အငိုလွယ်အရှိုက်ခက်လာနိုင်သော ကိုယ်ပိုင်ကျောင်းဥပဒေ

၂ဝ၁ဝ နှစ်ဆန်းပိုင်းအချိန်လောက်ဖြစ်မယ်ထင်တယ် ပညာရေးလောကမှာ သတင်းတစ်ခုစတင်ထွက်လာပါတယ်။ အဲဒါကတော့ ပြင်ပမှာသင်ကြားနေတဲ့ ကျူရှင်တွေ ကိုယ်ပိုင်ကျောင်းထောင်ခွင့်ပေးတော့မယ်တဲ့ဆိုတဲ့အကြောင်းပါ။

ဒီကိစ္စနှင့်ပတ်သက်လို့ ကိုယ်ပိုင်ကျောင်းထူထောင်မယ့်သူတွေက စိတ်ဝင်တစားနဲ့ ပညာရေးဝန်ကြီးဌာနတာဝန်ရှိသူအသီးသီးကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် တစ်စုံတစ်ရာအဖြေမပေးနိုင်ခဲ့ပါဘူး။

ဒီလိုနဲ့ ကျောင်းဖွင့်ခါနီးအချိန်ရောက်တော့ ကိုယ်ပိုင်ကျောင်း ဖွင့်ခွင့်လိုင်စင်ကို ပညာရေးဝန်ကြီးဌာနမဟုတ်တဲ့ အဲဒီအချိန်က ဒေသဆိုင်ရာအာဏာပိုင်တွေဆီ လျှောက်ထားရမယ်ဆိုလို့ နီးစပ်သူတစ်ချို့ လက်သိပ်ထိုးလျှောက်လိုက်ကြတာ ရတဲ့သူရ မရတဲ့သူမရနဲ့ပေါ့၊ ဖွင့်လှစ်ခွင့်ရတဲ့သူတွေကလည်း လက်မတစ်ထောင်ထောင်နဲ့ ပိုယ်ပိုင်ကျောင်း ဆိုင်းဘုတ်တွေဘာတွေတင်ပြီးဖွင့်ပွဲတွေဘာတွေလုပ်လို့ပေါ့။ အဲဒီအချိန်ကြမှ ပညာရေးဝန်ကြီးဌာနက ဒီကိစ္စတွေကိုသူတို့မသိရပါဘူး . . . သူတို့ခွင့်ပြုချက်လည်းပေးမထားပါဘူးဆိုပြီးပြောတဲ့အခါကြမှ ဆိုင်းဘုတ်တွေပြန်ဖြုတ်ချကြရတယ်။

ကိုယ်ပိုင်ကျောင်းဖွင့်လှစ်ခွင့်ပြုရေးဟာ စကတည်းက ဒီလိုအရှုပ်နဲ့စခဲ့ကြတာ။ ဒီကိုယ်ပိုင်ကျောင်းဆိုတာကိုသဲသဲလှုပ်ခဲ့ကြတာကလည်း . . .ဒီသက်ဆိုင်ရာအာဏာပိုင်တွေနဲ့ ငွေကြေးချောင်လည်သူတစ်ချို့ က မိမိတိုသားသမီးများကို သူများထက်ထူးချွန်စေချင်တော့ ပြင်ပနာမည်ကြီးကျူရှင်တွေ၊ ဘော်ဒါတွေ၊ သီးသန့်ဝိုင်းတွေမှာ ထားကြတယ်၊ ဒီတော့ ကျူရှင်ဆရာများကလည်းသူတို့ကိုယ်သူတို့အမွန်းတင်ချင်တော့၊ ကျောင်းကဆရာ၊ဆရာမတွေက ဘာမှလည်းမတတ်၊ ကောင်းကောင်းလည်းမသင်၊ စေတနာလည်းမရှိ၊  သူတို့သင်မှဘဲကျောင်းသား၊ ကျောင်းသူတတ်တော့ မယောင်ယောင်ပြောဆိုခဲ့ကြတယ်။

 ပြီးတော့ကိုယ်တာဝန်ယူသင်နေရတဲ့ကလေးအခြေအနေမကောင်းတဲ့အခါကြတော့၊့ ကလေးကအမှတ်နည်းမှာပေါ့၊ တစ်နေကုန်နားမှမနားရဘဲ၊ ကျောင်းပြီးကျူရှင်၊ ကျူရှင်ပြီးကျောင်း ပြေးလွှားနေရတာ၊ ဒီဘာမှမဟုတ်တဲ့အစိုးရကျောင်းတက်နေရတာ အချိန်ကုန်တယ်၊ပင်ပမ်းတယ် . .  ကိုင်ပိုင်ကျောင်းသာဖွင့်လှစ်ခွင်ရပြီး မိမိတို့စိတ်ကြိုက်သာကိုင်တွယ်ခွင့်ရရင် အားလုံးထူးချွန်တဲ့ကလေးတွေချည်းဖြစ်လာမှာဆိုပြီး . .  အာဏာရှိသူတွေထံ နားပေါက်အောင်ပြောဆိုခဲ့ကြတယ်။ တာဝန်ရှိသူတွေကလည်းမိမိတို့ကလေးတွေအတွက်ကရှိသေးတော့ ဟုတ်နိုးနိုး ယုံကြည်ခဲ့ကြတယ်။ တစ်ကယ်တမ်း ကျောင်းကဆရာတွေ၊ဆရာမတွေခင်ဗျာပညာရေးနဲ့မပတ်သက်တဲ့ တာဝန်တွေ အမျိုးမျိုးကြားထဲက  ကြိုးစားပမ်းစားသင်လားမသင်လားဆိုတာကို မိဘများသိသိကြီးနဲ့မျက်ကွယ်ပြုခဲ့ကြတယ်။

ပြင်ပမှ ကျူရှင်ဆရာများကလည်း ဆရာ၊ဆရာမများကိုတိုက်ခိုက်ခဲ့ကြတယ်။ အတန်းတွင်းမှာတော့ကောင်းကောင်းမသင်ဘူး၊ အိမ်မှာတော့ကောင်းကောင်းသင်တယ်စသည်ဖြင့်ပေါ့ . . ။ ဒါကို သိသိကြီးနဲ့ယုံပြီးအစိုးရကျောင်းများမှ ဆရာဆရာမများကို နှိမ်ချခဲ့ကြတယ်။ ကိုယ့်အတန်းထဲကကလေးကိုယ်ကျူရှင်ပြန်ပြတယ်ဆိုတာကလည်း မိဘတွေကစပြီးကိုယ်သားသမီးကိုယ် သူများထက်ထူးချွန်စေချင်လို့၊ ဌင်ပေါ်ချင်လို့ စတင်ဖန်တီးခဲ့ကြတာပါ။

အရိုးသားဆုံးပြောရရင် (Demand) ရှိလို့ (Supply) ရှိလာရတာပါ။ ဒါကလည်း အခြေခံပညာဦးစီးဌာနမှာရှိတဲ့ ကျောင်းပေါင်းသောင်းချီရှိတဲ့ထဲမှာမှ ဆယ်ဂဏန်း၊ ဆရာ၊ဆရာမဦးရေ သိန်းချီရှိသည်မှရာဂဏန်းမပြည့်ခဲ့ပါဘူး။ ဖြစ်ပွားမှုအများစုကြည့်ကြမယ်ဆိုရင်လည်း မြို့ ပေါ်မှာရှိတဲ့
 ကျောင်းအများစုပါ။ အဓိကတော့ ရန်ကုန်နဲ့မန္တလေးပါ။ မြန်မာပြည်အနှံ့အပြားမှာ အိပ်စိုက်စာသင်ပေးနေတဲ့ ဆရာ၊ဆရာမများစုရဲ့ မျက်နှာကိုမှမထောက်၊ သင်ကြားရေးဆရာ၊ဆရာမမပြည့်စုံလို့ တစ်ယောက်တည်းဘာသာစုံသင်နေရ ၊ လခနည်းပါးစွာဖြင့် တိုင်းပြည်ရဲ့အကြီးမားဆုံးသောတာဝန်ဖြစ်တဲ့ပညာရေးမှာဘဝနစ်မြုပ်ထားကြတဲ့ဆရာဆရာမတွေကို  မိဘတွေတင်မကဘူး မီဒီယာတွေကပါ ရေနစ်သူဝါးကူထိုးကြတယ်။

ဒီနေ့ဆရာ၊ဆရာမများမကောင်းပြောနေတဲ့သူတွေလည်းမိမိတို့ ကိုပညာရရှိအောင် ဒီဆရာ၊ဆရာမတွေကဘဲ သင်ကြားပေးခဲ့တယ်ဆိုတာမမေ့သင့်ဘူး။ ထားပါတော့ကိုယ်ပိုင်ကျောင်းအကြောင်းဆက်ရအောင်၊ ဒီလိုနဲ့ သက်ဆိုင်ရာအာဏာပိုင်တွေနဲ့ ပညာရေးဝန်ကြီးဌာနဘယ်လိုညှိလိုက်ကြတယ်ဆိုတာတော့မသိဘူး၊ အခြေခံပညာက ညွှန်ချုပ်၊ တိုင်းပညာရေးမှုးတွေက အာဏာပိုင်တွေ စာရင်းပေးတဲ့ ကျောင်းတွေကိုသွားရောက်စစ်ဆေးစေပြီး၊ ဆက်လက်တင်ပြစေကာ အာဏာပိုင်တွေမှ စမ်းသပ်ဖွင့်လှစ်ခွင့်ပြုသည်ဆိုပြီး ကျောင်းအခိျု့ကို စတင်ဖွင့်လှစ်ခွင့်ပြုခဲ့ပါတယ်။ ဒီလိုဖွင့်လှစ်ခွင့်ပြုအောင်လည်းအခြေခံပညာမှတာဝန်ရှိသူတွေကို သိန်း(၅ဝဝ)အထိပေးခဲ့ကြရတယ်ဆိုတာကို အဲဒီ အချိန်တုန်းက ပညာရေးဒုတိယဝန်ကြီးအဖြစ်တာဝန်ယူခဲ့တဲ့ ဗိုလ်မှူးချုပ်အောင်မျိုးမင်းက  (Voice) ဂျာနယ်မှာ ပစ်တိုင်းထောင်ဆိုတဲ့ကလောင်အမည်နဲ့ဖော်ထုတ်ဝန်ခံရေသားခဲ့ပါတယ်။

ပြောရရင်တော့ ပညာရေးမှ ထိပ်ပိုင်းတာဝန်ရှိသူတွေနဲ့ ကျူရှင်ဆရာများအကျိုးတူပူးပေါင်းဆောင်ရွက်ခဲ့ကြခြင်းပါ။ ပညာရေးကတာဝန်ရှိသူများကလည်း ကိုယ့်တပ်ကိုယ် စိစိညက်ညက်နင်းချေ၊ နှိမ်ချအပြစ်တွေဖို့ပြီး ကိုယ်ပိုင်ကျောင်းထောင်မဲ့သူတွေကို ဖူးဖူးမှုတ်ခဲ့ကြတာပါ။ ဒါပေမဲ့ အသိတရားရှိတဲ့ ဆရာကြီး၊ဆရာမကြီးများရဲ့ အသိတရားကြောင့်၊ ဒီကိုယ်ပိုင်ကျောင်းတွေကို၊ တန်းတင်တန်းချ၊ စာမေးပွဲစစ်ခွင့် မေးခွန်းထုတ်ခွင့်၊ ခွင့်မပြုခဲ့ပါဘူး။ ပြီးကျောင်းသားမှတ်ပုံတင်ကိုလည်း အနီးစပ်ဆုံးအထက်တန်းကျောင်းတစ်ကျောင်းမှာ မှတ်ပုံတင်ပြီး ဒီကျောင်းကဘဲစာမေးပွဲစစ်ဆေးအောင်စာရင်းထုတ်ပေးတာပါ။ (ဒါကလည်းအကြောင်းရှိပါတယ် . .  ဒီမတိုင်ခင်မှာ ကျွန်တော်တို့နိုင်ငံမှာ ဘုန်းတော်ကြီးသင်ပညာရေးစနစ်ကိုပြန်လည်အကောင်အထည်ဖော်ပြီး ကျောင်းသား၊ကျောင်းသူများ မှတ်ပုံတင်ခြင်း၊ အတန်းတင်၊ အတန်းချ၊ ကျောင်းပြောင်း၊ စာမေးပွဲစစ်ဆေးအောင်စာရင်းထုတ်ပြန်ခြင်းကိုခွင့်ပြုခဲ့ပါတယ်။

ဒီလိုခွင့်ပြုခဲ့ခြင်းဟာလည်း ဆရာတော်ကြီးများ၏သီလဂုဏ်၊ သမာဓိဂုဏ်ကိုယုံကြည်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ ဒါတောင်မှ အလိုရမက်ကြီးသောမိဘများနှင့် လုပ်ကိုင်စားသောပွဲစားများက ဆရာတော်ကြီးများအား ဆရာဒါယကာဖြစ်မှု၊ သနားကြင်နာမှုကိုအခွင့်ကောင်းယူပြီး၊ အတန်းတင်၊အတန်းချ၊ ကျောင်းပြောင်းလက်မှတ်၊ အောင်စာရင်း ထင်တိုင်းလုပ်ခဲ့ကြတာ၊ ကျောင်းမတက်ဘဲ တန်းစဉ်အအောင်ပေးခဲ့ကြတာ ရန်ကုန်၊ မန္တလေးဟိုးလေးတကျော်ကျော် မြင်မကောင်းကြားမကောင်းပါ။ ဒါကလည်း အာဏာပိုင်များနဲ့ သဲသဲလှုပ်မိဘတွေဘဲလုပ်ခဲ့ကြတာပါ . . . ပြီးတော့မှသာ ဒီကျောင်းတွေက တတ်အောင်မသင်နိုင်ဘူးဆိုပြီးပြောကြတာ  ဒီကိစ္စတွေကို  ဒီနေ့ကိုယ်ပိုင်ကျောင်းတွေကြရင်ဘယ်လိုထိမ်းချုပ်ကြမလဲ .)  ဒီမှာတင်ကိုယ်ပိုင်ကျောင်းထောင်ခွင့်ရတဲ့ ကျူရှင်ဆရာကြီးများက လေပေါင်မြင့်လာပါတယ်၊ သူတို့ကဘဲ ကလေးတွေကိုတတ်အောင်သင်နိုင်တယ်. . .။

သူတို့ကဘဲ ဂုဏ်ထူးမျာများရအောင်သင်ကြားလေ့ကျင့်ပေးနိုင်တယ် . . . ကိုယ်ပိုင်ျကာင်းတွေလွတ်လွတ်လပ်လပ်ဖွင့်လှစ်ခွင့်ရမှတိုင်းပြည်ပညာရေးကတိုးတက်မှာ. . . သူတို့ဆီမှာတက်ရင် ကျူရှင်ထပ်ယူစရာ မလိုဘူး . .  စသည်ဖြင့်ဂျာနယ်စာမျက်နှာတွေပေါ်ကနေ အင်တာဗျူးလုပ်ပြောခဲ့တာတွေဖတ်ခဲ့ရပြီးတော့ . . .စိတ်မသက်မသာဖြစ်ခဲ့ရပါတယ်၊ တစ်ကယ်တော့ ဒီနေ့ကိုယ်ပိုင်ကျောင်းဆိုတာတွေက ကျူရှင်ပါဆိုနေမှ ကျူရှင်သာထပ်ယူနေရရင် စာတောင်သင်မစားသင့်တော့ဘူး၊ ဒါတောင်ရန်ကုန်၊မန္တလေးမြို့ တွေမှာ ထပ်ယူနေကြတာ တစ်ပုံတစ်ပင်။ . . ။နိုင်ငံတော်အစိုးရကျောင်းမှာယခုနှစ်တွေမှာ ကျောင်းစရိတ်ကိုအခမဲ့နီးပါးဖြစ်အောင် လုပ်ဆောင်ပေးနေတာတောင် ပြောနေကြတဲ့သူတွေကို . ..  ဆရာဆရာမများက ကျောင်းမှာအသုံးပြုမဲ့ ပစ္စည်းလေးတွေ ဝယ်ဖို့တစ်နှစ်လုံးမှ ထောင်ဏန်းမျှသော ငွေကိုကောက်ခံမှုကို ဇာချဲ့နေသောသူများ ကိုယ်ပိုင်ကျောင်းများမှ တစ်နှစ်အပြတ်       (၆-၈)သိန်းယူနေတာကိုကြတော့နှုတ်ပိတ်နေတာလည်းတစ်မျိုးချည်းပါ။

 ဒီနေ့နိုင်ငံတိုင်းမှာ အဓိကကျောရိုးဖြစ်တဲ့ အစိုးရကျောင်းတွေကိုဘဲအဓိကရင်းနှီးမြုပ်နှံတိုးတက်အောင်လုပ်ပေးကြတာပါ။
အခုတော့ . . .။ ဒီနောက် ၂ဝ၁ဝ နောက်ပိုင်း နိုင်ငံတော်သမတကြီးဦးသိန်းစိန်ဦးဆောင်သော အရပ်သားအစိုးရတက်လာပြီးတဲ့နောက်၊ပညာရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေလုပ်ဆောင်ဖို့လို
အပ်ကြောင်းကိုလည်းအတိအလင်းဝန်ခံပြောဆိုခဲ့သလို ဗလငါးတန်နှင့် ပြည့်ဝသော ခေတ်မီဆန်းသစ်မှုများကိုတီထွင်ဖန်တီးနိုင်သော . .  နိုင်ငံတကာအဆင့်မီကျောင်းသားကျောင်းသူများကို မွေးထုတ် ပေးနိုင်ဖို့ကိုလည်း ဝိုင်းဝန်းဆောင်ရွက်ကြဖို့ တိုက်တွန်းပြောကြားခဲ့ပါတယ်။

 အဲဒီနောက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းတစ်ဦးဖြစ်တဲ့ မန္တလေးတက္ကသိုလ် ပါမောက္ခချုပ်ဟောင်းဖြစ်တဲ့ ဒေါက်တာမြအေးကို ပညာရေးပြည်ထောင်စု ဝန်ကြီးအဖြစ်ခန့်အပ်တာဝန်ပေးခဲ့ပါတယ်။
(ဒေါက်တာမြအေးလက်ထက် ပညာရေးအခြေအနေများကို ဆက်လက်ရေးသားပါမည်)။

ဒီနောက်လွှတ်တော်များကို စတင်ကျင်းပရာ ပထမအကြိမ်ပြည်သူ့လွှတ်တော် ပထမအစည်းအဝေး မှာဘဲ ကိုယ်ပိုင်ကျောင်းဥပဒေကြမ်းကိုစတင်အဆိုပြုတင်သွင်းထောက်ခံခဲ့ပြီး၊ ပထမအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယအကြိမ်အစည်းအဝေးမှာ ကိုယ်ပိုင်ကျောင်းဥပဒေကို လွှတ်တော်အသီးသီးက မြန်မြန်ဆန်ကြီး အတည်ပြု ပြဌာန်းလိုက်တာပါဘဲ(ဒီလွှတ်တော်နှစ်ကြိမ်ဟာ (၆)လအတွင်းဖြစ်ပါတယ်။

ဒီဥပဒေကြမ်းကို စတင် တင်သွင်းသည့်အချိန်မှ ပြဌာန်းသည့်အချိန်ထိပညာရေးနျင့်ပတ်သက်သော မိဘ၊ ကျောင်းသား၊ကျောင်းသူ၊ ဆရာ၊ဆရာမ နှင့် ပြင်ပမှ ပညာရှင်များနှင့် တိုင်ပင်ဆွေးနွေးနှီးနှောခြင်း၊ ချပြဆွေးနွေးခြင်းမရှိသလို၊ နိုင်ငံတစ်ကာကျင့်သုံးပြဌာန်းထားသော ကိုယ်ပိုင်ကျောင်းဥပဒေများ၏ အားနည်းချက်၊ အားသာချက်၊့ မီငြမ်းခဲ့ရင်လည်း ကိုယ့်မြေကိုယ့်ရေ၊့ ကိုယ့်အသိုင်းအဝိုင်းနှင့်ကိုက်ညီမှုရှိမရှီ၊ ပညာရေးသုတေသနအဖွဲ့ ၏ဆောင်ရွက်ချက်များရှိ၊မရှိ၊ စမ်းသပ်ဖွင့်လှစ်ခွင့်ပေးထားသောကိုယ်ပိုင်ကျောင်းများမှတွေ့ ရှိချက်၊ အားသာချက်၊အားနည်းချက်များကိုမှိငြမ်းမှုရှိမရှိဆိုတာ ဥပဒေရေးဆွဲသူတွေရော၊ လွှတ်တော်ကိုယ်စားလှယ်တွေရော အသိဆုံးပါ။

ဒီတော့ ဒီဥပဒေဘာကြောင့်မြန်မြန်ဆန်ဆန်ကြီးပြဌာန်းလိုက်တာလည်း . . . တိုင်းပြည်တစ်ပြည်ရဲ့ အဓိကကျောရိုးဖြစ်တဲ့ ပညာရေးကို ဘာမျှတိုင်းသူပြည်သား (Stakeholders) များကိုဆွေးနေီးညှိနှိုင်းခြင်းမပြုတာလည်း ဒီနေ့ မီဒီယာဥပဒေဖြစ်လာဖို့အတွက်တောင် မီဒီယာသမားတွေနဲ့အကြိမ်ကြိမ်ချပြဆွေးနွေးတာတောင် ဥပဒေကြမ်း မထွက်နိုင်သေးဘူး၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဖြစ်တဲ့ နိုင်ငံခြားပြန်၊ ပညာတတ်၊ ပါမောက္ခချူပ်ဟောင်းတစ်ယောက်ဖြစ်သော ဒေါက်တာမြအေးကရော ဘာကြောင့် လွယ်လွယ်ကူကူလက်ခံခဲ့ကြတာတုန်း၊ လွှတ်တော်မှာ ဒီအဆိုဖြစ်လာအောင်ဘယ်လိုလူမျိုးတွေကလှုံ့ဆော်ခဲ့ကြတာတုန်း၊ ပညာရေးဝန်ကြီးဒေါက်တာမြအေးနဲ့ ကျူရှင်ဘော်ဒါတွေ ပတ်သက်မှုဘယ်လိုရှိခဲ့တုန်း၊ မန္တလေးမြို့ပညာရေးအသိုင်းအဝိုင်းပတ်ဝန်းကျင်ကလူတွေအသိဆုံးပါ။ ဒီတော့ဘာတွေဆက်ဖြစ်လာသလဲဆိုတော့ ဥပဒေအတည်ပြုပြီးတာ(၆)လကျော်ပေမဲ့ အခုအချိန်အထိ နည်းဥပဒေ မထွက်နိုင်သေးဘူး ၊ထွက်လာခဲ့ရင်လည်းဒါတွေကိုဘယ်လိုထိမ်းသိမ်းကြမှာတုန်း . . .

၁။    ကိုယ်ပိုင်ကျောင်းထောင်မည့်သူများသည် လျှောက်ထားရတွင် ခွင့်ပြုခြင်း၊ ခွင့်မပြုခြင်းသည် သတ်မှတ်ထားသော အချက်လက်များနျင့်ကိုက်ညီသည်ဖြစ်စေ၊ မကိုက်ညီသည်ဖြစ်စေ ပြည်ထောင်စုဝန်ကြီး၏ သဘောထားသည် အတည်ဖြစ်သည်ဆိုသောအချက်သည် ဝန်ကြီးအားလာဘ်စားခွင့်ပေးထားခြင်းသာဖြစ်သည် (အခြားနိုင်ငံများတွင်မူ အလွှာစုံမှ ပညာရှင်များနှင့်ကွင်းဆင်းစစ်ဆေးချက်ပေါ်တွင်မူတည်ပြီးခွင့်ပြုသည်)

၂။    ကျောင်းနှင့် ကျောင်းပတ်ဝန်းကျင်ကောင်းမွန်မှုစစ်ဆေးရာတွင် လိုအပ်သောကျောင်းကျယ်ဝန်းမှု၊ သင့်တင့်သောစာသင်ခန်းများနင့်တစ်ခန်းစီတွင်ကျောင်းသားဝင်ဆန့်မှုအရေအတွက်(အကယ်ကိုယ်ပိုင်ကျောင်းများအားသတ်မှတ်အရည်အသွေးနှင့်မပြည့်စုံဘဲခွင့်ပြုခဲ့သည်ရှိသော် နောင်တစ်ချိန်လွှတ်တော်ကိုယ်စားလှယ်တစ်ဦးမှ မိမိတို့ရပ်ရွာတွင်မူလတန်းကျောင်းမှ အလယ်တန်း၊အ လယ်တန်းကျောင်းမှ အထက်တန်းတိုးမြင့်ပေးရန် တောင်းဆိုလာလျှင် ကြုံတွေ့ရမည့်အခက်အခဲ)

၃။    ကိုယ်ပိုင်ကျောင်းများအား တန်းတင်၊တန်းချ၊ ကျောင်းပြောင်း ခွင့်ပြုလျှင်ဖြစ်လာမည့်နောက်ဆက်တွဲပြသနာ

၎။    ကိုယ်ပိုင်းကျောင်းထူထောင်သူများ၏ကျောင်းသားကျောင်းသူနှင့် မိဘမျာအပေါ် တာဝန်ခံမှု( အကယ်၍ ကိုယ်ပိုင်ကျောင်းထောင်သူများသည် စီးပွားရေးအလို့ငှာ ဆောင်ရွက်ခြင်းဖြစ်သဖြင့် အမြတ်စွန်းမရရှိချိန်တွင် ရုတ်တရက် ပိတ်သိမ်းချိန်တွင် ကျောင်းတွင်ရှိကျောင်းသားကျောင်းသူများ၏ရှေ့ရေးအာမခံ)

၅။    ကျောင်းတွင်းရှိအလုပ်ရှင်အလုပ်သမားပြသနာ

၆။    ကိုယ်ပိုင်ကျောင်းများ၏အရည်အသွေးစစ်ဆေးခြင်း(Government  or Separate Body)

၇။    ကိုယ်ပိုင်ကျောင်းများတွင်ရှိကျောင်းသားကျောင်းသူများ၏အခွင့်အရေး( အခိျု့သောကိုယ်ပိုင်ကျောင်းများသည် မိမိတို့အောင်ချက်နှင့် ဂုဏ်ထူးမြင့်မားရေးအတွက် စာမလိုက်နိုင်သောကျောင်းသားကျောင်းသူများအားနည်းမျိုးစုံဖြင့် ကျောင်းမှထုတ်ပစ်ခြင်း)

၈။    ကိုယ်ပိုင်ကျောင်းအုပ်ချုပ်ရေးဘုတ်အဖွဲ့ ရှိ/မရှိ

၁ဝ။    ကျောင်းကျန်းမာရေးအတွက်အစီအမံ

၁၁။    နိုင်ငံတော်ဖွံဖြိုးတိုးတက်ရေးတွင်ပူးပေါင်းပါဝင်မှုရှိ/မရှိ

၁၂။    ဝင်ငွေခွန်စည်းကြပ်မှု/အမြတ်ခွန်စည်းကြပ်မှု

၁၃။    မြို့တော်စည်ပင်သာယာရေးဥပဒေကိုလိုက်နာမှုနှင့် တာဝန်ယူမှု စတာတွေအပြင် မမြင်ရသေးသော၊ မမြင်နိုင်သော ပြသနာပေါင်းမြောက်များစွာပါ။

ဒီတော့နိုင်ငံတော်မှာမြန်မြန်ဆန်ဆန်ပြဌာန်းလိုက်သော ကိုယ်ပိုင်ကျောင်းဥပဒေမှ နည်းဥပဒေများဖြင့် နိုင်ငံသူနိုင်ငံသားများကို လုံခြုံမှုအပြည့်အဝပေးနိုင်ရန်အတွက် အလွှာအသီးသီးမှ ပညာရှင်များဖြင့်  ဆွေးနွေးညှိနှိုင်းရေးဆွဲပါရန်။
ပြီးတော့ နိုင်ငံတော်မှ အစိုးရခန့်ကျောင်းများနှင့် ဆရာ၊ဆရာမများ၏ဖွံ့ဖြိုးတိုးတက်မှုကို အလေးထားဆောင်ရွက်ပေးပါရန်                      ( အဘယ်ကြောင့်ဆိုသော် – (ကိုယ်ပိုင်ကျောင်းနေနိုင်သော ကျောင်းသားကျောင်းသူအရေအတွက်မှာ မြန်မာနိုင်ငံရှိ ကျောင်းသားကျောင်းသူအရေအတွက်၏(၁%)ပင်မရှိသေးသည့်အတွက်ကြောင့်ဖြစ်သည်။)

အစိုးရကျောင်းဆရာ၊ဆရာမများအား သင်ကြားရေးကို စူးစိုက်ဆောင်ရွက်နိုင်ရန်အတွက် သင်ကြားရေးနှင့်မပတ်သက်သော အခြားတာဝန်များပေးအပ်ခြင်းမှရှောင်ရှားရန်။ ဆရာ၊ဆရာမများနှင့်ကျောင်းသားကျောင်းသူ၊မိဘများအပြန်အလှန်ဆွေးနွေးမှုများစဉ်ဆက်မပြတ်ဆောင်ရွက်ရင်းယုံကြည်မှုပိုမိုတိုးတက်အောင်ဆောင်ရွက်ရန်။
ပညာရေးအာဏာပိုင်များ(ဝန်ကြီး၊ ညွှန်ချုပ်၊ တိုင်း၊ ခရိုင်၊ မြို့နယ်ပညာရေးမှုးများ) မှလည်း ဆရာ၊ ဆရာမများ၏ ဥပဒေဘောင်အတွင်းမှ အခွင့်အရေးများကို မှန်မှန်ကန်ကန်ပေးအပ်မှု၊ ရာထူးတိုးခြင်း၊ အပြောင်းအရွေ့၊ သင်တန်း၊ ပညာသင်ဆု စသည်တို့တွင် ဘက်လိုက်မှု၊ လာဘ်စားမှုကင်းရှင်းရေး။ ဆရာ၊ဆရာမများအနေနှင့်ဆရာဆိုသောဂုဏ်နှင့်အညီ ပြုမူပြောဆိုနေထိုင်မှု၊မိမိ၏လုပ်ငန်းအပေါ်လေးစားမှု၊ ကျောင်းသားကျောင်းသူများအပေါ် သားသမီးနှင့်မခြား စောင့်ရှောက်မှု၊  နိုင်ငံတော့်ဖွံ့ဖြိုးတိုးတက်ရေးတွင်အဓိက နေရာမှပါဝင်နေသည်ဟူသော အသိအား ခံယူမှုများကို မဖြစ်မနေဆောင်ရွက်ရပေမည်။

မိဘများအနေဖြင့်လည်းမိမိတို့၏သားသမီးများအကျိုးအတွက် ပညာရေးလုပ်ငန်းများနျင့် ပညာရေးဝန်ထမ်းများအပေါ် ညစ်ညမ်းစေမည့် အပြုအမူမျိုးရှောင်ကြဉ်ရေးနိုင်ငံတော်၏အနာဂါတ်၊ မိမိတို့၏သားသမီးများအနာဂါတ်အတွက် ဆရာဆရာမများနှင့်ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆောင်ရွက်ရန်လိုပါတယ်။
နောက်ဆုံးအနေနဲ့ပြောရရင် လမ်းဆုံလမ်းခွများတါင်ရောက်ရှိနေသောမိဘများသိစေ၇န်မှာ –

၁။    မိမိတို့သားသမီးများအား ဂုဏ်ထူးများဖြင် အောင်မြင်ရန်လိုအပ်သလို ဗလငါးတန်ဖွံ့ဖြိုးရန်လည်း လိုအပ်ကြောင်းသတိပြုပါ။

၂။    ယနေ့အချိန်ထိအစိုးရကျောင်းများတွင်ရှိသော အခြေခံအဆောက်အဦးနှင့် ဆရာဆရာမအရည်အသွေးပြည့်စုံသော နေရာမရှိသေးပါ။

၃။    ဆရာ၊ဆရာမများမိဘများယုံကြည်မှုပြန်လည်တည်ဆောက်နိုင်လျှင် တစ်ချိန်တွင်  . . . .

၎။    ယခုစာရေးသူမှာ  တကသိုလ်ဆရာတစ်ဦးဖြစ်သကဲ့သို့ ပြင်ပတွင်လည်း ကျူရှင်ပြစားနေသူတစ်ဦးပါ၊ ပြီးတော့     မြန်မာပြည်အနှံ တာဝန်ထမ်းဆောင်ဘူးသူပါ။

၅။    မိမိသားသမီးများကိုလည်းကိုယ်ပိုင်ကျောင်းများထက်သာလွန်သော ကျောင်းများတွင်ထားနိုင်သော်လည်း ယနေ့အချိန်ထိ  လုံခြုံ စိတ်ချရသော အစိုးရအထက်တန်းကျောင်းတွင်သာထားပါသည်။

၆။    စနစ်ကျသောကိုယ်ပိုင်ကျောင်း များပေါ်ထွက်လာလျှင် တိုင်းပြည်ဖွဲ့ဖြိုးတိုးတက်ရေးတွင် လျှင်မြန်စွာပြောင်းလဲမည်ဟု ယုံကြည်သူလည်းဖြစ်ပါသည်။၇။    မီဒီယာများအနေဖြင့်လည်းကိုယ်ပိုင်ကျောင်းများကောင်းကြောင်းရေသားသကဲ့သို့ နိုင်ငံတာဝန်ကို ပင်ပမ်း ဆင်းရဲစွာဖြင့် ထမ်းဆောင်နေသော ဆရာဆရာမများအားမနှိမ်ချမိစေရန်နှင့် အစိုးရကျောင်းများ ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း ဝိုင်းဝန်းရေးသားအကြံပြုပါရန်မေတ္တာရပ်ခံပါသည်။

၈။    ကျွန်တော်ဆောင်းပါးနှင့်ပတ်သက်ပြီးသဘောတူသူရော၊ မတူသူရော ဝေဖန်နိုင်ပါသည်။
ဘာဘဲပြောပြော ကိုယ်ပိုင်ကျောင်းများမြန်မြန်ခွင့်ပြုရမည်မှာအမှန်ဖြစ်သလို မြန်မြန်ဆန်ဆန် ဥပဒေပြုလိုက်သော ကိုယ်ပိုင်ကျောင်းဥပဒေကြောင့် နိုင်ငံတော်ပညာရေးတိုးတက်မှုရှိ/မရှိတောမသေချာ၊ (ဘာကြောင့်မသေချာခြင်းကို ဆက်ရေးပါမည်) သေချာတာကတော့ ကျောင်းသားရော၊မိဘရောဒီအချိန်မှာ ဝိရောဓိတော့များကုန်ပြီဖြစ်သည်။


ကိုကြီးသောင်း(အရာတော်)
Myanmar News Now
အငိုလွယ်အရှိုက်ခက်လာနိုင်သော ကိုယ်ပိုင်ကျောင်းဥပဒေ အငိုလွယ်အရှိုက်ခက်လာနိုင်သော ကိုယ်ပိုင်ကျောင်းဥပဒေ Reviewed by သစ်ထူးလွင် on 23:21 Rating: 5

15 comments:

Theodo said...

စစ်မှန်တဲ.မီဒီယာတွေ တကယ်ကိုပညာတတ်တဲ့သတင်းထောက်တွေ
ဆိုရင်ဟိုဘက်ဒီဘက်မျှရေးပေးကြပါ။ခုတော့ဆရာ ဆရာမတွေပုတ်ခတ်နေလိုက်
ကြတာဗျာ။သူတို.ရဲ.ဘက်ကလဲအမှားတွေအများကြီးရှိခဲ့ပါတယ်။ခေတ်ရဲ.အခြေ
အနေကြောင့်ပါ။တော်ရုံတန်ရုံဝါသနာမပါဘဲနဲ.ဆရာ ဆရာမ အလုပ်ကိုမလုပ်ကြပါ ရွေးချယ်စရာတစ်ခြားအခွင့်အလမ်းတွေအများကြီးရှိကြပါတယ်။ကိုယ်တွေကိုပညာဆိုတာတတ်အောင်သင်ပေးလိုက်ကြတာဒီအခြေခံပညာ
ကျောင်းက ဆရာ ဆရာမတွေပါပဲ။ငယ်ငယ်တုန်းက ဆူးတွေပေါက်ခဲ့ရင်လည်းကိုယ်တွေကိုပညာလေးတစွန်းတစတတ်အောင်
သင်ပေးခဲ့တဲ့သူတွေပဲဆိုပီးနားလည်ခွင့်လွှတ်ပေးကြပါ

Guest said...

ကိုကြီးသောင်း က တော်တော်သိတာပဲနော်။

iban said...

ကိုယ်ပိုင်ကျောင်း private school နှင့် အလွတ်စာသင်ကျောင်း tuition သဘောသဘာဝချင်း တူသလိုလိုနဲ့ မတူဘူးလို့ ထင်ပါတယ်။ မြန်မာနိုင်ငံမှာတော့ အဲဒီနှစ်ခုကို အတူတူလို အလွယ်ပြောနေကြတာပါပဲ။ ကျူရှင်တွေမှာ ဒေးစပယ်ရှယ်လိုဟာမျိုးကို ပရိုက်ဗိတ်စကူးလို့ ယူဆပြောဆိုနေတာတွေ ရှိပါတယ်။
တကယ်တော့ ပရိုက်ဗိတ်စကူးလ်တွေဟာ အစိုးရကျောင်းများနည်းတူ သက်ဆိုင်ရာဥပဒေတွေက ပြဌာန်းထားတဲ့ အချက်အလက်တွေနဲ့ ပြည့်စုံရပါတယ်။ သူတို့ကျောင်းက ထွက်ရင် နိုင်ငံတကာမှာရှိတဲ့ နာမည်ကြီးကျောင်းများ(သို့)တက္ကသိုလ်များကို ဆက်တက်နိုင်တဲ့ ချိတ်ဆက်ထားမှုများ အာမခံချက်များ ရှိရပါတယ်။ နိုင်ငံတကာ ကျောင်းများကလည်း သူတို့ရဲ့ သတ်မှတ်တဲ့ စံနှုန်းတွေနဲ့ ပြည့်မီတဲ့ကျောင်းများကိုသာ ဆက်သွယ်လုပ်ဆောင်ခွင့် ပြုပါတယ်။ နိုင်ငံတကာ အသိအမှတ်ပြု private school တစ်ခုဖြစ်ဖို့ဆိုတာ မလွယ်ပါဘူး။ ပြည်တွင်းမှာပဲ ဂိတ်ဆုံးသွားမယ့် private school တွေလည်း ရှိနိုင်ပါတယ်။ ဒါပေမယ့် အဲဒီကျောင်းတွေက ထွက်လာရင် နိုင်ငံတကာက အဆင့်မြင့်ကျောင်းတွေရဲ့ ၀င်ခွင့်စာမေးပွဲတွေကို ဆက်လက်ဖြေဆိုအောင်မြင်နိုင်လောက်တဲ့ အဆင့်အတန်း မွေးထုတ်ပေးနိုင်ဖို့လိုပါတယ်။ ဒါကလည်း အဲဒီကျောင်းတွေကို ခွင့်ပြုပေးမယ့် နည်းဥပဒေတွေနဲ့ သက်ဆိုင်ပါတယ်။ ဒါတွေကို အခြေခံဥပဒေအရ သက်ဆိုင်ရာတိုင်းလွှတ်တော်က ဥပဒေပြဌာန်းပြီး လုပ်ကိုင်နိုင်ပါတယ်။ သက်ဆိုင်ရာ လွှတ်တော်အမတ်တွေက ကိုယ့်တိုင်းဒေသအတွက် တိုးတက်ရာတိုးတက်ကြောင်း ဥပဒေတွေကို ပြုရကောင်းမှန်း မသိသေးတာလည်းဖြစ်တယ်၊ လွှတ်တော်ရဲ့ နည်းဥပဒေတွေကို ကျေညက်စွာ နားမလည်သေးတာလဲ ဖြစ်နိုင်တယ်။
အခု ပြဿနာက အရင်ဗဟိုဦးစီးစနစ်ကနေ ဥပဒေပြုအာဏာကိုဖြန့်ဝေတဲ့ စနစ်မှာ လက်ရှိအစိုးရဖက်အခြမ်းရဲ့ ပညာရေးဝန်ကြီးဌာနက ပြည့်ဝစွာ နားလည်မှု မရှိသေးဘဲ လုပ်ပိုင်ခွင့်ကို ဆုပ်ကိုင်ထားတဲ့ အရင်မူအတိုင်း ဆက်သွားလိုနေတာ ဖြစ်တယ်။ ဒေါက်တာနေ၀င်းမောင်ရဲ့ ဟောပြောပွဲ ဒီလင့် http://moemaka.com/2012/05/23049/ ကို ဆက်စပ် နားထောင်စေချင်ပါတယ်။
အဲဒါဆိုရင် ဘာကြောင့်ကိုယ်ပိုင်ကျောင်းကိစ္စ အငိုလွယ် အရှိုက်ခက်ရသလဲဆိုတာ နည်းနည်းပုံပေါ်လာမယ်လို့ ထင်ပါတယ်။

honey said...

အုပ်ချုပ်သူလူတန်းစားတွေကသူတို့မိသားစုဘ၀ကိုပဲ
အာရုံထားပြီးတိုင်းပြည်မှာပြည်သူတွေအမှန်တကန်
လိုအပ်နေတာတွေကိုမကြီးကြပ်နိုင်တာကြောင့်
ထိပ်ဆုံးကအောက်ခြေထိပျက်စီးယိုယွင်းလာခြင်းမို့
ထိပ်ဆုံ့းကစပြင်ပြီးအောက်ခြေထိကိုင်တွယ်မှုပံ့ပိုးမှုတွေ
အရမ်းလိုအပ်နေပါတယ်။မြန်မာပြည်ပညာရေးဟာအင်မတန်
ကြောက်ခမ်းလိလိဖြစ်နေတာမိဘတွေရဲ့အပြစ်လည်းမဟုတ်သလို
အစိုးရကျောင်းကဆရာမတွေရဲ့အပြစ်လုံးလုံးလို့လည်း
ပြောလို့မရပါ။...ဒါပေမဲ့ဖြစ်စဉ်နဲ့အတွေ့အကြုံအရ
အမှန်ဖြစ်ပျက်နေခြင်းပါ.ဆရာမတွေကိုပုတ်ခတ်ခြင်းမဟုတ်။
မိမိသားသမီးကိုမိမိဘာသာစာပြပေးတယ်။
ကျောင်းကသင်ပေးလိုက်တာတကြိမ်
အိမ်စာတွေတပုံကြီးပေးတယ်။ကိုယ့်သားသမီးကို
စာသင်ပေးတော့ခလေးရဲ့အရည်အသွေးကိုမိဘကသိတယ်။
အပတ်စဉ်စာမေးပွဲံစစ်တယ်။အမှတ်စာရင်းပေးလိုက်တယ်။
ခလေးကအမှတ်၁၀၀ရလောက်အောင်အိမ်မှာ
လေ့ကျင့်သင်ကြားပေးထားတယ်။ဆရာမတွေကစာမေးပွဲဖြေခါနီးရင်
ပါမည့်အပုဒ်၁၀ပုဒ်ရှိ၇င်၁၅ပုဒ်ကျက်ဖို့ပေးတယ်။
မိဘကလည်းကောင်းစနစ်ကိုမကြိုက်လို့အိမ်မှာဖတ်စာအုပ်ကိုင်ပြီး
ကျေညက်နေအောင်သင်ပေးထားတယ်။သင်ရိုးညွန်းတန်းကုန်အောင်
သေချာသင်ကြားလေ့ကျင့်ပေးတယ်။ဒါဟာကျောင်းကဆရာမတွေကို
မိဘကတဖက်တလမ်းက၀ိုင်းဝန်းပံ့ပိုးပေးခြင်းပါ။
သို့သော်အမှတ်စာရင်းထွက်လာတော့၁၀၀ရသင့်တဲ့ခလေးကို
ဘာသာတိုင်း၂မှတ်စီလျှော့နေလို့ကျောင်းလိုက်သွားပြီး
ခလေးရဲ့အဖြေလွာကိုတောင်းကြည့်ခဲ့တယ်။ကိုယ့်ခလေးဘာလိုအပ်နေလို့လဲ
ဆိုတဲ့အတွေးနဲ့...အားလုံးမမှားဘူး။အကုန်မှန်တယ်။
ဒါနဲ့ဆရာမကအလုပ်ရှုပ်နေတယ်။ဆရာမကစာအုပ်ပုံချပေးတယ်အဲ့ထဲရှာကြည့်
တဲ့...ခလေးရဲ့အဖြေစာအုပ်ထဲမှာအကုန်မှန်တယ်။ဘာလို့၂မှတ်စီ
လျှော့နေတာလဲမေးတော့အမှတ်ပြည့်မပေးဘူးတဲ့။ခလေးတိုင်းလျှော့တယ်တဲ့။
ဒီအချိန်မှာကိုယ့်ခလေးကအဆင့်(၃)ရတယ်။
မိဘအနေနဲ့စပ်စုပြီးအဆင့်(၁)(၂)ရတဲ့ခလေးတွေရဲ့စာအုပ်ကို
လှန်ကြည့်မိတော့လက်ရေးမလှပဲအမှတ်(၁၀၀)အပြည့်ပေးထားတယ်။
ဘာသာအားလုံးကို...ဒါနဲ့ဆရာမကိုထောက်ပြတယ်။
ကျမခလေးကလက်ရေးလည်းသူတို့ထက်လှတယ်။
သူတို့ကတရာအပြည့်ရပြီးကျမခလေးကဘာလို့အမှတ်လျှော့နေသလဲလို့
ပြောတုန်းကဘယ်သူ့မှအပြည့်မပေးဘူးဆို?ပြီးမေးလိုက်တဲ့
မေးခွန်းကိုစွံအစွာနဲ့ဘာမှပြန်မပြောဘူး။
ဒါကိုထပ်ပြီးသိချင်လို့စုံစမ်းလိုက်တော့သူ့ဆီမှာကျူရှင်တက်တဲ့ခလေးမို့လို့
တစ်နဲ့နှစ်ပေးချင်တော့မိမိခလေးကိုတမင်အမှတ်လျှော့လိုက်တာ
သိလိုက်တယ်။ဒါဟာမကောင်းတဲ့အကျင့်ဆိုးတခုပါ။
မိဘဆိုတာအဆင့်ထက်မိမိခလေးရဲ့အရည်အချင်းကိုတော့အပြည့်အဝ
လိုချင်ကြတာပဲ...ကျူရှင်မှာသွားလေ့လာတယ်။သူတို့ဆီမှာကျူရှုင်ထားပေးတယ်။ခလေးကိုမဲမှာစိုးလို့တလထားတယ်။
ခလေးကအကျင့်ပျက်လာတယ်။ဆရာမကပြောတယ်တဲ့ဒါပဲကျက်ရမယ်လို့
အိမ်မှာအကုန်ကျက်ခိုင်းရင်မကျက်ချင်တော့ဘူး။ဒါနဲ့ထုတ်လိုက်တယ်။အိမ်မှာပဲပြန်သင်တယ်။ခလေးကကျောင်းကဆရာမပြောတာကိုပဲအသေမှတ်ထားတယ်။မိဘကပြောတာကိုလက်မခံချင်ဘူး။အလွယ်လမ်းကိုလိုက်ချင်လာလို့
မြန်မာကျောင်းမြန်မြန်ထုတ်ပြီးအင်္ဂလိပ်ကျောင်းပြောင်းထားလိုက်ရတယ်။
မြန်မာပြည်ရဲ့ပညာေ၇းစနစ်ကလည်းအဆင့်အတန်းမမှီလာဘူး။
ခလေးတွေတနှစ်တတန်းအလွယ်အောင်ပေးလာတယ်။
ဒါကျက်ဒါကျက်ဆိုပြီးစာလည်းမကျေကြဘူး။
ဆယ်တန်းရောက်တော့ခလေးကအောက်ခြေမခိုင်လို့ကျတယ်ခဏခဏ
ငွေကုန်ကျေးကြဘော်ဒါတို့ကျူရှင်တို့မထားနိုင်ရင်..အဲ့ခလေးအနာဂတ်ကကြောက်စရာကြီး..ခလေးတွေကိုအပြင်လည်းမလွတ်ရဲပျက်စီးမှာစိုး
ရည်စားထားမှာစိုးလို့..အိမ်မှာခေါ်သင်ရင်လည်းကျူရှင်လခကမနည်းဘူး။
နိုင်ငံခြားကျောင်းလစာနီးနီးတနှစ်ကိုမြန်မာကျောင်း၁၀တန်းအောင်ဖို့
ဆင်းရဲသားလူလတ်တန်းစားတွေအတွက်အရမ်းခက်ခဲနေတာသေချာတယ်။
ဒီလိုငွေကုန်ခံလို့ပညာရေးကမြင့်မားရင်လည်းထားတော့
ဘယ်နိုင်ငံမှဘောင်မ၀င်ဘူး။မြန်မာဘွဲ့တခုရထားလည်း
ဘယ်နိုင်ငံမှမတိုးတာဘာကြောင့်လဲ?အားလုံးမှားယွင်းနေပြီ။
ဒီလိုငွေကြေးကုန်ကျမှုကြောင့်မြန်မာတွေပညာတပိုင်းတစနဲ့
အလုပ်ကြမ်းလုပ်နေကြရတယ်။
အားလုံးမှာတာဝန်ရှိသလိုတိုင်းပြည်ကိုကိုင်တွယ်နေသောလူကြီး
များပညာရေးဝန်ကြီးများဆရာဆရာမများမိဘကျောင်းသားများအားလုံး
လိုအပ်ချက်များကိုအစအဆုံးစနစ်တကျကိုင်တွယ်ဖြေရှင်းရမည်။
မီဒီယာကပြောနေတာပြုပြင်စေချင်လို့ပြောနေခြင်းဖြစ်မည်။
ဒါကိုအုပ်ချုပ်သူတွေကိုင်တွယ်သူတွေလုပ်ဆောင်ကြလေ။
ကျောင်းအုပ်ဆရာတွေကလည်းကျောင်းတခုလုံးရဲကလိုအပ်ချက်တွေကို
ရုပ်လုံးပေါ်အောင်လုပ်ဆောင်နေရမည်။

TT said...

ဘာပဲပြောပြောဒီနေ့ ကလေးတွေ၇ဲ့ပညာရေးအခြေအနေဟာ ဘွန်ဆိုင်းပင်လို စနစ်၊ လူတွေရဲ့ ကန့်သတ်မှု များကြားမှာ ပိန်လှီနေပါပြီ၊ သူတကာနိုင်ငံတွေလို အပွင့်အခက်ဖြိုင်နေတဲ့ ညောင်ညိုပင်ပညာရေးအတွက် သူ့လွှဲချ၊ ငါ့လွဲချ သံသရာထဲမှာပဲ နေကြတော့မှာလား။

paukhlange said...

မြန်မာပြည်ပညာရေးကဘယ်လိုဖြစ်သွားတာလည်းဆိုတော့ အားလုံးကအလွယ်လိုက်သလိုဖြစ်သွားတာပါပဲ။ စာမေးပွဲစနစ်ကလည်း on paper စနစ်ဆိုတော့ ဒီလိုမေးရင်ဒီလိုဖြေတတ်ဖို့ကအဓိကလိုဖြစ်သွားတာပေါ့။ အမှတ်ပေးစည်းမျဉ်းကလည်း ဒါပါရင်ဘယ်နှစ်မှတ်၊ ဒါမပါရင် ဇီးရိုး ဒီလိုသွားတာကိုး။အဲဒီတော့အမှတ်သညာကောင်းဖို့ပဲလိုတယ်။ ကြောင်းကျိုးဆက်စပ်တွေးတောတတ်ဖို့မလိုတော့ဘူးဖြစ်သွားတယ်။ ဆရာကကြောင်းကျိုးဆက်စပ်တွေးတောတတ်အောင်သင်ရင်လည်းတစ်ချို့ကျောင်းသားက ဆရာစာသင်တာပျင်းစရာကောင်းတယ်ဖြစ်သွားရော။ဆရာကလည်းကျောင်းသားကို ကြောင်းကျိုးဆက်စပ်တွေးတောတတ်အောင်လည်းသင်၊စိတ်ဝင်စားအောင်လည်းသင်တတ်ဖို့လိုပါတယ်။ အဲလိုသင်တတ်ဖို့ကလည်း ကိုယ်တိုင်ကစာများများဖတ်ထားမှကျောင်းသားကိုဗဟုသုတတွေလျှောက်ပြောတတ်မယ်လေ။ ကျောင်းသုံးပြဌာန်းစာအုပ်လောက်ဖတ်ပြီးစာသင်လို့တော့ ပြည့်စုံမယ်မထင်ဘူး။ကျွန်တော်ကိုယ်တိုင် ကိုယ်သင်ရတဲ့စာတွေဟာ ဘယ်နေရာတွေများ သုံးတာပါလိမ့်လို့ မသိခဲ့ရပဲ စာမေးပွဲတိုင်းမှာ အဆင့်ရှိရှိဖြတ်သန်းနိုင်ခဲ့တာပါပဲ။ ဒါပေမယ့် ကျွန်တော့မှာ ပညာပါရမီတော့ကောင်းတယ်ပြောရမယ်။ကျွန်တော်ကစာတွေရအောင်ကျက်ဖို့ထက် သဘောတရားတွေကို မျက်စေ့ထဲမြင်လာအောင်တွေးတောချင်တဲ့စိတ်တွေရှိခဲ့လို့ပြောတာပါ။ သိပ္ပံပညာဆိုတာ အရမ်းအနုစိတ်လေ့လာတော့ သာမာန်မျက်စေ့နဲ့မမြင်နိုင်တဲ့အရာတွေဖြစ်နေတော့ ခက်ခဲနက်နဲနေတာပေါ့။ အဲဒီတော့ကျွန်တော်တို့ကငယ်ငယ်ကတည်းက အခြေခံသဘောတရားတွေကိုနားလည်။ ကြောင်းကျိုးဆက်စပ်တွေးတောတတ်ဖို့လည်း အလေ့အကျင့်ကောင်းတွေပါလာဖို့လိုတယ်။ အဲလိုမဟုတ်ရင်တော့ ကျောင်းပြီးလို့ဘွဲ့သာရသွားမယ်။ ကိုယ်သင်ခဲ့ရတဲ့ဘာသာရပ်နဲ့ပတ်သက်ပြီး အခြေခံအသိတွေကိုယ့်မှာစွဲပါလာမှာမဟုတ်ပါဘူး။ အဲလိုမျိုးအသိတွေမရခဲ့ရင် တိုင်းပြည်အတွက်လည်း မကောင်းနိုင်ဘူး။ အဲဒီတော့ဗိုလ်ချုပ်အောင်ဆန်းပြောခဲ့သလို “တိုင်းပြည်နှင့်လူမျိုးမျက်နှာကိုထောက်၍ ပြတ်ပြတ်သားသားဆောင်ရွက်ကြ” ဆိုတဲ့အတိုင်း ကိုယ်အောင်မြင်ဖို့ကိုယ်နာမည်ကြီးဖို့အတွက် အလွယ်လမ်းတွေမလိုက်ကြဖို့လိုတယ်။ စာပေဟောပြောပွဲတစ်ခုမှာ ဆရာဦးအောင်သင်းတစ်ခါပြောဖူးတယ် ကျူရှင်တစ်ခုမှာမြန်မာစာမှာပါတဲ့ မြန်မာ့ခြင်းဝိုင်းကိုသင်နေတာ “ဘာလုံးလေးကိုခတ် ခြင်းလုံးလေးကိုခတ်၊ ဘာဘီတိုလေးဝတ် ဘောင်းဘိတိုလေးဝတ်”။ အဲလိုကလေးတွေကိုမှတ်မိလွယ်အောင် ကြံဖန်သင်လာကြပါတယ်။ ကျွန်တော်ပြောချင်တာ မှတ်မိလွယ်အောင်အလွယ်သင်တာကိုအပြစ်မပြောလိုပါဘူး။ သဘောတရားတွေနားလည်အောင်လည်းသင်ပေးကြစေချင်ပါတယ်။ဆက်ရေးပါအုံးမယ်။

paukhlange said...

မိဘတွေကျောင်းသားတွေကလည်း ဒီဆရာကပြီးရင်ဘာလုပ်ပေးနိုင်တယ်ဆိုပြီးအထင်ကြီးကြပါတယ်။ ကျွန်တော်ဟာတက္ကသိုလ်တစ်ခုက ဓာတုဗေဒဌာနကဆရာတစ်ယောက်ဖြစ်ပါတယ်။ကျွန်တော်တို့က ဘာမှလုပ်လို့မရဘူးလို့ပြောလျင် သိပ်ဘ၀င်မကျသလို အထင်လည်းမကြီးချင်ကြပါဘူး။ လိမ်ညာပြောမှအထင်ကြီးတဲ့ခေတ်ကို လူတွေကိုယ်တိုင်ဖန်တီးလိုက်တာပါပဲ။ ဆယ်တန်းစာမေးပွဲဖြေပြီးလို့ အဖြေလွှာစစ်ဖို့ အဖြေလွှာတွေက သက်ဆိုင်ရာဘာသာရပ်ဌာနတောင်မရောက်လာသေးဘူး အပြင်မှာကဘယ်ဘာသာကျလို့ ဘယ်လောက်လိုက်ရမယ်ဆိုပြီး အသံတွေကထွက်နေပါတယ်။ အဲဒါကလည်းဆယ်တန်းတင်မဟုတ်ပါဘူး မူလတန်းကအစ တက္ကသိုလ်အတန်းတွေအဆုံး မြန်မာပြည်မှာ ခေတ်စားနေတဲ့အရာတစ်ခုပါပဲ။ကိုယ်ဝမ်းပူဆာမနေသာလို့ လုပ်လိုက်ရတာကိုနားလည်ပေမယ့် လိမ်ညာမပြောလျင်ကိုယ့်ဘ၀မအောင်မြင်နိုင်ဘူးဆိုတဲ့အတွေးစရိုက်၊အမူအကျင့်တွေ အစဉ်အလာတစ်ခုလိုထွန်းကားသွားမှာကိုတော့ နိုင်ငံသားတစ်ယောက်အနေနဲ့စိုးရိမ်မိပါတယ်။ကျွန်တော်သိသလောက်တစ်ကယ်တန်း ဘာမှလုပ်မရပါဘူး ။အာဏာရှိတဲ့လူတွေရဲ့သားသမီးတွေဆိုလျင်တော့ ရ၊မရ ကျွန်တော်လည်းမသိဘူး။အဲဒါကလည်းမြန်မာပြည်အခြေအနေအရနေရာတိုင်းမှာအဲလိုဖြစ်နေတာပါ။ ၀န်ထမ်းချင်းအတူတူတောင် အပြင်ဘေးပေါက်မရတဲ့နေရာဌာနက၀န်ထမ်းဆိုလျင် အပြင်ကပညာမတတ်တဲ့လူ့အသိုင်းအ၀ိုင်းကအစ အထင်မကြီးချင်ကြပါဘူး။ အပြင်ဘေးပေါက်ရတဲ့အလုပ်ဟာ မြန်မာပြည်မှာဂုဏ်ယူစရာတစ်ခုလိုဖြစ်နေတာကိုက တိုင်းပြည်အတွက် မကောင်းလှပါဘူး။

သူ၇ိယ said...

မိတ်ဆွေတစ်ဦးမူလတန်းခလေးကျောင်းအပ်၇န်စုံစမ်း၇ာ...ဆ၇ာမကြီး၂သိန်း သွင်းပေးမဲ့ဆ၇ာမ၁သိန်း အလှူငွေ၁သိန်း...စမ်းချောင်းမှာပါ..

love said...

ကိုယ်ပိုင်ကျောင်းတွေပေါ်လာကို ပညာရေးက ခွင့်ပြုလိုက်၇င် အခြေခံလူတန်းစားတွေကတော်တော် ကို အခတ်တွေ့သွားနိုင် ပြီးတော့
ငွေကြေးချမ်းသာသူ တွေကြတော့ ကောင်းကောင်းတက်ရပြိးတော့ ဆင်းရဲတဲ့သူ့တွေကြတော့ ပညာတက်ဖို့ အခွင့်လမ်းနည်းသွားမယ်လို့ထင်ပါတယ်

Unknown said...

ကိုယ်ပိုင်ကျောင်းများမှာမိဘများအပေါ်တဖက်သတ်အသာစီးယူ၍ချုပ်ဆိုသော
စာချုပ်များဖြင့်သင်တန်းကြေးကိုတနှစ်စာသိန်းနှစ်ဆယ်မှသုံးဆယ်၊လေးဆယ်
တောင်းခံကြပါသည်။ညောင်ပင်လေးဈေးပလာဇာရှိစာသင်ဝိုင်းတခုဆိုလျင်
ကျောင်းသားကျောင်းသူများအားရန်ကုန်မြို့ရှိအရှုပ်ဆုံးကုန်ခြောက်စုံဈေး၏ဈေး
ပစ္စည်းများပေါ်ကျော်ခွပြီးမှတက်ရသည့်အထပ်မြင့်(ဈေးပေါ်တည့်တည့်)ပေါ်
မှခိုအိမ်သဖွယ်အခန်းကျဉ်းလေးများထဲမှာ(၆)ယောက်မှ(၈)ယောက်အထိကြပ်
ညပ်ထည့်ထားပါသည်။ပညာရေးဌာနလူကြီးများအချိန်မရွေးလာစစ်နိုင်ပါသည်။
ကျောင်းသားကျောင်းသူများနယ်ဝေးမှမိဘနှင့်ခွဲပြီးလာသင်သည်ကိုသားသမီး
ချင်းကိုယ်ချင်းစာစိတ်မထားပဲမိဘလွမ်းသဖြင့်ပြန်ရန်ကြိုးစားသည်နှင့်ကျောင်း
ထုတ်ပစ်ပါသည်။ပေးသွင်းထားသောငွေတပြားတချပ်မှပြန်မအမ်းပဲလောင်း
ကစားဒိုင်သဖွယ်ပြုမူပါသည်။သင့်လျော်သည့်ငွေကြေးပမာဏကိုပြန်လည်အမ်းပေးသင့်သည်။ကျန်သည့်ပုဂ္ဂလိကကျောင်းအတော်များများလည်းထိုကဲ့သို့ပြုမူနေသည်ကို
ကြားသိနေရပါသည်။တကယ်တော့ကလေးကိုကျောင်းနေပျော်၍စာတော်
အောင်လုပ်ပေးရမှာဖြစ်ပါသည်။ကျောင်းပိုင်ရှင်များကတော့နောက်ဆုံးပေါ်ဇိမ်
ခံကားကြီးများနှင့်စတိုင်ထွားနေကြပါသည်။ကျောင်းသားမိဘများထံကကောက်ခံသည့်ငွေဖြင့်ပညာရေးဌာနတာဝန်ရှိ
ဝန်ကြီး၊ညွှန်ချုပ်၊ညွှန်မှူးများကိုလာဘ်ထိုးထားသဖြင့်ကျောင်းသားများဘက်
သို့မည်သည့်တာဝန်ခံမှုမှမပေးပဲထင်သလိုပြုမူနေခြင်းဖြစ်သည်။သုဝဏ္ဏနှင့်
သာကေတရှိပုဂ္ဂလိကကျောင်းကြီးနှစ်ကျောင်းမှာလည်းကျောင်းသားများအ
တွက်စနစ်ကျသောအဆင့်မီစာသင်ခန်း၊ဇယားကားချပ်သင်ထောက်ကူပစ္စည်း
များပင်ပြုလုပ်ထားခြင်းမရှိဘဲပညာရေးဌာနတာဝန်ရှိသူများလာစစ်ဖို့ကြိုတင်
သတိပေးမှနီးစပ်ရာအစိုးရကျောင်းကြီးများသို့သွားပြီးအချိန်ပိုင်းငှားရမ်းခပေး
၍ငှားရမ်းအစစ်ခံနေကြပါသည်။ကြော်ညာအားလှိုင်လှိုင်သုံးပြီးဈေးကွက်ဝင်နာမည်ကျော်ကျူရှင်ဆရာကြီးများ
၏နာမည်ကိုထည့်သွင်းကြော်ညာပြီးလူခေါ်နေကြပါသည်။ယနေ့သတင်းစာ
ပါပုဂ္ဂလိကကျောင်းအားလုံးနီးပါး ဂုဏ်ထူးအမည်တပ်အင်္ဂလိပ်စာ၊မြန်မာစာဆ
ရာကြီးများ၊ဒေါက်တာအမည်တပ်သချာင်္၊ဇီဝ၊ရူပဆရာကြီးများနာမည်များကို
သာထပ်တလဲလဲထည့်သွင်းကြော်ညာနေကြသည်။တကယ်တော့အချို့ဆရာ
ကြီးများမှာတလလုံးနေမှတစ်နာရီစာသင်ချိန်တချိန်မျှ။တချို့ လည်းနှစ်ပတ်
တချိန်စသဖြင့်သာလာသင်ပြီးဘွဲ့ပင်မရသေးသည့်ဆရာပေါက်စလေးများဖြင့်
ဂိုက်လုပ်သင်ခိုင်းထားကြသည်။(မိဘများသေချာလေ့လာဆန်းစစ်သင့်ပါပြီ)
ဂုဏ်ထူးဆရာကြီးများ အထူးကုဆေးခန်းကြီးတွေက အထူးရိတ်နာမည်
ကျော် ဒေါက်တာငွေခင်ကြီးများလို မွန်မြတ်သည့်ပညာရေးကိုဘန်းပြလုပ်စား
နေကြပြီ။ဆရာဝန်အကုမှားလျင်လူနာအသက်နှင့်ရင်းရမှာဖြစ်သလို ဆရာအ
တင်မှား လုပ်စားဆရာများအားကိုးမိလျင်လည်း အသက်နီးပါးတန်ဘိုးရှိသည့်
ဘဝ နှင့်ရင်းသွားကြရမှာဖြစ်ပါသည်။ကျွန်တော်ကျောင်းဆရာမဟုတ်သော်
လည်းမိဘနှစ်ပါးလုံးကျောင်းဆရာဆရာမများဖြစ်ပါသည်။နှစ်ယောက်စလုံး
အသက်(၇၀)ကျော်ကြပြီ။တပည့်မရှားတပြားမရှိ တသက်လုံးမြေဖြူမှုန့်ကို
သာအဆုတ်တွင်းအာဟာရအဖြစ်ရှူသွင်းတပည့်များထံမှတပြားတချပ်မှမျှော်
လင့်ခြင်းလည်းမရှိခဲ့ကြောင်းတင်ပြလိုပါသည်။ခါတော်မီပညာရေးဝန်ကြီး၏
လုပ်စားခွင်များကိုအမြန်ဖော်ထုတ်နိုင်ရန်ကိုယ်တိုင်ပညာရေးကိုအလေးထား
ခဲ့သည့် လွှတ်တော်အမတ်သစ် NLD ခေါင်းဆောင်ပညာတတ်အမေစု နှင့်အမတ်မင်းအသစ် များကိုလည်းအားကိုးပါသည်။လုပ်စားပုဂ္ဂလိကကျောင်းများကြောင့်ကျောင်းသား၊မိဘ၊အစိုးရ
ကျောင်းဆရာများအားလုံးနစ်နာရသည့် မိအေးသုံးခါနာ ဘဝမျိုးမရောက်
အောင် အားလုံးဝိုင်းဝန်းကြဖို့လိုပြီဖြစ်ကြောင်းကိုကြီးသောင်း(အရာတော်)အား
ထောက်ခံဖော်ပြအပ်ပါသည်။

iban said...

ိုlove ထင်သလို မဟုတ်ပါဘူး။ ပညာရည် မြင့်မားတဲံ ကိုယ်ပိုင်ကျောင်းပေါ်ပေါက်လာပြီး လူတန်းစားအစုံက ပညာသင်ကြားနိုင်ဖို့က သက်ဆိုင်ရာ တိုင်းလွှတ်တော်က ဥပဒေ၊ နည်းဥပဒေတွေ ပြဌာန်းရမှာပါ။ အဲဒီမှာ လူတန်းစားမရွေး ပညာသင်ကြားနိုင်အောင် စီစဉ်နိုင်မှုဟာ ဥပဒေပြုသူ၊ သက်ဆိုင်ရာ ဒေသကြီးအာဏာပိုင်တွေရဲ့ အစီအစဉ်ကျနမှု စွမ်းဆောင်နိုင်မှုပေါ် မူတည်ပါတယ်။ ပညာရေး ၀န်ကြီးဌာနက အဲဒီလွှတ်တော်တွေက ချမှတ်လိုက်တဲ့ ဥပဒေအသီးသီးကို အကောင်အထည် ဖော်ရာမှာ တာဝန်ယူထောက်ပံ့ပေးရမှာ ဖြစ်ပါတယ်။ အရင်တုန်းကစနစ်က တစ်တိုင်းပြည်လုံးရဲ့ ပညာရေးကဏ္ဍကို ပညာရေးဝန်ကြီးဌာနရဲ့ စွမ်းဆောင်နိုင်မှု လုပ်ပိုင်ခွင့်အာဏာအပေါ်မှာသာ ရာခိုင်နှုန်းပြည့် တည်မှီနေတာပါ။ အခုစနစ်မှာက သူတို့အပေါ်မှာကြီး အဓိက မကျတော့ပဲ လူထုကရွေးချယ်တင်မြှောက်လိုက်တဲ့ နယ်မြေခံလွှတ်တော် အမတ်အသီးသီးရဲ့ လုပ်ပိုင်ခွင့်အာဏာကို နယ်မြေဒေသ၊ တိုင်းဒေသကြီးတွေအတွက် အလုပ်တကယ် လုပ်မလုပ်နဲ့၊ လုပ်တတ်.. မတတ်ပေါ်မှာ များစွာ မူတည်နေပါတယ်။ အစိုးရရဲ့ ပညာရေးဝန်ကြီးဌာနက အရာရှိကြီးတွေကအစ အရင်လိုပဲ သူတို့က ပညာရေးကဏ္ဍကြီးတစ်ခုလုံးကို သူတို့သာလျှင် စိုးမိုးချုပ်ကိုင်ထားတုန်းပဲလို့ အထင်ရှိနေကြသလို၊ သက်ဆိုင်ရာ လွှတ်တော်အမတ်တွေကလည်း အချိန်တန်ရင် နေုပြည်တော်မှာ လွှတ်တော်တက်တာကိုပဲ အလုပ်လို့ ထင်နေကြတုန်းပဲ။ လုပ်ငန်း ကျွမ်းကျင်မှု မရှိသေးတာပါ။
ဆိုလိုတာက ကိုယ်ပိုင်ကျောင်း ဆိုတာနဲ့ အရင်တုန်းက ရေပေါ်ဆီတွေသာ တက်နိုင်တဲ့ ကျောင်းတွေလို ပိုက်ဆံချမ်းသာမှ တက်နိုင်တာမျိုးတွေကိုပဲ မြင်ယောင်နေမိကြတာပါ။ ပြည်နယ်/တိုင်း ဒေသကြီးလွှတ်တော်က ဥပဒေပြဌာန်းပြီး ကိုယ့်အစီအစဉ်နဲ့ကိုယ် ကိုယ့်ဒေသကြီးထဲမှာ အဆင့်မီတဲ့ ဆရာတွေ အုပ်ချုပ်သူတွေကို စိတ်တိုင်းကျ လခပေးပြီး ကိုယ်ပိုင်ကျောင်းတွေ ထောင်လို့ရပါတယ်။ ကျောင်းထောင်ပြီးရင်လည်း အများတက်နိုင်အောင် ငွေကျေးအစီအစဉ်တွေ ရံပုံငွေ အစီအစဉ်တွေ ချမှတ်၊ ပညာရေးဝန်ကြီးဌာနကိုလည်း လိုအပ်သလို အသုံးစရိတ် အကူအညီတွေ တင်ပြတောင်းခံတာမျိုးတွေ စီစဉ်လုပ်ကိုင်ရပါမယ်။
လူတန်းစားမရွေး တက်နိုင်ဖို့ဆိုတာ အဓိကက သက်ဆိုင်ရာ ပြည်သူ့ကိုယ်စားပြု လွှတ်တော်အမတ်များရဲ့ အရည်အချင်းပေါ် များစွာ မူတည်ပါတယ်။ ဒီမိုကရေစီစနစ်ရဲ့ အနှစ်သာရကို လူအများစုက ခံစားရကောင်းမှန်း မသိကြသေးလို့ပါ။

အပေါ်မှာ... ဟန်နီနဲ့ ပေါက်လှငယ်တို့ရဲ့ ကွန်မန့်တွေ အရမ်းကောင်းပါတယ်။ တကယ့်အမှန်တရားတွေပါ။ love ကတော့ နဲနဲ အစိုးရိမ်လွန်နေတာပါ။ အရင်ခေတ်စနစ်အရ ဆိုရင်တော့ စိုးရိမ်သင့်ပါတယ်။ တစ်ခုတော့ ရှိပါတယ်.. အခုလည်း ဘာမှ အသေအချာ မပြောင်းလဲသေးပါဘူးလေ။

shingyi said...

Private school နဲ့ ကျူ၇ှင်လုံးဝမတူပါ။ကျောင်းဆို၇င်ဘာတွေ၇ှိ
၇မလဲဆ၇ာနဲ့ခုံလား၊ဆ၇ာတွေအလှူခံတာ၊စာအုပ်ေ၇ာင်းတာ၊အစည်းအဝေး
ခေါ်တာ၊ဘယ်သူလုပ်တာလဲ။ကျောင်းတွေမှာတော်တဲ့ဆ၇ာတွေ၇ှိပေမဲ့
သူတို့အထက်ကခိုင်းစားလို့ပျက်ကုန်ပြီ။ဥပမာ-အထက ၂ မြောက်ဥကလာ
ျမှာကူ၇ှင်မယူဘဲ၁၀တန်အောင်တာ၇ှိလားသွားစစ်ကြ။ခလေးတွေစာအုပ်စစ်
ကြည့်ဒီလိုကျောင်းတွေအများကြီး။ကျူ၇ှင်မတက်ဘဲအောင်တဲ့တက်ကသို
၇ှိလား။ပြည်ပမှာဘဲ၇ှိတယ်။ကာယချိန်ဘာလုပ်လဲ။ကျောင်းဆိုတာဥပဒေ
ပြဌာန်းပေးဘို့တယ်။မေဂျာတွေချဲ့သင်သူမ၇ှိ။အဝေးသင်ပိုဆိုးကျန်းမာေ၇း
ဌာနကကျောင်းတွေသွားစစ်ဘူးလား။အမေစုေ၇ကြည့်မနေပါနဲ့NLDကို
လူတွေဘာကြောင့်အားကိုးလဲသိပြီလား။ငတုံးတွေေ၇့။

ုkyaw said...

ဆရာမတွေကိုကျောင်းသားတွေကမလေးစားတာကလဲ ၀တ်စားဆင်ယင်မှုတွေမှာဆရာမတွေကိုယ်တိုင်ကိုကခေတ်လွန်အောင်ဝတ်ပြနေတော့ဘယ်လေးစားမှာလဲ၊ ကျောင်းသားတွေရှေ့မှာဖုန်းတစ်လုံးနဲ့ရီးစားစကားပြောနေမှတော့ဘယ်ကလာလေးစားတော့မှာလဲရှေ့ဆောင်လမ်းပြကိုကလွဲနေတာကိုး မလောက်မှန်းသိလျှက်ဝါသနာ၊စေတနာမပါပဲဝင်လုပ်ပြီးမှလစာကနဲလို့ကျူရှင်ပြရတာပါလို့ဆင်ချေပေးတာကတော့မကောင်းပါဘူးဘွဲ့ရပြီးကွမ်းယာရောင်းတာရှက်စရာမဟုတ်ပါဘူး အစိုးရကမှအလုပ်မပေးနိုင်တာရှက်ရမှာကတိုင်းပြည်အုပ်ချုပ်တဲ့လူတွေပဲ ဒါကြောင့်မိဘတွေကကောင်းတာတွေကိုလိုက်ရှာပြီးကိုယ့်သားသမီးပညာတတ်အောင်လုပ်နေရတာပေါ့ ယခင်တစ်ချိန်ကအစိုးရကျောင်းကောင်းတာမှန်ပေမဲ့ယခုခေတ်မှာတော့ (၀)အဆင့်ကိုေ၇ာက်ဖို့နဲနဲပဲလိုတော့တယ် ဒါဟာဘာဖြစ်လို့လဲ၊ကျူရှင်ပြခွင့်လဲနားလည်မှုနဲ့ပေးထားတယ် ဒါပေမဲ့ကလေးတွေကိုယ့်နာမည်တောင်မှန်အောင်မရေးနိုင်ဘူး အဲဒါဘာဖြစ်လို့လဲ ဒါကိုတွေးကြည့်ကြပါ။

TT said...

ကိုသျှားညိုအတွက် Private School နည်းဥပဒေ ထွက်သွားပြီထင်ပါရဲ့ ၊ နေပြည်တော်မှာ ပြည်ထောင်စုဝန်ကြီး ဦးတင့်စန်း ကိုယ်တိုင်တက်ဖွင့် ပေးတဲ့ ကိုယ်ပိုင်ကျောင်းကြီး ထွက်ပေါ်လာပါပြီ။

Anonymous said...

ကိုယ်ပိုင်ကျောင်းပေါ်လာတော. အိမ်က ၆ တန်းကလေးကတက်ချင်တယ်ပူဆာတယ်ဗျာ ၊ လင်မယား ၂ယောက်စလုံး ၀န်ထမ်း လုပ်နေပေမယ်. မထားနိုင်ဘူးဗျာ ၊ ဒါနဲ.ကလေး က မိဘတွေကို .. ဗျစ်တေက်.. ဗျစ်တောက် .. လုပ်တော.တာဘဲ ၊ ကိုယ်.ထက်လစာနည်းပေမယ်.အဆင်ပြေတဲ.၀န်ထမ်းကျတော. .. ထားနိုင်ကြသားလား .. ကိုယ်.အလုပ်ကိုဘဲအပစ်တင်ရမလား ၊ ပူဆာတဲ.ကလေးကိုဘဲ အပစ်တင်ရမလား ? ....???

Powered by Blogger.