ကြံ့ခိုင်ရေးပါတီ ပြုပြင်ပြောင်းလဲရေး လုပ်မည်

ကြားဖြတ် ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က မဲအပြတ်သတ် အနိုင်ရရှိပြီးနောက် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေးပါတီ)အတွက် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် ကြီးမားသည့် စိန်ခေါ်မှုဖြစ်လာနိုင်ဖွယ် ရှိသဖြင့် ကြံ့ခိုင်ရေးပါတီ ပြုပြင်ပြောင်းလဲရေးများကို ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း ပါတီ အထွေထွေအတွင်းရေးမှူး ဦးဌေးဦးက ဧရာဝတီသို့ ပြောသည်။

ကြားဖြတ် ရွေးကောက်ပွဲအတွက် ယခုနှစ် မတ်လ ၃၀ ရက်နေ့က ရန်ကုန်တွင် မဲဆွယ်နေသော ကြံ့ခိုင်ရေးပါတီဝင်များ (ဓာတ်ပုံ - Reuters / Soe Zaya Tun)
နေပြည်တော်တွင် ယမန်နေ့က ပြုလုပ်ခဲ့သော ကြံ့ခိုင်ရေးပါတီ အစည်းအဝေးတွင် ပါတီ ဗဟိုအလုပ်မှုဆောင် အများစု တက်ရောက်ခဲ့ကြကြောင်း၊ ကြားဖြတ်ရွေးကောက်ပွဲ ရှုံးနိမ့်မှုနှင့်ပတ်သက်၍ ဆွေးနွေးမှုများ ပြုလုပ်သကဲ့သို့ ပါတီ ရှေ့ဆက်မည့် အခြေအနေများကို ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
“လက်ရှိ ရွေးကောက်ပွဲရလဒ်နဲ့ ပတ်သက်လို့ ကျနော်တို့ အားလုံးပဲ သဘောတူပါတယ်။ နောက်တခုကတော့ ရွေးကောက်ပွဲနဲ့ ပက်သတ်ပြီး ကျနော်တို့ ပါတီရဲ့ အားနည်းချက် အားသာချက်များကိုလည်း ဖော်ထုတ်ပြီးတော့ ဆောင်ရွက်ကြမယ်ဆိုတာကိုလည်း ဆွေးနွေးကြပါတယ်” ဟု ဦးဌေးဦး က ဧရာဝတီသို့ ပြောသည်။
ကြံ့ခိုင်ရေးပါတီအနေဖြင့် ကြားဖြတ်ရွေးကောက်ပွဲတွင် နေရာအများစု အနိုင်ရရှိမည်ဟု မူလက မျှော်လင့်ခဲ့သော်လည်း ဝင်ရောက် ရွေးချယ်ခံခဲ့သည့် မဲဆန္ဒနယ်မြေ ၄၅ နေရာအနက် NLD ယှဉ်ပြိုင်ခွင့် မရသည့် တနေရာ၌သာ အနိုင်ရရှိခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော NLD ပါတီက ၄၃ နေရာ အနိုင်ရရှိခဲ့သည်။
ပါတီ၏ အားနည်းချက်၊ အားသာချက်များကို ပြင်ဆင်ဆောင်ရွက်မှုများ ပြုလုပ်ရာတွင် အလွယ်တကူ ဆောင်ရွက်ခြင်းများ ရှိသကဲ့သို့ ခက်ခဲမှုများလည်း ရှိကြောင်း၊ ထို့ကြောင့် ပါတီတာဝန်ရှိသူများအနေဖြင့် ပါတီမူဝါဒလမ်းစဉ်ကို လူထုသိရှိစေရန် ထဲထဲဝင်ဝင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုလုပ်ဆောင်သွားရန် လိုအပ်ကြောင်း ဦးဌေးဦးက ပြောသည်။
ထိုသို့ NLD က အပြတ်အသတ် အနိုင်ရခြင်းအပေါ် ဦးဌေးဦး၏ အမြင်ကို ဧရာဝတီက မေးမြန်းခဲ့ရာ ၎င်းက ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီတို့မှာ လူထုအကျိုး လုပ်ဆောင်မှု မတွေ့ရှိရသေးသဖြင့် လတ်တလော အခြေအနေကို သုံးသပ်ရန် ခက်ခဲနေသေးကြောင်း ဖြေကြားသည်။
သို့သော် လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ဆက်နွယ်၍ လူသိများခြင်း၊ ဒေါ်အောင်ဆန်းစုကြည်၏ ကျော်ကြားမှု၊ နိုင်ငံတကာအသိုင်းဝိုင်း၏ ထောက်ခံမှု၊ တပြည်လုံး စည်းရုံးလှုံ့ဆော်မှု အားကောင်းခြင်းတို့ကြောင့် ကြားဖြတ်ရွေးကောက်ပွဲတွင် NLD က တဖက်သတ် အနိုင်ရရှိသွားခြင်းဖြစ်သည်ဟု ကြံ့ခိုင်ရေးပါတီ ခေါင်းဆောင်များက သုံးသပ်ကြကြောင်း သိရှိရသည်။
NLD ပါတီ အနိုင်ရရှိမှုကို ကြံ့ခိုင်ရေးပါတီက ကြိုဆိုသွားမည်ဖြစ်ပြီး လွှတ်တော်တွင်းသာမက လွှတ်တော်ပြင်ပတွင်လည်း ပူးတွဲလုပ်ဆောင်ရန် လိုအပ်သည့်ကိစ္စရပ်များ ပေါ်ပေါက်လာပါက တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်သွားမည်ဟု ဦးဌေးဦးက ပြောသည်။
“အကောင်းမြင်သမားလို့တော့ ကျနော့်ကိုယ်ကျနော် မဆိုလိုပါဘူး။ ဒါပေမယ့် ကျနော်တို့ တော်တော်စိတ်ဓာတ် ကျသွားပါတယ်” ဟု လွှတ်တော်အတွင်းမှ စစ်တပ်ကိုယ်စားလှယ်တဦးက ပြောကြောင်း Reuters သတင်းဌာနက ရေးသားထားသည်။
ကြံ့ခိုင်ရေးပါတီသည် ၁၉၉၃ ခုနှစ်မှစ၍ ၁၇ နှစ်ကြာ လူမှုရေးအသင်းအမည်ခံကာ စစ်အစိုးရက ထူထောင်ပေးခဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီတွင် ပါတီအဖြစ်သို့ ပြောင်းလဲခဲ့ခြင်းဖြစ်သည်။
၂ဝဝ၃ ခုနှစ် မေလ ၂၇ ရက်နေ့တွင် NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့ဝင်များ စစ်ကိုင်းတိုင်း ဒီပဲယင်းအရပ်၌ တိုက်ခိုက်ခံရပြီး လူ ၇၀ ကျော်သေဆုံးခဲ့သည့် လုပ်ကြံမှုကြီးတွင် အဓိက လက်သည်အဖြစ် ကြံ့ခိုင်ရေးအသင်းက နာမည်ထွက်ခဲ့သော်လည်း ထိုကိစ္စနှင့်ပတ်သက်၍ ပတ်သက်မှုမရှိဟု ဦးဌေးဦးက ငြင်းဆိုသွားသည်။
ထို့အတူ လူထုဆန္ဒပြမှုများကို နှိမ်နင်းရာတွင် ပါဝင်ခဲ့သည့် စွမ်းအားရှင်အဖွဲ့နှင့်လည်း ပတ်သက်မှုမရှိကြောင်း မကြာသေးမီက ဧရာဝတီနှင့်ဆက်သွယ်မေးမြန်းခန်းတွင် ဖြေဆိုခဲ့သည်။

ကျော်ခ (ဧရာဝတီ)
ကြံ့ခိုင်ရေးပါတီ ပြုပြင်ပြောင်းလဲရေး လုပ်မည် ကြံ့ခိုင်ရေးပါတီ ပြုပြင်ပြောင်းလဲရေး လုပ်မည် Reviewed by သစ်ထူးလွင် on 17:16 Rating: 5

10 comments:

Anonymous said...

ပြုပြင်ပြောင်းလဲမယ်ဆိုရင်တော့ စိတ်ဓါတ်က စပြီးပြုပြင်ရမယ် . . လူတစ်ယောက်ရဲ့ စိတ်ဓါတ်က မွေးရာပါ ဗီဇ ကြောင့်ဆိုရင်တော့ ပြုပြင်ဖို့ ခက်လိမ့်မယ် . . ဒါကြောင့် အကောင်းဘက်ကို မြင်တတ်အောင် ကြည့်ပါ . . သိအောင်လုပ်ပါ . . ကောင်းအောင် ပြုပြင်ကြည့်ပါ . . မျှော်လင့်ချက် ဆိုတာ ရှိနိုင်ပါတယ် . . . ပြုပြင်ပြောင်းလဲမယ်ဆိုရင် ၄ နှစ် အချိန်ကျန်နေသေးတယ် . .

myochitnanda said...

ကြံခိုင်ရေးအသင်းကို ပြုပြင်ပြောင်းလဲလိုတယ် ဆိုရင်ဖြင့် သာမန် ပြည်သူတစ်ဦးဖြစ်တဲ့ ကျွန်တော်ရဲ့ အမြင်ကို ခြုံငုံတင်ပြပါ့မယ်... ကြံခိုင်ရေးအသင်းအနေနဲ့  အစ မကောင်းခဲ့တာက အရင်းအမြစ် ဖြစ်ပါလိမ့်မယ်... ပြည်သူလူထု မနှစ်မြို့ ၊ မကြည်ဖြူတဲ့ အာဏာသိမ်း စစ်ခေါင်းဆောင်တွေက (လမ်းစဉ်ပါတီလို) လက်ကိုင်အဖွဲ့ အစည်းတစ်ခုကို လူမှုရေးဗန်းပြ ဖွဲ့ စည်းခဲ့- အဲ့သည်နောက် မျက်နှာပြောင်တိုက်ပြီး နိုင်ငံရေးပါတီတစ်ခုအနေနဲ့  ရပ်တည်ခဲ့တာ အစမကောင်းခဲ့တာ မဟုတ်ပါလား ? မ၀င်မနေရအနေနဲ့  ကျွန်တော်ကိုယ်တိုင် အနေနဲ့  ကို ကြံခိုင်ရေးပါတီဝင်အဖြစ် အခြေအနေအမျိုးမျိုးမှာ ငါးကြိမ်ထက်မနည်း ၀င်ခဲ့ရပါတယ်.. ကျွန်တော့်လို ပြည်သူပြည်သား ဘယ်လောက်များလို့  အဲသည်လူတွေက ပါတီအပေါ် ဘယ်လိုသုံ့ သပ်မယ် ထင်ပါသလဲ ? ပါတီရဲ့  ထိပ်ဆုံးအဆင့် တာဝန်ရှိသူတွေ ကိုယ်တိုင်ကို အတွေးအခေါ်၊ ပညာရေး၊ စာရိတ္တ၊ ဘယ်လောက်များကောင်းနေပါသလဲ ? ပါတီရဲ့  တိုင်းကျိုးပြည်ပြုလုပ်ငန်းတွေဆိုတာကိုရော- ဘယ်ကရတဲ့ ငွေတွေနဲ့  ဘယ်လိုလုပ်နေတာပါလိမ့် ? နိုင်ငံတော်ငွေတွေကို ပါတီစည်းရုံးရေးအတွက်သုံး၊ နိုင်ငံတော်ပိုင်ပစ္စည်းမှန်သမျှကို ပါတီအတွက်သုံး၊ နိုင်ငံရဲ့  အစိုးရတစ်ရပ်အနေနဲ့  မဖြစ်မနေလုပ်ဆောင်ပေးရမယ့် အခြေခံအဆောက်အဦး၊မြို့ ပြဖွံ့ ဖြိုးရေး ကိစ္စတွေမှာတောင် ပါတီနာမည်သုံးနေတော့- ပါတီရဲ့  တာဝန်ရှိသူတွေအနေနဲ့  ပြည်သူတွေကို အထင်သေး-လျော့တွက်တာလားလို့ တောင် တွေးမိတယ်... ပါတီတာဝန်ရှိသူတွေအနေနဲ့  သတိပြုသင့်တာက ခင်ဗျားတို့ အုပ်ချုပ်နေတာ မူကြိုကျောင်းတစ်ခု၊ မူလတန်းကျောင်းတစ်ခု မဟုတ်ဖူးဆိုတာပါ... ပါတီဝင်တွေကို ကြည့်လိုက်ပါဦး- ပါတီထိပ်တန်းတာဝန်ရှိ ပုဂ္ဂိုလ်တွေသာ မသိရှိပါလိမ့်မယ်- အရပ်ထဲ သုံးမရတဲ့ကောင် (ဒါတောင် ကျပ်ပြည့်တဲ့ သူတွေမပါဗျ)အများစုက ကြံခိုင်ရေးထဲ သွားစုနေတာ- တစ်ချို့ ဆို မြို့ နယ်အဆင့်လောက်ကို တာဝန်တွေရှိလို့ .. ခင်ဗျားတို့  အဓိက သတိထားရမှာက ဒေါ်အောင်ဆန်းစုကြည်ကို တိုက်ခိုက်နေလို့ ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ ဝင်တွေကို အပုပ်ချ၊ လုပ်ကြံနေလို့  ခင်ဗျားတို့ ကို လူတွေက လေးစားလိမ့်၊အထင်ကြီးလိမ့်မယ် မထင်နဲ့ - ဒေါ်အောင်ဆန်းစုကြည်မရှိရင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဆိုတာ မရှိရင်တောင် ပြည်သူတွေက တသီးပုဂ္ဂလတွေကို (လွတ်လပ်စွာ ဆန္ဒပြုခွင့်ရှိရင်) မဲတွေပေးဦးမှာ... ဘာဖြစ်လို့ လဲဆိုတော့ ကြံ့ ခိုင်ရေးအနေနဲ့  ပြည်သူလူထုကို လျော့တွက်လို့ ၊ အထင်သေးလို့ ၊ လူပါးဝလို့ ၊ ကိုယ့်ကိုယ်ကို အထင်ကြီးလို့ ၊ လောဘကြီးလို့  ၊ ရိုးသားမှုမရှိလို့ ...စတာတွေပဲ ပြောပါရစေ... ကြံ့ ခိုင်ရေးက မလိမ့်တစ်ပတ်နဲ့  ပါတီဝတ်စုံကို အင်အားအများဆုံး အဖွဲ့ အစည်းဖြစ်တဲ့ ပညာရေးဝတ်စုံနဲ့  ထင်ယောင်မှားလုပ်တာ(သူခိုးက လူလူဟစ်ဆိုသလို ဒီမိုကရေးဖက်တော်သားတွေက အဖြူရောင်တနင်္ဂနွေ လှုပ်ရှားမှုလုပ်တော့ လူအများဝတ်တဲ့ အဖြူရောင်ကို ခုတုံးလုပ်တယ်-ဘာ၊ ညာဆိုပြီး သတင်းစာထဲကကို ဆောင်းပါးနဲ့  အပုပ်ချလိုက်သေးတယ်နော်)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် အပြတ်အသက်အနိုင်ရတော့ လှုပြီးသားရေတွင်းတွေ လိုက်ပိတ်တာ၊ မီးဖြတ်တာ၊ ထရန်စဖော်မာတွေ ပြန်ဖြုတ်တာစတဲ့ မလုပ်ကောင်းတာတွေ လိုက်လုပ်ကြတာတွေကလည်း တကယ်တန်းတော့ တော်တော်လေးကို အောက်တန်းကျတဲ့ အလုပ်တွေဆိုတာ သာမန်ပြည်သူတစ်ယောက်တောင် နားလည်ပါလျက်သားနဲ့  ပြည်သူ့ မေတ္တာခံယူချင်တဲ့ ပါတီထိပ်တန်းခေါင်းဆောင်ကြီးတွေ နားမလည်တာ အံ့သြစရာမဟုတ်ပါလား... မတရားမှုကို မုန်းသူတွေက တရားတဲ့ဖက်ကို လိုက်မှာ သဘာပါ... ပြည်သူ့  အကျိုးကို ရှေးရှုတယ်ဆိုရင်ဖြင့် ရိုးသားပါ၊ စေတနာထားပါ၊ မလိမ့်တစ်ပတ် မလုပ်ပါနဲ့ ၊ ပါတီရဲ့  ရပ်/ကျေးအဆင့်ထိ တာဝန်ရှိသူတွေရဲ့  အရည်အချင်း၊စာရိတ္တတွေကို စိစစ်ပါ၊ ဆန့် ကျင်ဖက် အဖွဲ့ အစည်း- လူပုဂ္ဂိုလ်တွေအပေါ် ကိုယ်ချင်းစာ-စေတနာထား ရိုးသားပါ.... တရုတ်ကို အဖေခေါ် အားကိုးတာတွေရပ်ပြခြင်းဖြင့် ပြည်သူ့ မေတ္တာကို ခံယူနိုင်အောင် ကြိုးစားပါဟုသာ... (စကားချပ်။ ။အသေးစိတ်ပြောရင်ဖြင့် ဒီတစ်ညတော့ အိပ်ရဖို့ မမြင်လို့  ဒီလောက်နဲ့  ရပ်ပါရစေ... ဒါကတော့ သာမန်ပြည်သူတစ်ယောက်ဖြစ်တဲ့ ကျွန်တော့်အမြင်ပါ..)

Anonymous said...

ဆန်ပေးမှ ဆေးရဆိုသလို ပြည်သူကို ဘာပေးမယ်ညာပေးမယ်ဆိုပြီး မဲရရေး ဦးတည်ချက်တစ်ခုတည်းနဲ့ မစည်းရုံးပါနဲ့။ လိုအပ်ချက်တွေကို စာနာစိတ်နဲ့ စိတ်ရင်းအမှန်နဲ့ အကူအညီပေးမယ်ဆိုရင် ပြည်သူ့မေတ္တာကို ရနိုင်ပါတယ်။ နောက် ပါတီမှာ ထင်ထင်ရှားရှားရှိနေတဲ့ ခေါင်းဆောင်ကြီး တွေကို ပြည်သူက ဘယ်လောက် ချစ်သလဲ စစ်တမ်းကောက်ကြည့်ပါ။ အဖြေက အဲဒီမှာ ရှိပါတယ်။

မှူးသခင် ( ငြိမ်း ) said...

myochitnanda ပြောသွားတာတွေဟာ အမှန်တွေပါဘဲ၊ သူပြောသလိုပြောရယင် တစ်ထောင့်တစ်ည ကြာလေမလားဘဲ။ ဒါတွေဟာ ပြည်သူတွေတွေ့ ကြုံနေရတဲ့ထဲက တစ်စိတ်တစ်ပိုင်းမျှသာဖြစ်ပါသေးတယ်။ သာမာန်ပြည်သူထဲက မည်သူ့ ကိုမဆို မေးကြည့်လိုက်ပါ၊ အားလုံးကတစ်ခုတည်း တစ်လေတည်း ဖြေဆိုကြမှာပါ။ ပြည်သူတွေအားလုံးရဲ့ ခံစားချက်တွေ တစ်သံတည်း ဖြစ်နေတာကိုမှ ပြည်ခိုင်ဖြိုးပါတီက မကြားနိုင်သေးဘူး၊ ကြားရက်နဲ့ နားမလည်နိုင်သေးဘူးဆိုယင် စိတ်ဓါတ်တွေ ညံ့ဖျင်းနေတာ ဖေါ်ပြရာရောက်နေပါပြီ၊ အချိန်မှီ ပြင်ဆင်သင့်ကြပါပြီ။ အချိန်မှီလို့ ဆိုထားပါတယ်နော် ။ စဉ်းစားသင့်ကြပါပြီ ။

Ko Thaung said...

ပြည့်သူ့ဆန္ဒမပါပဲ စစ်အစိုးရ အားကိုးနဲ့ ပြည်သူ့လွှတ်တော်အမတ်လုပ်နေတဲ့ကြံခိုင်ရေးအသင်းမှ ကိုယ်စားလှယ်တော်ကြီးများခင်ဗျား ..... ခင်ဗျားတို့က ပြည်သူတွေအတွက် လုပ်ပေးဖို့ မပြောနဲ့ ခင်ဗျားတို့ စစ်အစိုးကို ကျော်ပြီးတော့ လွတ်တော်ထဲမှာ ပြည်သူတွေအတွက် ဘာတွေလုပ်ပေးနိုင်မှာလဲ .... ကွန်ကရစ်လမ်းလေးဖောက်တာလောက်နဲ့တော့ ပြည်သူ့တွေက ကျေနပ်နေမယ်မထင်ပါနဲ့ ..... ခင်ဗျားတို့ကို ယုံစေချင်ရင်တော့ ခင်းဗျားတို့အတွက် ဒီအချိန်ဟာ အကောင်းဆုံးအချိန်ပါပဲ .... ဒီအချိန်မှာ စစ်အစိုးရကို ဂရုမစိုက်ဘဲ ပြည်သူတွေအတွက် စေတနာထားပြီး အကောင်းဆုံးလုပ်ဆောင်ပေးမယ်ဆိုရင် နောက်တစ်ခါရွေးကောက်ပွဲမှာ ခင်ဗျားတို့ မျှော်လင့်ချက်ရှိမှာပါ ....

Htun Lynn Thaw said...

ကို myochitnanda ပြောတာတွေကို Like လုပ်လို့ရရင် သိန်းသန်းချီမျှ Like လုပ်လိုက်ချင်တယ်။ ကြံဖွံ ခေါင်းဆောင်တွေလဲ ခုချိန်ထိတောင် ကိုယ်အားနည်းချက်ကို နားမလည်နိုင်ကျသေးတာ တိုင်းပြည်အတွက် ရင်းလေးစရာဘဲ။ ခေါင်းဆောင်တွေ ဖြစ်ပြီး အာဏာရှင် ဆန်တဲ့ အပြောတွေ အပြုအမူတွေ သူတပါးကို အပုပ်ချတာတွေ မလုပ်သင့်တော့ဘူးလေ။ ပြည်သူတွေကို ခုထိနလပိန်းတုံး တွေလိုသက်မှက်ထားပုံရတယ်။ ပြည်သူသာ အဓိကလို့ ပြောတဲ့ အတိုင်းလုပ်နိုင်မယ်ဆိုရင် ပြည်သူ့ပေးတဲ့ အကြံဥာဏ် ကိုယူနိုင်အောင်း ကြိုးစားကျစမ်းပါ။ ၂၀၁၀ ရွေးကောက်ပွဲဆိုတာ ခင်ဗျားတို့တွေ ကလိန်ကကျစ်လုပ်ပြီး အနိုင်ယူသွားတာပါ။ ဒီ ၂၀၁၀ ရလဒ်ကြောင့် ငါတို့ကို ပြည်သူတွေကကြိုက်လှပါပြီလို ထင်နေတဲ့ အိမ်မက်ထဲကနေ နိုးထသင့်နေပါပြီ။ တရားမျှတတဲ့ ရွေးကောက်ပွဲတွေ လုပ်နေသရွေ့  ခင်ဗျားတို့်တွေရဲ့ အကျင့်တွေ မပြင်နိုင်ရင် ရှုံးနေအုံးမှာပါ။ ပြည်သူတွေရဲ့ စိတ်ထဲမှာ ကြံဖွံဆိုတာ အာဏာရှင် အသင်းကြီးလို့ထင်နေတာ၊ ငါတို့ကို ကောင်းအောင်လုပ်ပေးတာလဲ ခဏပါဘဲလိုမြင်နေတာ၊ အပြင်ဘန်းက ပြည်သူပြည်သူလို့ပြောနေပြီး စိတ်ထဲက မပါပါဘူးလိုယုံကြည်နေတာ၊ ဒီလိုမျိုးယုံကြည်နေတဲ့ စိတ်ကို ပြောင်းလဲလာအေင် ခင်ဗျားတို့ကြိုးစားသင့်ပါပြီ ။ ခုထိပြည်သူကို အပြစ်တင်ချင်တဲ့ လေသံတွေကိုကြားနေရတုံးဘဲ။ နောက်တစ်ခု ခင်ဗျားတို့နားလည်ထားသင့်တာက ပြည်သူတွေအမေစုကို ချစ်တာ ဗိုလ်ချုပ်သမီးဖြစ်တာတစ်ခုတည်းကြောင့်မဟုတ်ဘူးဆိုတာဘဲ။ အမေစုရဲ့ ပြည်သူတွေအပေါ်ထားတဲ့ ချစ်ချင်း မေတ္တာ ကြောင့်။ ပြည်သူတွေယုံကြည်ထားတာက အမေစုဟာ ကိုယ်ကျိုးအတွက်ဘယ်တော့မှမလုပ်ဘူး ဆိုတာဘဲ။ ဒီယုံကြည်ချက်ကြောင့် သူသာလုပ်ခွင့်ရခဲ့ရင် ပြည်သူတွေအတွက်ဘဲ လုပ်လိမ့်မယ်လိုယုံကြည်ကျတာ။ ခင်ဗျားတို့တွေလို ပြည်သူ့အတွက် လုပ်ခွင့်တွေရပြီး မလုပ်ဘဲ ကိုယ်ကျိုးအတွက်လုပ်နေတဲ့ ပါတီမျိုးကို အများစုသော ပြည်သူတွေကတော့ကြိုက်လာမှာ မဟုတ်ဘူး။

သက်မောင် said...

myochitnanda ပြောတာ အမှန်ပါပဲ...
ကိုယ့်ကိုယ်ကို အထင်ကြီး ကိုယ်လုပ်တာ အမှန်ထင်... အခြောက်တိုက် ဘ၀င်မြင့်နေတဲ့ ခေါင်းဆောင်တွေက အမှန်ဘယ်မြင်နိုင်မတုန်းဗျာ... အမှန်မမြင်သရွေ့ အမှန်ကိုဘယ်လုပ်နိုင်မလဲ.... အမှန်ကို ရိုးရိုးသားသားမလုပ်ကိုင်သရွေ့ ပြည်သူက ငြင်းပယ်နေဦးမှာပါပဲ.. အဲဒီလိုခေါင်းဆောင်တွေအောက်မှာ နောက်လိုက်အဖွဲ့ဝင်ဖြစ်လာသူတွေကလဲ...ကိုယ်ကျိုးစီးပွားအတွက် တရားသည်ဖြစ်စေ မတရားသည်ဖြစ်စေ. ဥပဒေနှင့်မလွတ်ကင်းသည်ဖြစ်စေ ဂရုမစိုက်ပဲ လောဘဇောဖြင့် ဥပဒေနှင့်မလွတ်ကင်းသော ချဲ၊ နှစ်လုံး၊ ဘောလုံး လောင်းကစားဒိုင်များ၊ သစ်မှောင်ခို၊ လောင်စာဆီမှောင်ခိုလုပ်ငန်းလုပ်ကိုင်နေသူများ၊ အခြေခံအကျဆုံးရပ်ကွက်ကျေးရွာများတွင် အလုပ်အကိုင်မယ်မယ်ရရမရှိပဲ ယောက်ခြောက်ဆယ်သမားများ အများစုဖြစ်နေကြပြန်ပါတယ်... ဒီတော့ ဒါတွေ အများအမြင်မှာ ကြည်ညိုချင်စရာ လေးစားချင်စရာတွေ ဖြစ်မလာပဲ ပြည်သူ့ချဉ်ဖတ်... ပြည်သူ့အော့ကြောလံ... ပြည်သူလက်ညှိုးထိုး အပြစ်တင်ဖွယ်ရာ ထပ်ခါထပ်ခါ ဖြစ်လာခြင်းဖြစ်ပါတယ်.. ဒါကြောင့် ဒါတွေကို မဆလ လက်ထက်က ပါတီသန့်စင်ရေးလုပ်သလိုမျိုး လုပ်ရမှာဖြစ်ပါတယ်... ဒီလိုမလုပ်သေးသရွေ့ ပြည်သူ့မေတ္တာရမှာမဟုတ်ဘဲ ပြည်သူ့ တံတွေးခွက် ပက်လက်ဆက်မျောရုံပဲ ရှိပါတော့မယ်.....

kokomaung said...

ရှက်တက်ရင် ဆင်းသွားလို.ရပြီ။

KoTOE said...

ပင်မအဖွဲ့ အစည်းရဲ့ သန္ဒေမမှန်မှု
ခေါင်းဆောင်လုပ်သူများရဲ့ အာဏာအလွဲသုံးကိုယ်ကျိုးရှာမှု
တိုင်းပြည့်ဘဏ္ဏာ...မလိမ့်တပတ်လိမ်ယူသုံးဆွဲမှု
ရွေးကောက်ပွဲများမှာသိက္ခာမဲ့လိမ်လည်အနိုင်ယူမှု...တွေကြောင့်
ပြည်သူများရဲ့ ...ယုံကြည်ကိုးစားမှု (THRUST) လုံးဝ (လုံးဝ)ပျက်သုံးခဲ့ပါပြီ၊
စီးပွားရေး၊လူမှုရေး၊နိုင်ငံရေး...နောက်ဆုံးမိသားစုတစုမှာတောင်...
ယုံကြည်မှုပျက်ခဲ့ရင်...မူလအတိုင်းပြန်းရဖို့ ခဲယဉ်းသွားပါပြီ။
မိမိယုံကြည်မှုမရှိတဲ့...လူပုဂ္ဂိုလ်...အဖွဲ့ အစည်းကို
ဘယ်သူက...မိမိကိုယ်ကို...အုပ်ချုပ်ဖို့ ရွေးချယ်မှာလဲ....
အကောင်းဆုံးအကြံပြုရရင်.......
ကိုယ်ဘာသာရထားတာနဲ့ အေးအေးဆေးဆေးနေပြီးတစ်ခြားကြိုက်တာလုပ်ကြပါလား
တိုင်းပြည်ကိုထပ်ပြီးမဖျက်ကြပါနဲ့ တော့
ရှယ်ရာမခွဲချင်ပါနဲ့ တော့.....
ကြေနပ်ပါတော့...နားတော့......ငြောင်း..ငြောင်းတော့။ (စိတ်ညစ်ပါ့)

မှတ်ချက်။ ။ ကိုသစ်ထူးလွင်...ခင်ဗျားပယ်တာများပြီနော်၊ဒီကမရိုက်တတ်ရိုက်တတ်နဲ့ ...အရမ်းကိုပင်ပန်းပါတယ်...ရင်ထဲမှာခံစားရလွန်းလို့ သာ....

maung said...

ဒေါ်အောင်ဆန်းစုကြည် နဲ့ NLD ပါတီတွေရဲ့ လူထု အကျိုးပြု လုပ်ငန်းတွေ လုပ်ဆောင်တာ မတွေ့ရသေးဘူးလို့ ဆိုရအောင် ခင်ဗျားတို့ရဲ့ ပြည်သူ့ချဉ်ဖတ် ပါတီကဘဲ နေရာတကာပါ နေရာတကာမှာ ဆရာကြီးလုပ်နေကြတော့ NLD ပါတီက ဘယ်လိုလုပ်ပြီး လူထုအကျိုးပြု လုပ်ငန်းတွေကို လုပ်ကိုင်နိုင်မလဲ ပြည်သူ့ ချဉ်ဖတ် ပါတီ အထွေထွေ အတွင်းရေးမှူး ကြီးရဲ့ ???

Powered by Blogger.