ခံစား၇မှာပေါ့ကွယ်။နောင်လာ
နောက်သားအထင်လွဲပါ့မယ်။ယောနိသောမနသီကာ၇ -နှလုံသွင်းကောင်း
ပါစေ။အ၇ပ်ဘက်မကောင်းတာအများကြီး၊နိုင်ငံခြားမကောင်းတာအများကြီး
သင်းဘောသာမကောင်းတာအများကြီး-ယခုကောင်းအောင်ကျိုးစားလုပ်
ပါနောင်ကောင်းမှာပါ။ယခုစတင်လိုက်ပါ။

ဖိုးသား said...

အော် .................. စစ်တပ်ဆိုတာပြန်လမ်းမရှိတဲ့နေရာဆိုပါလား ..........................

ကိုကို said...

ရဲတွှေလည်းအတူတူပါ့ဘဲ ဒါပေမဲ့ အခြားဆင့်မှာကိုစိုးတဲ့လုကဆိုးတာပါဘဲ

MYO MYINT said...

ဟုတ်ကဲ့မြန်မာပြည်မှာစစ်မှုမထမ်းမနေရဥပဒေရှိပြီးအသုံးမချသေးတာသာဖြစ်ပါတယ်၊နောင်ဥပဒေအသက်ဝင်လာရင်မလုပ်မနေရစစ်သားတွေအမေရိကန်တို့ကိုရီးယားတို့လိုပေါ်လာဦးမှာပါ၊အဲဒီကျရင်စစ်သားကောင်းတွေဖြစ်နိုင်အောင်အခုပြောတဲ့သူတွေကိုယ်တိုင်ကြိုတင်ပြင်ဆင်ထားကြပါဦး

MI 35 said...

လူဆိုတာ အတ်တကြီးပါတယ်၊ အရပ်သားတစ်ယောက် အနေနဲ့ဒီအလုပ်အကိုင်မှာ အဆင်မပြေရင်၊ ထွက်ပြီး နောက်အလုပ်အကိုင်တစ်ခုကို လွယ်လွယ်လေးရှာပြီး ပြောင်းလို့ရပါတယ်။ စစ်သားတစ်ဦးအနေနဲ့က မလွယ်ပါဘူး၊ အပေါ်က တပ်ကထွက်ချင်တဲ့စစ်သည်တော်တစ်ဦးကို ကိုယ်ချင်းစာမိပါတယ်။
အခုလိုတိုးတက်ပွင့်လင်းလာမယ့် ခေတ်ကြီးမှာ ဘယ်သူမှ Family Life မရမဲ့အလုပ်မျိုး၊ လစာကောင်းကောင်းမရမဲ့ အလုပ်မျိုး၊ မွေးရပ်ဇာတိမှ ရွေ့ပြောင်းပြီးလုပ်ကိုင်ရမယ့် အလုပ်မျိုးမလုပ်ချင်ကြပါဘူး၊ တပ်ထဲဝင်မယ်ဆိုရင် ဗိုလ်ဖြစ်မှပဲဝင်မဲ့ရည်ရွယ်ချက်တွေနဲ့ပဲဝင်ကြတာများပါတယ်။ တပ်ထဲဝင်လာတဲ့ စစ်သည်အများစုက ရည်ရွယ်ချက်မရှိကြပါဘူး၊ မိဘအိမ်ကဆင်း၊ မိန်းမနဲ့ကွဲ၊ ရည်းစားနဲ့ပြတ်၊ အပြင်မှာအလုပ်အကိုင်အဆင်မပြေတဲ့၊ ငမူးငရူးတွေများပါတယ်။ (တချို့ပညာသည်အုပ်စု စစ်သည်များမပါ)။
အဲ့လိုမျိုး (၁၀) တန်းမအောင်တဲ့လူတွေက မိဘလက်ငုတ်လက်ရင်းမရှိရင်၊ အပြင်ကဘာအလုပ်အကိုင်ကောင်းကောင်းများရနိုင်မယ်ထင်လဲ၊ အပြင်မှာအလုပ်ဝင်လုပ်ရင်ကော လက်ကြောတင်းမယ်ထင်ပါသလား? အဲ့လိုမျိုးအရည်အချင်းနဲ့လူမျိုးတွေ စစ်တပ်ထဲဝင်ရတော့ ချက်ခြင်း
- ရဲဘော် အဆင့်
- လစာ ၇၀၀၀၀ ကျော်
- မိန်းမရှိရင် အိမ်ထောင်သည်လိုင်းခန်း (၁) ခန်း (ရေ/မီး Free)
- မိသားစုအတွက် ရိတ်ခါ၊ (ဆန်၊ နို့ဆီ၊ သကြား.. etc)
- ရိတ်ခါစိုငွေ တနေ့ ၅၈၆ ကျပ် တလ (၁၇၅၀၀) ကျော်
(လူပျိုဆိုရင် ကျောခင်းစရာ ဘားတိုက်၊ မနက်ည စားရိပ်သာသွားစား)
အဲလို (၁၀) တန်းမအောင်တဲ့ကောင်တွေက စစ်တပ်ထဲဝင်ရင် စားပြီးသောက်ပြီး၊ နေစရာပါ၊ စရိတ်ငြိမ်း လစာ ၇၀၀၀၀ ရပါသေးတယ်။ အပြင်က ၁၀ တန်းအောင်ဘွဲ့ရနဲ့ ကျောင်းဆရာမ၊ အရောင်းစာရေးက သူတို့လောက်မရပါဘူး။
ပြောချင်တာက ပညာတတ်တွေများလာမဲ့ခေတ်ကြီးမှာ ဘယ်သူမှ စစ်တပ်မ၀င်ချင်တော့ပါဘူး။ ၀င်တဲ့လူတွေက အပေါ်ကအရည်အချင်းမျိုးတွေကြီးပဲ။ တပ်အရည်အချင်းကျပါတယ်။ ၀င်မဲ့လူမရှိတော့တဲ့တနေ့ လွှတ်တော်မှာ စစ်မှုမထမ်းမနေရ ဥပဒေပြုရေးအဆိုတင်သွင်းရင် ဘာတွေအော်ကြအုံးမလဲဆိုတာ စောင့်မျှော်ရင်း....
လူတွေကိုယ်မလုပ်နိုင်တဲ့အလုပ် သူများတွေလုပ်နေကြပါလားဆိုတဲ့ ကိုယ်ချင်းစာစိတ်လေး ၀င်ရင်ကျေနပ်တဲ့
MI 35

Aung Soe Oo said...

ဟုတ်တယ်ရဲဘော်လေးရေ ကျွန်တော်ဆိုဆိုလဲ စစ်သားရဲ့ သားတယောက်ပါဘဲဗျာ ငယ်ငယ်ကဆိုတပ်မတော်ထဲအရမ်းဝင်ချင်ခဲ့တာ ဒါပေမယ့်ဖခင်နဲ့တပ်ထဲကိုလိုက်လိုက်လည်ရင်းတပ်မတော်ရဲ့သဘောထားအမှန်ကိုမြင်ယောင်လာလို့ ညီအကိုနှစ်ယောက်လုံးစစ်တပ်နဲ့ဝေးရာကနေဘဲတိုင်းပြည်ကိုချစ်မယ်ဆုံးဖြတ်ခဲ့တယ် ဒီနေ့မည်သည့်တိုင်းပြည်နဲ့စစ်ဖြစ်ဖြစ်ဝင်တိုက်ဖို့ဝန်မလေးပေမယ့်စစ်တပ်ထဲ့ဝင်ဖို့တော့ယောက်လို့တောင်စိတ်မကူးတော့ဘူးညီလေးရေ ဒီတော့ညောင်သီးလဲစားလေးသံလဲနားထောင် အဆင်ပြေသလိုကြည့်လုပ်လို့ဘုအကြံပေးပါရစေ..

မရဏမင်း said...

MI35ပြောတာကိုထောက်ခံမိတယ်...အဟဲဝင်မဲ့သူမရှိလို့ကစစ်မှုမထမ်းမနေရအတည်ပြုရင်....နင်-မင်း-ငါအော်နေတဲ့မောင်တွေအခုကတည်းကဆုတောင်းထားကြတော့..အပေါ်ကဝေဒနာတွေကအမှန်တွေဖြစ်သလိုဘဲဝတ္ထုတိုလိုဖတ်လို့တော့ကောင်းသား..ဖွင့်ဟ၀န်ခံတဲ့မောင်ကလည်း(မှန်ကန်ရင်ကွဲတယ်တဲ့)စေ့စေ့တွေးနော်..မင်းကဆရာကြီးလားမမေးနှင့်..(၇၃၃---နောက်စကားကိုထဲ့မပြောဘူး)..ရှေ့ကလူတွေဘာတွေလုပ်နေလဲ..ဘယ်လိုလုပ်သွားလဲ...Botaတောင်တချို့ကိုပြောနေတာဘဲ..

hlaingthuya said...

ယခုစာကိုရေးသားသူဟာ စစ်သားမဖြစ်နိုင်ပါ၊ စစ်သားစစ်စစ်ဖြစ်ပါက on line ပေါ်တက်နိုင်သည်အထိ အချိန်မအားလပ်နိုင်ကြပါ၊ အချိန်မပေးနိုင်ကြပါ၊ ၀ါဒဖြန့်ချီခြင်းသက်သက် သွေးခွဲခြင်းသာဖြစ်နိုင်ပါသည်။ စစ်တပ်ထဲမှ လူများသည်လည်း လူသားများသာဖြစ်ရာ ကောင်းသူမကောင်းသူ အစုံရှိနိုင်ပါသည်။ မကောင်းသူတစ်စုကို ကြည့်ပြီးအားလုံးကို ၀ါးလုံးရှည်နှင့် မရမ်းသင့်ပါ၊ ကောင်းသည့်တပ်မတော်သားများက အများစုဖြစ်ပါသည်။ ပြည်သူများနည်းတူ တပ်မတော်သား အောက်ခြေရဲဘော်များလည်း အခက်အခဲမျိုးစုံ ရှိနေကြသည်ကို လက်ခံပါသည်။ သို့ သော် တိုင်းပြည်ကာကွယ်ရေးအတွက် တပ်မတော်သည် မရှိလို့ မဖြစ်ပါ၊ တပ်မတော်သားများကို ကူညီရိုင်းပင်း လက်တွဲခေါ် ကူညီကြသင့်ပါသည်။ တပ်ထဲတွင် မိမိအထက်လူကြီးမကောင်းပါက တိုင်ကြားနိုင်ကြပါသည်၊ မိမိမတရားခံရပါက တိုင်ကြားလျင် အထက်လူကြီးများမှ မှန်ကန်စွာ ဆောင်ရွက်ဖြေရှင်းပေးနေပါသည်။ လိုအပ်ပါက တိုင်းမှူးအဆင့်ထိ တိုင်ကြားနိုင်ပါသည်။ တပ်မတော်ကို သွေးကွဲအောင် အင်အားချိနှဲ့ အောင် မပြုလုပ် မကြံစည်ကြသင့်ပါ။ အပြုသဘောဖြင့် ပူးပေါင်းဆောင်ရွက်ကြပါစို့ ။

Justice lover said...

တကယ်က တိုင်းပြည်ကပျက်နေပြီဗျ။ နေရာအားလုံးမှာ ပျက်နေတာ။ ကျန်းမာရေး၊ ပညာရေး၊ လမ်းပန်း၊ ဆက်သွယ်ရေး၊ လျှပ်စစ်၊ စီးပွားရေး၊ လူတွေ၏စာရိတ္တ အားလုံး၊ အားလုံးပါ၊ အဲဒီထဲမှာ စစ်တပ်လည်းပါတာပေါ့၊ ခင်ဗျားတို့စဉ်းစားကြည့်ပါ။ နှစ်ပေါင်း ၅ဝ လုံးလုံး သောက်တလွဲတွေချည့် နေစဉ်ရက်ဆက်၊ နေရာဌာနတိုင်းက အဆင့်တိုင်း၊ အဆင့်တိုင်းမှာ ဘာမှပြန်ပြောနိုင်ခွင့်မရှိ ထင်သလို အမှားတွေချည့် လုပ်လာကြတာ၊ ဒီတိုင်းပြည်မှ မပျက်ယင် ဘယ်တိုင်းပြည် ပျက်မှာလဲ။

linn said...

စစ်မှုမထမ်းမနေရ ကိုကြိုက်ပါတယ်။ လိုလည်းလိုအပ်တယ်ထင်ပါတယ်။ မြန်မာတွေဟာ အစ္စရေးလို မာအောင်လုပ်ထားဘို့လိုပါတယ်။ အရွယ်ရောက်သူတိုင်း စစ်တိုက်နိုင်ရမယ်ပေါ့။ ဒါပေမဲ့ ဒီဥပဒေကို အကောင်အထည် မဖေါ်ခင် ပြည်တွင်းငြိမ်းချမ်းရေး အရင်လုပ်ရပါမယ်။ တိုင်းရင်းသား အားလုံးပါတဲ့၊ အခွင့်အလမ်းတူ ၊ တစ်ခုထဲသော တပ်မတော်ကြီးကို အရင်တည်ဆောက်နိုင်ပြီးမှ လုပ်လို့ရမှာပါ။ ဗြိတိသျှ ခေတ်ကလို ကချင်သနက၊ ကရင်သနက၊ ချင်းသနက၊ ဗမာသနက တွေ ဖွဲ့ရင် ပိုမြန်ပေမဲ့ ဘေးထွက်ဆိုးကျိုးတွေရှိမှာပါ။

tintaye10 said...

နဲတောင်နဲသေးတယ်သေလိုက်

Anonymous said...

စစ်တပ် ဆိုတဲအသုံးအနှုန်းကိုသုံးပြီးပြောနေတာ ထမင်းရှင်ကိုကျေးဇူးကန်းတာဘဲ။ မကောင်းတာတွေရှိပါတယ်။ ဒါပေမယ့် ၁၆ နှစ်လုံးလုံးသူ့ဆန်စားခဲ့တာကိုပြန်ထောက်ရမယ်။ ဗြမစိုရ်တရား (၄)ပါးကိုလက်ကိုင်ထားပေါ့။ စစ်တပ်ကကောင်းတယ်မကောင်းဘူးဆိုတာထက် ထမင်းရှင်ကို ကျေးဇူးမကန်းမိဖို့လိုတယ်။ ခင်ပွန်းကြီး ၁၀ ပါးကို မပစ်မှားမိစေချင်ပါ။

Powered by Blogger.