သင်္ကြန်ရေပက်ရာတွင် မီးသတ်ပိုက်များကို စစ်ဆေးအရေးယူသွားမည်

ယခုနှစ် မန္တလေးမဟာသင်္ကြန်တွင် ကျုံးပတ်လည်၌ ရေကစားမည့် မဏ္ဍပ်များနှင့် ရေစုပ်စက် အသေးစားများဖြင့် ရေကစားမည့် နေရာများတွင် မီးသတ်ပိုက်များဖြင့် ရေပက်မှုများကို စစ်ဆေးသွားမည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီရေနှင့် သန့်ရှင်းရေးဌာနမှ ဌာနမှူး ဦးတင့်လွင်က ပြောကြားသည်။ “အဓိကကတော့ ရေပက်တဲ့နေရာမှာ အန္တရာယ်မဖြစ်အောင်လို့ပါ။ ကျုံးအနောက်ဘက်မှာ ရေစုပ်စက် အသေးလေးတွေနဲ့ မီးသတ်ပိုက်တွေနဲ့ ပက်တာ များတယ်။ ဒီနှစ်မှာ အဲဒီအသေးစား ရေစုပ်စက်တွေ လျှောက်လွှာတင်တဲ့နေရာမှာလည်း စည်းကမ်းချက်တွေ သတ်မှတ်ထားပါတယ်။ မီးသတ်ပိုက်နဲ့ ရေပက်တာကို ခွင့်မပြုပါဘူး” ဟု ဌာနမှူးက ဆက်လက်ပြောသည်။ ယခုနှစ်တွင် အသေးစား ရေစုပ်စက် သုံးမည့်သူများအတွက် ရေစုပ်စက်တစ်လုံးကျပ် ၅၀,၀၀၀ ပေးဆောင်ရမည်ဖြစ်ကြောင်း သိရသည်။ ပြီးခဲ့သော နှစ်သင်္ကြန်၌ ရေစုပ်စက်အသေးစားများလျှောက်ထားမှုမှာ ကျုံးအရှေ့ဘက်တွင် သုံးဦး၊ ကျုံးအနောက်ဘက်တွင် ၁၀၄ ဦး၊ ကျုံးမြောက်ဘက်တွင် ၃၀ ဦးနှင့် မြို့တွင်းတွင် တစ်ဦးရှိခဲ့ပြီး စုစုပေါင်း ၁၃၈ ဦးလျှောက်ထားကာ ရေကစားခဲ့သည်။ ပြီးခဲ့သော မတ်လဆန်း၌ ကျုံးရေနည်းသွားသော်လည်း ၂၈ ရက် တိုင်းတာချက်အရ ကျုံးရေအမှတ်မှာ ၈ ဒသမ ၅ အထိ ပြန်မြင့်တက်လာကြောင်း သိရသည်။ ပြီးခဲ့သောနှစ် သင်္ကြန်အကြိုနေ့တွင် ကျုံးရေအမှတ် ၈ ဒသမ ၄ ရှိခဲ့သည်။ ၂၀၁၁ ခုနှစ် သင်္ကြန်လေးရက်အတွင်း ကျုံးရေ အသုံးပြုမှုမှာ ၅၂ ဒသမ ၅ သန်းထိ ရှိခဲ့ကြောင်း ၂၀၁၂ ခုနှစ် ဧပြီ ၆ ရက်နေ့ထုတ် မြန်မာတိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။
သင်္ကြန်ရေပက်ရာတွင် မီးသတ်ပိုက်များကို စစ်ဆေးအရေးယူသွားမည် သင်္ကြန်ရေပက်ရာတွင် မီးသတ်ပိုက်များကို စစ်ဆေးအရေးယူသွားမည် Reviewed by သစ်ထူးလွင် on 15:31 Rating: 5

3 comments:

Anonymous said...

ကောင်းပါတယ်။နှစ်သစ်မှာပျော်ရွင်မှု
အတိပဲလိုချင်ပါတယ်။စိတ်ညစ်စရာတွေ
ဘယ်သူ့ကိုမှမကြုံဆုံစေချင်ပါ။
အေးချမ်းစွာရေကစားတာကိုဖြစ်ပေါ်ဖို့
မီးသတ်ပိုက်နဲ့ပက်ခြင်းကိုထိထိရောက်ရောက်
အရေးယူပေးပါလို့ထောက်ခံပါတယ်။
တဦးတယောက်ထိခိုက်နာကျင်မှုကိုမဖြစ်ပေါ်အောင်
ရန်ဖြစ်လို့စရိုက်တဲ့သူကိုထောင်ဒဏ်၃နှစ်ပါ
အပြစ်ပေးမယ်ဆိုရင်စိတ်ရှည်သီးခံပြီး
ပျော်ရွင်တဲ့သင်္ကြန်ဖြစ်လာမှာကိုမျော်လင့်တယ်။
တချို့သောမိဘများဟာအပြင်ထွက်လို့
ပြသာနာတက်မူးပြီးရမ်းကားမှုတွေဖြစ်မှာစိုးတာရယ်
ဗုံးဖေါက်တဲ့မကောင်းတဲ့အကြံစည်တွေကိုစိုးရိမ်တာကြောင့်
သင်္ကြန်မှာအပြည့်ဝမပျော်ရပါဘူး။
အဲ့ဒီအန္တရာယ်မှကင်းဝေးအောင်
ဥပဒေတွေမြန်မာ့အသံကလွင့်ပြီးထိထိရောက်ေ၇ာက်
အေ၇းယူပေးပါ။

seinn said...

ရန်ကုန်မှာလည်း အဲဒီလို မီးသတ်ပိုက်နဲ့ ရေပက်တာကို ခွင့်မပြုရင် သိပ်ကောင်းမယ်။ လူကို ရေပက်တာဘဲ။ မီးကို ငြှိမ်းသတ်တာမှ မဟုတ်တာ။ မီးသတ်ပိုက်နဲ့သာ အပက်ခံရင် ရေအားကပြင်းတော့ လူတွေဆို တစ်ကိုယ်လုံးကို အောင့်သွားတာဘဲ။ ပက်တဲ့သူတွေကလည်း ကိုယ်ပျော်ဖို့အတွက်ဘဲမကြည့်ဘဲ တစ်ဘက်သား နာကျင်မှုရှိ၊မရှိ ကိုယ်ချင်းစာစိတ်နဲ့ တွေးပေးရင် နှစ်ဦးနှစ်ဖက်အတွက် ပျော်စရာကောင်းတဲ့ သင်္ကြန်ပွဲလေးဖြစ်မှာပါ။

National said...

ယခုနှစ် မန္တလေးမဟာသင်္ကြန်တွင် ကျုံးပတ်လည်၌ ရေကစားမည့် မဏ္ဍပ်များနှင့် ရေစုပ်စက် အသေးစားများဖြင့် ရေကစားမည့် နေရာများတွင် မီးသတ်ပိုက်များဖြင့် ရေပက်မှုများကို စစ်ဆေးသွားမည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီရေနှင့် သန့်ရှင်းရေးဌာနမှ ဌာနမှူး ဦးတင့်လွင်က ပြောကြားသည်။
စစ်ဆေးပြီးရင်ဘာဆက်လုပ်မလဲ၊ ပက်နေတဲ့သူကို အရေးယူမှာလား၊ မဏ္ဍပ်ရှင်ကို အရေးယူမှာလား၊ သတိပေးရုံဘဲလား၊

Powered by Blogger.