အစိုးရဝန်ကြီးဌာနတွေကို ခေတ်စနစ်နဲ့အညီ တိုးတက်စေချင်ပါတယ်


အစိုးရ ဝန်ကြီးဌာနတွေဟာ စီမံခန့်ခွဲမှု မဏ္ဍိုင် (The Executive) မှာ အမြင့်ဆုံးပုဂ္ဂိုလ်ဖြစ်တဲ့ သမ္မတရဲ့ တိုက်ရိုက် ကွပ်ကဲမှုအောက်ကနေ တာဝန်ထမ်းဆောင်ရပါတယ်။ ဝန်ကြီးဌာနအသီးသီးရဲ့ အမြင့်ဆုံး ဝန်ကြီးနဲ့ ဒုတိယ ဝန်ကြီးတို့ကို သမ္မတက ရွေးချယ်ခန့်ထားရာမှာ ပြည်ထောင်စုလွှတ်တော်ရဲ့ သဘောတူညီချက် ရှိထားရပါတယ်။ ဒါဟာ ကောင်းမွန်တဲ့ Checks and balances အပြန်အလှန် ထိန်းညှိမှု တမျိုးဖြစ်ပါတယ်။

ဒါပေမယ့် ဝန်ကြီးဌာနတွေက အကောင်အထည်ဖော်တဲ့အပိုင်းမှာ နိုင်ငံနဲ့ နိုင်ငံသားတွေရဲ့ အကျိုးစီးပွားကို ကျေနပ်အားရစရာ ကောင်းလောက်အောင် အောင်မြင်တာ သိပ်မရှိလှပါဘူး။ ဘာကြောင့် ဒီလို ပြောနိုင်သလဲ ဆိုရင် ကနေ့ ပြည်သူတွေရဲ့ မကျေမနပ် ထုတ်ဖော်ချက်တွေကို အင်တာနက်ပေါ်မှာ အထူးသဖြင့် Facebook လို နေရာမှာ အများအပြား တွေ့နေရလို့ ဖြစ်ပါတယ်။

ဒီလိုဖြစ်နေရတဲ့ အကြောင်းရင်း ၃ ခုလောက်တော့ အနည်းဆုံး ရှိနေပါတယ်။
  1. အာဏာရှင်စနစ် ဝါဒမှိုင်းရဲ့အောက်မှာ လည်ပတ်နေခဲ့ဖူးတဲ့ အစိုးရယန္တရားကို ဒီမိုကရေစီ ခေတ်စနစ်ရဲ့ လိုအပ်ချက်နဲ့အညီ မပြင်နိုင်သေးတာ ဖြစ်ပါတယ်။
  2. အစိုးရဝန်ကြီးဌာနတွေမှာ ပြည်သူတွေ စိတ်ချမ်းသာ ပျော်ရွှင်နိုင်ရေးကို ဝတ်ကျေတန်းကြေတောင် မလုပ်ပေးချင်တဲ့ဆန္ဒ ရှိနေတုန်း ဖြစ်ပါတယ်။
  3. ဝန်ကြီးဌာနအတွင်း အစိုးရကဏ္ဍရဲ့ နည်းဥပဒေအရ လုပ်ကြတဲ့အခါမှာ မူဝါဒကို လက်တွေ့ဖြစ်မြောက်အောင် အကောင်အထည်ဖော်ဖို့ထက် တဦးချင်းရဲ့ ကိုယ်ကျိုးစီးပွား ရှာလိုစိတ်က လွှမ်းမိုးနေပါတယ်။
အာဏာရှင်စနစ် လွှမ်းမိုးခဲ့ရာ အတိတ်ဟောင်းကို ပြန်မသွားတော့ပါဘူးလို့ အစိုးရ ထိပ်ပိုင်းခေါင်းဆောင်တွေက အကြိမ်ကြိမ် ကတိပေးပြောကြားနေတာ ကမ္ဘာကတောင် ကောင်းကောင်းသိနေပါပြီ။ ဒါပေမယ့် အာဏာရှင်စနစ်ကို လည်ပတ်စေခဲ့တဲ့ အစိုးရ ယန္တရားကို မပြင်နိုင်သေးတာ တွေ့ရပါတယ်။ စီမံခန့်ခွဲမှု (The Executive) မဏ္ဍိုင်မှာ အဓိကအကျဆုံး ပြင်ဆင်ဖို့ လိုအပ်ချက်ဟာ ဒီယန္တရားကို ပြင်ဖို့သာ ဖြစ်ပါတယ်။ ဒီယန္တရား မအောင်မြင်ခဲ့တဲ့အတွက် ခေတ်စနစ် ပြောင်းလဲပေးခဲ့ရတာကို သတိရှိစေချင်ပါတယ်။ ဒီယန္တရားကို မပြင်ဘဲ ဘာပဲလုပ်နေလုပ်နေ ဒုံရင်းကနေ တက်လာနိုင်ဖို့ မရှိပါဘူး။

ဒါဟာ အစိုးရကို တည့်မတ်ထိန်းကျောင်းပါလို့ မိဘပြည်သူတွေကို သမ္မတဦးသိန်းစိန်ရဲ့ မေတ္တာရပ်ခံ တိုက်တွန်းချက်အရ ပြည်သူတယောက်အနေနဲ့ မြင်မိတဲ့အတိုင်း ပွင့်ပွင့်လင်းလင်း ပြောတာ ဖြစ်ပါတယ်။

အစိုးရဝန်ထမ်းအားလုံးကိုတော့ မဆိုလိုပါ။ ပတ်သက်မှု ရှိကောင်းရှိနေနိုင်တဲ့ တချို့ဝန်ထမ်းတွေအနေနဲ့ အနည်းဆုံး တနေ့တာ အလုပ်ချိန် အစကနေ အဆုံးထိ “ငါတို့ဟာ အထက်လူကြီးတွေ ကျေနပ်အားရစေတာထက် မိဘပြည်သူတွေ စိတ်ချမ်းသာ အကျိုးဖြစ်စေမယ့် ကိစ္စတွေကိုသာ ဦးစားပေး လုပ်ပေးမယ်” ဆိုတဲ့ ခံယူချက် ထားရှိဖို့ လိုအပ်ပါမယ်။ လစာအနည်းဆုံး ရရှိတဲ့ ဝန်ထမ်းတွေ အပါအဝင် ရာထူးအလိုက် အထက်-အထက်ကို တက်သွားတဲ့ ဝန်ထမ်းတိုင်းက ဒီခံယူချက်ကို ထားရှိရမှာ ဖြစ်ပါတယ်။

တချိန်တည်းမှာ ဝန်ထမ်းတွေအတွက် အစိုးရက တုန့်ပြန် အကျိုးပြုပေးမှသာ မျှတမှု ရှိပါမယ်။ ဝန်ထမ်းသက်သာချောင်ချိရေးအတွက် အစိုးရက ပြည်သူ့ဘဏ္ဍာကနေ ထုတ်သုံး ထောက်ပံ့လာလို့ ဝန်ထမ်းတွေအတွက် ဝမ်းသာမိပါတယ်။

နောက်ထပ်လုပ်သင့်တယ်လို့ ထင်ရတာကတော့ ဝန်ထမ်းတွေကို အရည်အချင်း၊ ကြိုးစားမှုအလိုက် မှန်မှန်ကန်ကန် ရာထူးတိုးပေးဖို့ ဖြစ်ပါတယ်။ ရာထူးရွေးချယ် ခန့်ထားရေး ကော်မရှင်အနေနဲ့ ရာထူးကြီးကြီး ဝန်ထမ်းတွေကိုသာ ရွေးချယ် ခန့်ထားရုံတင် မဟုတ်ဘဲ အနိမ့်ဆုံး ဝန်ထမ်းကအစ ဝန်ထမ်းတိုင်း ဘယ်လို ရာထူး တက်လာနိုင်မလဲ ဆိုတာကို အမြဲတမ်း ကြံဆ နည်းလမ်း ရှာဖွေပေးနေရမှာ ဖြစ်ပါတယ်။ ဒီကော်မရှင်အနေနဲ့ အချိန်ရသမျှ လုပ်ငန်းခွင်တွေထဲအထိ ကွင်းဆင်းလေ့လာ သုတေသနပြုနေသင့်ပါတယ်။ အစိုးရအနေနဲ့ ဝန်ထမ်းတွေကို လစာတိုးပေးလိုက်တဲ့ အဖြေရှာနည်းကို သိပ်လိုအပ်မှသာ ထုတ်သုံးသင့်ပါတယ်။ ရာထူးတိုးပေးတဲ့နည်းက ဝန်ထမ်းတွေအပေါ် အပြုအမူနဲ့ ဆန္ဒ ဆိုတဲ့ စိတ်ဓါတ်ကို ပိုမို တည့်မတ် အားကောင်းစေပါတယ်။

နိုင်ငံရေးတိုးတက်မှုတွေကို ဖြစ်စေနိုင်ဖို့ ဥပေးပြုလွှတ်တော်အပါဝင် အစိုးရထိပ်ပိုင်းခေါင်းဆောင်တွေက ဥပဒေ၊ မူဝါဒတွေနဲ့ လမ်းညွှန်ပါတယ်။ ဥပဒေနဲ့ မူဝါဒတွေ အောင်မြင်စေဖို့ ကျင့်သုံးရတဲ့ နည်းဥပဒေတွေ ရှိနေရပြီး ဒါတွေကို လက်တွေ့ အကောင်အထည် ဖော်ပေးရသူတွေကတော့ ဝန်ကြီးဌာနတွေ ဖြစ်ပါတယ်။ နည်းဥပဒေတွေကို ပြဌာန်းရာမှာ လွှတ်တော်ရဲ့ သက်ဆိုင်ရာကော်မတီတွေက ကြီးကြပ်တဲ့ အစီအစဉ်မျိုး ထားရှိနိုင်ရင် ပိုပြီး ပွင့်လင်းမြင်သာလာနိုင်သလို Checks and balances အပြန်အလှန် ထိန်းညှိမှုအတွက်လည်း အထောက်အကူ ဖြစ်စေနိုင်ပါလိမ့်မယ်။

ဝန်ကြီးဌာနအဆင့်ကနေ နည်းဥပဒေတွေကို အကောင်အထည်ဖော်ပေးရာမှာ သူတို့ လုပ်ဆောင်သမျှတွေအပေါ် Checks and balances အပြန်အလှန် ထိန်းညှိမှု လုံးဝ ရှိမနေပါဘူး။ ကြိုက်သလိုလုပ် စောဒကတက် ကန့်ကွက်တဲ့ ပစ်စာ၊ တိုင်စာတွေ လူသိရှင်ကြား မဖြစ်သမျှ ကာလပတ်လုံး လုပ်ချင်တိုင်းလုပ်လို့ ရနေခဲ့ပါတယ်။

Checks and balances မရှိတာကို အခွင့်ကောင်းယူပြီး ဝန်ထမ်းတချို့ဟာ တဦးချင်းအနေနဲ့ ကိုယ်ကျိုးစီးပွားကို ကြံဖန်နိုင်စေမယ့် လမ်းစတွေကို အတောမသတ်နိုင်အောင် ရှာဖွေလာကြပါတယ်။ ရာထူး မပြုတ်မချင်း အရှက် သိက္ခာမဲ့စွာ အဂတိလိုက်စားဖို့၊ အာဏာအလွဲသုံးစားဖို့ ဖြစ်စေပါတယ်။ ဝန်ကြီးဌာနအနေနဲ့ အရှုံးပေါ်မယ့်ကိစ္စ (သို့) နာမည်ပျက်မယ့်ကိစ္စ (သို့) နှစ်မျိုးလုံးကို နောင်ခါလာ နောင်ခါဈေး သဘောထားတတ်ကြပါတယ်။ အခွင့်အရေး ရနိုင်သမျှ သိမ်းကြုံးယူကြပါတယ်။

Checks and balances အပြန်အလှန် ထိန်းညှိမှု မရှိတဲ့အတွက် မူဝါဒချပြ လမ်းညွှန်သူ ခေါင်းဆောင်တွေကိုယ်တိုင် မူဝါဒအမှားကို သိနေခဲ့ရင်တောင် ရနိုင်သရွေ့ မသိချင်ယောင်ဆောင်နေဖို့ အခွင့်အလမ်း ဖြစ်လာစေပါတယ်။ လူပြောသူပြော သိပ်များလာမှ၊ တချို့အဖြစ်အပျက်တွေဆို နိုင်ငံတကာက သိလာမှ၊ နိုင်ငံတကာဖိအားတွေ ရှိလာမှသာ မူဝါဒရေးဆွဲ ညွှန်ကြားတဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေက မဖြစ်မနေ ဖိအား ပေးလာတတ်တာမျိုး ရှိပါတယ်။

ဒီအဆင့်လောက်ဆိုရင်တောင် ပြန်လည်ကောင်းလာဖို့ မျှော်လင့်ချက်က ရှိနေပါသေးတယ်။ ဒါပေမယ့် အစိုးရအပေါ် ယုံကြည်မှုကို အားနည်းသွားစေပြီး နောက်ဆက်တွဲ အကျိုးသက်ရောက်မှုတွေ မလိုအပ်ဘဲ ဖြစ်စေပါတယ်။

အစိုးရထိပ်ပိုင်းက ဖိအားပြန်ပေးလို့ တကယ်တမ်း ပြန်ကောင်းသွားတဲ့ အဖြစ်တွေ ရှိခဲ့ဖူးပါတယ်။ ဒါပေမယ့် ဝန်ကြီးဌာနအဆင့်မှာ တထစ် နှစ်ထစ်လောက် ပြန်လျှော့ပေးအပြီး အာရုံစိုက်မခံရတော့တဲ့ အချိန်ကျတော့ ဒုံရင်းအတိုင်း ပြန်လုပ်နေတာတွေလည်း ရှိနေပါတယ်။

တကယ်လုပ်သင့်တာက --
(၁) အစိုးရတဖွဲ့လုံး ဘယ်ဝန်ထမ်းမဆို ပြည်သူလူထုအပေါ် အမှန်တကယ် စေတနာထားရမှာ ဖြစ်တယ်။ ပြည်သူတွေ ပေးဆောင်တဲ့ အခွန်ငွေကနေ လစာယူနေတာဖြစ်လို့ နိုင်ငံ့ဝန်ထမ်းဆိုတာ ပြည်သူ့ဝန်ထမ်းပဲ ဆိုတဲ့ ခံယူချက် ရှိနေရပါမယ်။

(၂) အစိုးရထိပ်ပိုင်းတွေကနေ ဥပဒေနဲ့ မူဝါဒ ချပေးလိုက်ရုံနဲ့ မပြီးဘဲ လက်တွေ့မှာ အမှန်တကယ် ထိရောက်မှု ရှိမရှိ ဆိုတာကို လက်တွေ့ ကွင်းဆင်းလေ့လာ မှတ်တမ်းတင်ပြီး အမြဲတမ်း ပြန်လည် သုံးသပ်နေရမှာ ဖြစ်တယ်။ Checks and balances အတွက် အချိန်ပြည့် လုပ်ငန်းစစ်ဆေးရေးအဖွဲ့ ထားရှိတာမျိုး ဖြစ်ပါတယ်။

(၃) နည်းဥပဒေတွေအရသာ ဆောင်ရွက်ရတဲ့ ဝန်ကြီးဌာနတွေက လုပ်ဆောင်ချက် လွဲမှားတာ၊ မူမမှန်တာ၊ ပြဿနာ ဖြစ်လာတာရှိရင် လူအမှားလား၊ မူအမှားလား ဆိုတာကို ချက်ချင်း အဖြေရှာထုတ်နိုင်ဖို့ လိုအပ်ပါမယ်။

(၄) ကိုယ်ကျိုးရှာ စီးပွားရေး လုပ်စားနေတဲ့ အကျင့်ပျက် အစိုးရဝန်ထမ်းတွေဟာ နိုင်ငံရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတဲ့အပြင် လူထုအကျိုး၊ နိုင်ငံအကျိုးကိုလည်း ပျက်ပြားစေတာကြောင့် ကျောသားရင်သား မခွဲခြားဘဲ စံနမူနာပြ ထိရောက်အောင် အရေးယူ အပြစ်ပေးရမှာ ဖြစ်ပါတယ်။ (သို့) တာဝန်ရှိသူဟာ တာဝန်ခံ (Accountability) ယူတဲ့အနေနဲ့ ရာထူးက နှုတ်ထွက်ပေးရမှာ ဖြစ်ပါတယ်။

လွင်အောင်စိုး
ဧပြီ ၉ ရက် ၂ဝ၁၂ ခုနှစ်

ဆက်စပ်သတင်း - (Eleven Media Group) လွဲမှားသည့် လုပ်ထုံးလုပ်နည်းအချို့၊ မမျှတသည့် စည်းမျဉ်းအချို့ဖြင့် ကန့်သတ် စိစစ်မှုများကြောင့် ပြည်ပမှ တင်သွင်းသူ ကားပိုင်ရှင်များ ထိခိုက်
အစိုးရဝန်ကြီးဌာနတွေကို ခေတ်စနစ်နဲ့အညီ တိုးတက်စေချင်ပါတယ် အစိုးရဝန်ကြီးဌာနတွေကို ခေတ်စနစ်နဲ့အညီ တိုးတက်စေချင်ပါတယ် Reviewed by သစ်ထူးလွင် on 15:53 Rating: 5

12 comments:

Nay Nwaye said...

မှန်ပါသည် အချို့ရုံးများတွင်မိဘပြည်သူများအား အော်ငေါက်ခြင်း စိတ်မရှည်စွာဆက်ဆံခြင်းများ ယနေ့ထိရှိနေပါသည် ထိုပြင် ကျုပ်တို့ကိုခင်များတို့ကလစာပေးတာမဟုတ်ဘူး ဝန်ကြီးကလစာပေးတာ ဟုပြောဆိုခဲ့သူများလည်းရှိနေပါသေးသည် ထိုသူတို့ ဒီနေ့ဒီချိန်မှစပြီး အမြင်မှန်ရစေချင်ပါသည်

Once Myanmar said...

A Good Suggestion.

ခင်မျိုးချစ် said...

ဒီမိုကရေစီအရပ်သား အစိုးရလက်ထက်ရောက်မှ အရင် အာဏာရှင် စနစ်ထက်ဆိုးနေတဲ့ ၀န်ကြီးဌာနတွေ အများကြီးပါ ငါတို့ကို ပြည်သူကရွေးကောက်တင်မြှောက်ထားတာ ငါးနှစ် အတွင်း ဘယ်သူမှဖြုတ်လို့မရဘူးကွလို့ ကြွေးကြော်ပြီး ၀န်ကြီး တက်လုပ် ခပ်ကြမ်းကြမ်းကိုင်တွယ်နေကြတာတွေ အများကြီးပါ။ သာမာန်ပြည်သူတွေမပြောနဲ့ ၀န်ကြီးဆိုတဲ့လူတွေကိုက အခြေခံ ဥပဒေကို နားမလည်ပါ။ သူတို့ကို မကြိုက်ရင် ပြည်သူက ပြန်ဖြုတ်လို့ရတယ်ဆိုတာ အခုလောက်ဆိုရင်တော့ သိပြီထင်ပါရဲ့။ တနင်္သာရီတိုင်း ၀န်ကြီး နမူနာရှိသွားပြီဆိုတော့။
နိုင်ငံတော် ဘတ်ဂျက်တွေနဲ့ ဆောက်ထားတဲ့ စီမံကိန်းကြီး တွေ ငွေကုန်သလောက် အရည်အသွေးပြည့်ဖို့ လိုပါတယ်။ စီမံကိန်းတစ်ခု မစခင်မှာ Feasibility Study ဆိုတဲ့ ကနဦးလေ့လာဆန်းစစ်မှုများ အရေးကြီးသလို ပြီးသွားရင်လည်း Monitoring and Evaluation တွေ Maintenance တွေက ဒီစီမံကိန်းတစ်ခု အဓွန့်ရှည် တည်တံ့ဖို့အရေးကြီးပါတယ်။ အခုတော့ စီမံကိန်း အတော်များများက ပါဝါရှိသူနဲ့ ရင်းနှီးရင် ရင်းနှီးသလို ပရောဂျက်တွေရအောင် လုပ်ယူသွားကြပြီး quality control လည်း လုံးဝမရှိတော့ ပြီးစလွယ် ပြီး ပြီးရောလုပ်သွားကြပြီး အရေးယူမှုတွေလည်း မရှိပါဘူး။ ဖြစ်သင့်တာက ဥပမာ - ဆည်တစ်ခုမတည်ဆောက်မှီ တင်ပြတဲ့အခါ ဒီဆည်ပြီးစီးပါက ဧက ၅၀၀၀ ရေပေးသွင်းနိုင်မယ်ဆိုခဲ့ရင် ပြီးတဲ့အခါမှာလည်း သူတင်ပြခဲ့တဲ့အတိုင်း အပြည့်ရေပေးနိုင်ဖို့ တာဝန်ယူရပါမယ်။ ပိုက်ဆံတွေ ချပေးပြီးရော ကောင်းကောင်း တင်ပြလုပ်စားသွားပြီး နောက်က အရေးယူမှုတွေ မရှိတော့ နိုင်ငံ့ပိုက်ဆံတွေက ယိုချင်တိုင်းယိုထွက်နေတာပါ။ အခြားဆောက်လုပ်ရေးလုပ်ငန်းတွေလည်း အလားတူပါပဲ သတ်မှတ်ချိန်အတွင်း ပြီးအောင်ဆောက်ရမယ် ပြီးရင် ဘယ်နှစ်နှစ်အထိ အာမခံတယ်ဆိုတာမျိုးဖြစ်သင့်ပါတယ်။ အခုကတော့ လုပ်ငန်းအပ်ပြီးတာနဲ့ အဆောက်အဦးတွေက ဖြစ်ချင်ရာဖြစ်ပါပဲ။ လက်တွေ့သာဓက ကတော့ အသစ်စက်စက် ရန်ကုန်နေပြည်တော်လမ်းပိုင်းတောင် အတော်ပျက်စီး နေပါပြီ။ ADB ချေးငွေနဲ့ အင်ဂျင်နီယာ ပညာရပ်တွေကို လက်တွေ့အသုံးချပြီး အသုံးပြုပစ္စည်းတွေကို အရည်အသွေး မှီအောင်လုပ်ခဲ့တဲ့ ရန်ကုန် ပြည်လမ်းဆို နှစ်ပေါင်းကြာတဲ့ အထိ အကောင်းဆုံးလမ်းဖြစ်နေဆဲပါ။ အဲဒီလမ်းကနေ မသွားဖြစ်တာတော့ ဆယ်နှစ်ကျော်ရှိနေတော့ အခုတော့ မသိပါ။ သတင်းတွေမှာ မဖတ်ရတော့ ကောင်းဆဲပဲလို့ ယူဆမိပါတယ်။
မိမိတို့ နိုင်ငံ အမြန်တိုးတက်ဖို့ သူများနောက် နှစ်ငါးဆယ် လောက်ကျန်ခဲ့တာကို အမှီလိုက်ဖို့ လူတိုင်း လူတိုင်း စိတ်ဓါတ်တွေ ပြုပြင်ရပါမယ်။ ခိုချင် ကပ်ချင် ခိုးချင်တဲ့ အကျင့်များ ခေါင်းဆောင်ကစပြီး ပြုပြင်ရပါမယ်။ လစာမလောက်လို့ မခိုးပါနဲ့။ လျှာမှာမြက်ပေါက်သွားပါစေ ခိုးတော့မစားဘူးဆိုတဲ့ စိတ်ဓါတ်မွေးကြရပါမယ်။ ဗုဒ္ဓတရား တော်အရ ခိုးလေ မွဲလေပါပဲ။ အခုဘ၀မှာ မဆန့်ရင်ကာ ခိုးထားပြီး ချမ်းသာနေကြတဲ့သူတွေလည်း သံသရာမှာ အကြောင်းအမျိုးမျိုးနဲ့ ပျက်စီးမှာပါပဲ။ အားမကျသင့်ပါ။
နိုင်ငံတော်မှလည်း ထိုက်သင့်တဲ့ အရေးယူမှုတွေ မှတ်လောက် သားလောက်အောင် လုပ်ပြလိုက်ရင် အတော် များများက လန့်သွားပါလိမ့်မယ်။ လူတိုင်း လူတိုင်း သူများ စိတ်ချမ်းသာအောင် အများအကျိုးဆောင်ရွက်လိုတဲ့ စိတ်တွေ မွေးကြရင် လုပ်ငန်းဆောင်တာတွေ ပိုမိုချောမွေ့ လာနိုင်ပါတယ်။

Unknown said...

သိပ်ကိုကျေးဇူးတင်ပါတယ် ကိုလွင်အောင်မိုးရေ....

Bravo said...

ခေတ်နဲ့အညီတိုးတက်ဖို့ အစိုးရတင်မဟုတ်ပါ၊ ပြည်သူတရပ်လုံးပြုပြင်ဖို့လိုပါတယ်။ အဲဒီလိုပြင်တဲ့အခါမှာ တရားဥပဒေ၊ စည်းကမ်းများဟာ ခေတ်နဲ့အညီဖြစ်ယုံသာမဟုတ်ပဲ တသမတ်တည်း၊ မပြောင်းလဲပဲနေဖို့လိုပါတယ်။ ဆိုလိုတာက မောင်ဖြူကိုတော့သက်ညှာစေ၊ မောင်မဲတော့ဖြင့် တရားဥပဒေအတိုင်းအရေးယူဆိုရင် ဒါ-တသမတ်တည်းရှိတာမဟုတ်တော့ဘူး။ ဒါ့အပြင် ဒီခေတ်မှာ လာဘ်ယူတယ်၊ လာဘ်စားတယ်ဆိုတာ ရှက်စရာလို့တောင်မထင်ကြဘူး။ လာဘ်မပေးတဲ့သူတောင် အမှားလုပ်နေသလိုဖြစ်နေတယ်။ အမှားကို အမှန်လို့ယူဆနေကြတာကိုက မှားနေတာ။ ဒါတွေပြင်ဖို့ အပေါ်ကစရမလား၊ အောက်ခြေကစရမလား။ တကယ်ပြင်ချင်ရင်တော့ ဘက်မလိုက်အဖွဲ့တခုဖွဲ့ပြီး ကျောသား၊ရင်သား မခွဲခြားပဲ မည်သူမှဝင်ရောက် စွက်ဖက်ခွင့်မရှိတဲ့ လုပ်ပိုင်ခွင့် အာဏာကိုပေးထားရမယ်။ အရေးယူပေမဲ့ စားထား၊ယူထားတဲ့ ငွေတွေ၊ပစ္စည်းတွေ ပြန်မသိမ်းဘူးဆိုရင်လည်း ဒီစနစ်ဆိုးကပျောက်မှာကိုးမဟုတ်ဘူး။ အားလုံးချမ်းသာအောင်စားပြီးအလုပ်ပြုတ်ခံမဲ့သူတွေချည်းဖြစ်နေမှာ။ အဲဒီလိုပြင်းထန်တဲ့အရေးယူမှုတွေရှိမှ ဥပဒေနဲ့စည်းကမ်း တောင့်တင်းလာမှာပါ။ ဒါမှပဲ တိုင်းပြည်အတွက်တွေးတောလာပြီး ခေတ်နဲ့အညီ စည်းမျဉ်းတွေသတ်မှတ်ဖို့ စိတ်ဝင်စားလာကြမှာ။ နို့မို့ရင် ကိုယ့်အတွက်ပဲတွေးနေကြမှာ။
တကယ်တိုးတက်ချင်ရင် ပါးစပ်က၊သတင်းစာထဲကနေ လူကြားကောင်းအောင် ပြင်နေလို့ မရပါဘူး။ လက်တွေ့ကျကျ ကာလသတ်မှတ်ပြီးလုပ်တောင်ရမှာပါ။ တကယ်လုပ်ချင်ရင် တကယ်ဖြစ်ပါတယ်။ တကယ်လုပ်ချင်တဲ့ ဆန္ဒလေးကိုပဲ နှိုးဆွပေးဖို့အရေးကြီးပါတယ်။ မိုးဒဏ်ကိုမခံရဖို့ ခေါင်မိုးကနေ စပြင်ကြစို့။

pyaponthu said...

အမှန်တကယ်ဖြစ်လာ၇င်တော့ ကောင်းပါတယ်။လောလောဆယ် ဝန်ကြီးများ စားထားတာတွေ ကို နိုင်ငံခြား ဘဏ်မှာမထား ဘဲ ပြည်သူတွေ အကျိုးအတွက် ပြန်သုံးပေးရင် ပိုကောင်းပါလိမ်မယ်။

bomberman said...

အထက်က တင်ပြထားတဲ့ အကြောင်းရင်း ၃ ချက်ကို အကောင်အထည်ဖေါ်ဖို့ ဆိုရင်
၁။ သီလစောင့်နိုင်ဖို့ အူမတောင့်အောင် အရင်လုပ်ပေးရပါမယ်
အဲဒီ အတွက် ၀န်ထမ်းတစ်ယောက်ကို ရှားပါးစရိတ် ၃၀၀၀၀ စီ တိုးပေးထားတယ်။ များတယ်လို့ မဆိုသာပေမဲ့ တရက် ၁၀၀၀ ဆို လစာနည်းဝန်ထမ်းတွေအဖို့ အသက်ရှူ ချောင်စေပါတယ်။
၂။ အကျင့်ပျက် ခြစားမှု တိုက်ဖျက်ရေးကို ထိထိရောက်ရောက် အရေးယူဆောင်ရွက်တာတွေကိုလည်း ကြောသားရင်သား မခွဲခြားပဲ ပြတ်ပြတ်သားသား လုပ်ဆောင်ရပါမယ်။
မနှစ်ပိုင်းဆီက လူပြောင်း မူမပြောင်း တို့ မူပြောင်း လူမပြောင်းတို့ မီဒီယာတွေမူ ဆူညံခဲ့ဖူးပါတယ်
ခုတော့ မူရော လူပါ ပြောင်းရတော့မယ်နဲ့ တူပါရဲ့ ဆရာကြီးတပါးပြောသလို “လူတစ်ယောက်ဟာေ-ာက်ကျင့်ဆိုတာ သေမှပဲပြောင်းတာဗျ” တဲ့။ ခေါက်ရိုးတွေကလည်း ကြိုးနေမင့်ဟာကိုး

MgNyiChit said...

ဒီလို ရေးကြ ပြောကြတာတွေ သိပ်ကို ကောင်းပါတယ်။ ခက်တာက အထက်လူကြီး ဆိုသူတွေ သူတို့မိသားစုဝင်တွေဟာ ဒီလို ရေးရာ ပြောရာမှာ ပါဝင်မှု အားနည်းနေမယ် ဒါမှမဟုတ် လုံးဝ မပါဝင်တာမျိုးတွေ ဖြစ်နေမယ်လို့ ထင်ပါတယ်။ ပြည်သူတွေ မပြင်နိုင်သေးပေမယ့် ပြည်သူထဲက ၀န်ထမ်းတွေက စပြင်ရမှာပါ။ ပြင်တဲ့အခါလည်း အောက်ကလူတွေထက် အပေါ်ကလူတွေ အထက်လူကြီးဆိုသူတွေက စပြင်ရမှာပါ။ သမ္မတက စပြင်ရမှာပါ။ သမ္မတ ပြီးတော့ ၀န်ကြီးတွေ၊ လွှတ်တော်ဥက္ကဋ္ဌတွေ၊ အမတ်တွေ ၀န်ကြီးတွေ အဆင့်ဆင့်က အများမြင်သာအောင် ယုံကြည်လာအောင် လုပ်ပြ ပြင်ပြရမှာပါ။ အဲလို လုပ်ရင် အောက်က လူတွေက အလိုလို မပြင်မဖြစ် ပြင်လာကြမှာပါ။ ပြီးတော့ ၀န်ထမ်းတွေမှာ သီးသန့်ခံစားပိုင်ခွင့် ဖြစ်တဲ့ တစ်နှစ်တစ်ခါ အားလပ်ရက်လိုဟာမျိုးကိုတော့ တရားဝင် ခံစားခွင့် ပေးရမှာပါ။ အဲဒါလည်း အောက်ကနေ သမ္မတအထိ ခံစားခွင့် ရှိရမှာပါ။ စနေတနင်္ဂနွေ လူကြီး ခရီးစဉ် ရှိတယ်ဆိုတာမျိုးတွေ မရှိသင့်တော့ပါဘူး။ လူကြီးက မဖြစ်မနေ သွားရမယ်ဆိုရင် တာဝန်ရှိတဲ့ လူကလွဲရင် ဘယ်သူ့ကိုမှ ခေါ်ထားစရာ မလိုတော့ပါ။ ရုံးချိန် ကျော်ရင် အချိန်ပိုလုပ်အားခ ပေးရမှာပါ။ မပေးဘဲနဲ့ အရင်လို လုပ်နေရင်တော့ အဲဒါဟာလည်း အဓမ္မလုပ်အားသုံးမှုပါပဲ။

Anonymous said...

အလွန်သင့်လျော်တဲ့ ဆွေးနွေးချက်များ ဖြစ်ပါတယ်။့မြန်မာနိုင်ငံအတွက် သေရေးရှင်ရေး အရေးကြီးနေတဲ့ အချက်ပါ။ အကျင့်ပျက် လဒ်စားမှု တာဝန်မခံမှု တိုင်းပြည်နစ်နာလှပါတယ် လူထုရဲ့ စိတ်ထား ခံယူချက် ကြောက်စရာကောင်းလောက်အောင် အလုံးစုံ ပျက်စီးနေပါပြီ။ သမိုင်းတွင်မဲ့ ကောင်းသော ပြောင်းလဲမှုကြီး အမြန်ပြုလုပ်ပါတော့ ......

Toe Toe said...

ဆောင်းပါး၊comment ပေးသူအားလုံးရေးသားချက်ကိုထောက်ခံပါသည်။ကျွန်ုပ်
ကိုယ်တိုင်မူပြီးခဲ့သည်နှစ်၂၀လုံးလုံး တိတိကျကျလုပ်ခဲ့ လက်အောက်ကိုလဲတိတိ
ကျကျအုပ်ချုပ်ခဲ့မိသဖြင့်အပေါ်ကရောအောက်ကရောဝိုင်းကျင်တာဘဲခံလိုက်ရပါ သည်။သို့သော်ပင်စင်မယူမှီတိတိကျကျလုပ်ခွင့်ရလျှင် လျှာ မြက်ပေါက်သွားပါစေ
တိတိကျကျလုပ်ချင်ပါသေးသည်။အရှုံးမပေးဘဲသီးခံပြီးစောင့်နေပါသည်။ဒီလိုဝန်
ထမ်းမျိုးရှိနေသေးသည်ကို MNN ပရိပ်သပ်သိထားစေလိုပါသည်။အစိုးရအဖွဲ့တွင်
လည်းရထားဒုဝန်ကြီးသူရဦးသောင်းလွင်လိုလူမျိုးရှိနေပါသည်။လုပ်ခွင့်ရလျှင်ဖြုတ်
တာများလို့လုပ်ငန်းတောင်ရပ်သွားပါမည်။အစိုးရက တကယ်စလုပ်ဘို့လိုပါသည်။
အူမ မတောင့်လို့သီလမစောင့်နိုင်တဲ့စကားကိုအပြည့်အ၀လက်မခံပါ။စိတ်သာလျှင်
အဓိကဖြစ်ပါသည်။မစားရတဲ့အပြင်စရိတ်ပါစိုက်လုပ်နေရသည့်နေရာမှထိုင်စောင့်
နေပါသည်။သို့သော် ဒီ၃နှစ်လောက်ကတော့ဖြစ်လာမည်မထင်တော့ပါ။စောင့်နေပါ
မည်၊ပြည်သူတွေဝိုင်းအော်ပေးကြပါ။

sean said...

စိတ်ဓါတ်ရေးရာမှာ ဂွင်တွေဘဲ မျက်စိထဲမျာမြင်နေတာဖျောက်ပြီး..
လုပ်ငန်းစဉ် နှင့် မှတ်တမ်းထိမ်းသိမ်းမှု မှာ paper ကနေ IT သို့ ပောင်းဘို့ အများကြီးလိုနေပါသေးတယ်

mg myo said...

ကျွန်တော့်အမြင်ကိုပြောရရင် အုပ်ချုပ်မှုအာဏာရှိတဲ့၊ လက်အောက်ကို ထိန်းသိမ်းဖို့နဲ့ လုပ်ငန်းတွေ အောင်မြင်အောင် အကောင်အထည်ဖော်ဖို့တာဝန်ရှိနေတဲ့ ခေါင်းဆောင်အရာရှိကြီးများအနေနဲ့ ကိုယ်ကိုယ်တိုင် ဖြောင့်မတ်တည်ကြည်ဖို့လိုပါတယ်။ ဒီလိုဖြောင့်မတ်တည်ကြည်ဖို့ဆိုတာကလည်း မီးဖိုချောင်တံခါးကအစပိတ်ဖို့လိုပါတယ်။ အိမ်နောက်ဖေးက၀င်လာတဲ့ ဟင်းတခွက်ကြောင့် လက်အောက်က၀န်ထမ်းတွေ မဟုတ်တာလုပ်နေတာကို သိသိနဲ့ မျက်နှာလွှဲနေကြပါတယ်။ ဟင်းတခွက်ကြောင့်၊ ဆန်တအိတ်ကြောင့်၊ ဆီတပုံးကြောင့်မျက်နှာနာကြရပါတယ်။ အဲဒါတွေကနေစပြီး ဆင်ခြင်ဖို့လိုပါတယ်။ ရိုသေလေးစားတာနဲ့ ဂါရ၀ရှေ့ထားတာနဲ့ လာဘ်ထိုးတာနဲ့မတူပါဘူး။ ပိုဆိုးတာက လစဉ်ပုံမှန် ဘယ်လူကြီး ဘယ်အဆင့်ဆို ဆန်ဘယ်လောက် ဆီဘယ်လောက်၊ သူ့အောက်ကတဆင့်ဆို ဘယ်လောက် စသဖြင့် အဆင့်ဆင့် ပို့ပေးနေရ ယူနေကြတာကို သိသိကြီးနဲ့ လက်ခံထားကြပါတယ်။ ဒီလောက်လေးနဲ့ သူတို့ပိုချမ်းသာမသွားပါဘူး။ ဒါပေမယ့် ဘာလို့လက်အောက်ကနေ ရသလောက်လိုချင်နေရတာလဲ။ အိမ်မှာ ထမင်းဟင်းချက်ကျွေးမယ့်သူရှိသားနဲ့ ဘာလို့ သူများပို့တဲ့ထမင်းကို စားချင်ရတာလဲ။ ဒီလို အသေးအမျွှားလေးကစပြီး ဆင်ခြင်ကြဖို့လိုပါတယ်။ clean government ဖြစ်ဖို့ဆိုရင် အနုနည်းနဲ့မျက်နှာနာအောင်လုပ်ပြီး မသိမသာလာဘ်ထိုး နေတာတွေလည်း ပျောက်ပျက်အောင်လုပ်ဖို့လိုပါမယ်။ လက်မခံဖို့လိုပါတယ်။ အောက်ကနေ အထက်ကို တရားဝင် ပေးဆက်နေရတာတွေ၊ ၀င်ထွက်နေရတာတွေ ပျောက်ပျက်ပြီး သန့်ရှင်းသောအစိုးရအမြန်ဖြစ်ပါစေ။

Powered by Blogger.