အီးယူက ဒဏ်ခတ်ပိတ်ဆို့မှုအားလုံးကို ရုပ်သိမ်းဦးမည်မဟုတ်

သမ္မတဦးသိန်းစိန်နှင့် မစ္စတာ ဒေးဗစ်ကင်မရွန်း နေပြည်တော်တွင် တွေ့ဆုံစဉ် (ဓာတ်ပုံ - ရိုက်တာ)
ဥရောပသမဂ္ဂ အီးယူက မြန်မာပြည်ကို ဒဏ်ခတ်ပိတ်ဆို့မှုအားလုံးကို တချိန်တည်းနဲ့ ရုပ်သိမ်းဦးမှမဟုတ်ဘူးလို့ ဗြိတိသျှဝန်ကြီးချုပ်ရုံးရဲ့ သတင်းအရင်းအမြစ်ကို ကိုးကားပြီး ရိုက်တာသတင်းက ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ မြန်မာနိုင်ငံမှာ ဒီနေ့ သမတ ဦးသိန်းစိန်နဲ့ တွေ့တဲ့အခါ၊ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့တဲ့အခါမှာ ရှင်းရှင်းလင်းလင်းပြောဖို့ ရှိတယ်လို့ ဆိုပါတယ်။

နိုင်ငံပေါင်း ၂၇ နိုင်ငံ ပါဝင်တဲ့ ဥရောပသမဂ္ဂက ဒီလ ၂၃ ရက်နေ့ကျရင် မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ပြန်လည်သုံးသပ်ဖို့ရှိပြီး လက်ရှိ မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲမှုတွေကို အသိအမှတ်ပြုတာနဲ့ ခြေလှမ်းကျွံပြီး နောက်ပြန်ဆုတ်ဖို့ ခက်တဲ့အခြေအနေမျိုး မရောက်အောင် ထိန်းညှိသွားဖို့ရှိတယ်လို့ ဗြိတိသျှဝန်ကြီးချုပ်ရုံးက သတင်းအရင်းအမြစ်က ပြောတာကို သတင်းမှာ ဖော်ပြထားပါတယ်။

အီးယူရဲ့ ခေါင်းဆောင်တဦးဖြစ်တဲ့ ဗြိတိသျှဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းကလည်း မြန်မာပြည်ကို မရောက်ခင် မလေးရှားမှာ မြန်မာပြည်က တိုးတက်မှုတွေနဲ့ သမ္မတဦးသိန်းစိန်ရဲ့ လုပ်ဆောင်ချက်တွေကို ချီးကျူးစကား ဆိုခဲ့ပါတယ်။

“မြန်မာပြည်မှာ အပြောင်းအလဲတွေအပေါ်မှာ သတိထားဖို့၊ မေးခွန်းတွေ ဆက်ထုတ်နေဖို့ လိုအပ်သလိုပဲ အခုလို အလင်းရောင်တွေ မြင်နေရပြီး ဒီမိုကရေစီနဲ့ လွတ်လပ်မှုတွေ ပွင့်လင်းလာဖို့ မျှော်လင့်ရတဲ့ အပြောင်းအလဲ စတင်နေတဲ့အခြေအနေမှာ နောက်ကနေ အားပေးဖို့လည်း လိုအပ်တယ်။”

ဒေးဗစ်ကင်မရွန်းဟာ မြန်မာနိုင်ငံမှာ ၁၉၆၂ ခုနှစ် စစ်တပ်က အာဏာသိမ်းလိုက်တဲ့အချိန်ကစလို့ ပထမဆုံး မြန်မာနိုင်ငံကို ရောက်လာတဲ့ အီးယူနိုင်ငံတွေထဲက နိုင်ငံ့ခေါင်းဆောင်ဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးတင်ဦးကလည်း အီးယူအနေနဲ့ အခြေအနေကို စောင့်ကြည့်ဖို့ လိုသေးတယ်လို့ ပြောပါတယ်။

“မြန်မြန်ဆန်ဆန် အီးယူတို့ဘာတို့က လျှော့လိုက်တယ်ဆိုတာမျိုးက မဖြစ်သင့်သေးဘူး။ အချိန်စောသေးတယ်။ တိုးတက်မှုကို ဆက်ကြည့်ဦးပေါ့။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အရွေးခံရတာနဲ့တင် မဟုတ်သေးဘူး။ ဒေါ်အောင်ဆန်းစုကြည် ပြောတာက သမ္မတကြီးနဲ့လုပ်ရတာ ကောင်းတယ်။ အခုက အစိုးရအဖွဲ့အစည်းထဲ ရောက်သွားပြီ၊ လွှတ်တော်ထဲရောက်သွားပြီ၊ နောက် ဘယ်လိုအခြေအနေ ရှိမလဲဆိုတာ စောင့်ကြည်ရဦးမှာပေါ့။ အဲဒါကြောင့် ခုအချိန်အခါ လုပ်ဖို့ကိုင်ဖို့ဆိုတာတော့ သူတို့ဘက်က ပေးတဲ့အတိုင်းအတာတွေကတော့ တိုးတက်မှုရှိတာတော့ အမှန်ပဲ။ အရင်နဲ့စာရင် တိုးတက်တယ်။ အဲဒီအပေါ်မှာသာ စဉ်းစားရင် စဉ်းစားပေါ့။ သို့သော်လည်း စီးပွားရေး ပိတ်ဆို့မှုနဲ့ ပတ်သက်တာအားလုံးကို အလျင်စလို လျှော့ပေးမယ်ဆိုရင်တော့ သူတို့ဘက်က အများကြီး ချိန်ဖို့ကောင်းသေးတယ်။ အရမ်းကြီးလုပ်ဖို့ မသင့်သေးဘူး။”

တိုင်းရင်းသားဒေသတွေမှာ စစ်တွေ မရပ်သေးတာ၊ တရားဥပဒေ စိုးမိုးရေးအပိုင်းမှာလည်း တိုးတက်မှုတွေ မရှိသေးတာကို ဦးတင်ဦးက ထောက်ပြပါတယ်။

အီးယူဟာ ဖေဖော်ဝါရီလကတုန်းကတော့ သမ္မတဦးသိန်းစိန်အပါအ၀င် အစိုးရအရာရှိ ၈၇ ဦးရဲ့ ခရီးသွားလာခွင့် ပိတ်ပင်ထားတာတွေကို ရုပ်သိမ်းပေးခဲ့ပြီး လက်နက်မတင်ပို့ရေး၊ ကျောက်မျက်နဲ့ လူပေါင်း ၅၀၀ နီးပါးရဲ့ ပိုင်ဆိုင်မှုတွေကို ချိပ်ပိတ်ထားတာကတော့ ဆက်ရှိနေပါတယ်။

ဒီဗွီဘီ
အီးယူက ဒဏ်ခတ်ပိတ်ဆို့မှုအားလုံးကို ရုပ်သိမ်းဦးမည်မဟုတ် အီးယူက ဒဏ်ခတ်ပိတ်ဆို့မှုအားလုံးကို ရုပ်သိမ်းဦးမည်မဟုတ် Reviewed by သစ်ထူးလွင် on 17:45 Rating: 5

4 comments:

Anonymous said...

ဦးသိန်းစိန်မှာfull power မရှိသေးတာသေချာတယ်။
ဒီမိုကရေစီဇာတ်ကောင်ကို၂မျိုးနေ၇ာချထားတယ်လို့
ယူဆမိတယ်။တယောက်ကမင်းသား(ဦးသိန်းစိန်)
ကျန်တယောက်ကဘီလူး(တင်အောင်မြင့်ဦး)
လိုချင်တာရရင်ဖြစ်ဖြစ်
လိုချင်တာမရရင်ဖြစ်ဖြစ်
အာဏာသိမ်းပွဲကျင်းပပြီးဇာတ်မသိမ်းနိုင်အောင်
အကုန်မဖွင့်ပေးပါနဲ့အုံး။
ကျမတို့ပြည်သူတွေလည်းစောင့်စားလက်စနဲ့
မလိုတော့တဲ့အချိန်လေးကိုသေချာအောင်
အောင့်အီးပြီးစောင့်နေပါ့မယ်။
မြန့်မာ့တပ်မတော်ကြီးကိုစတင်တည်ထောင်ပေးသူက
တယောက်ဆက်လက်ထိန်းကျောင်းသွားသူနေ၀င်းက
အာဏာသိမ်းနည်းတခုနဲ့အကြမ်းဖက်ဝါဒကိုပဲ
စစ်တက္ကသိုလ်မှာသင်ကြားပေးပုံရတယ်။
အစဉ်အလာနဲ့အာဏာပဲသိမ်းချင်နေကြတာ
တိုင်းပြည်ဘယ်လောက်ထိခိုက်ပွန်းပဲ့သလဲ
ခုချိန်ထိသဘောမပေါက်နိုင်ကြဘူး။
တကယ်ပညာတက်ရင်ဒီအချိန်မှာအမေစုနဲ့အပြေလည်ဆုံး
မြန်မြန်ဆန်ဆန်လုပ်ဆောင်ရမဲ့အချိန်ကာလ။
အပျော့ဆွဲပြီးတခုချင်းလေးလေးအီအိဖြစ်အောင်
နိုင်ငံရေးကိုကစားနေသလိုပဲလို့ထင်မိတယ်။

Anonymous said...

အဲလိုပဲ ကောင်းပါတယ် . . ဒီမိုကရေစီနိုင်ငံ အဖြစ်သို့ လုံးဝ ရောက်သွားခဲ့ပြီလို့  သေချာမှပဲ အားလုံး ရုတ်သိမ်းတာကောင်းပါတယ်

Bravo said...

ပြုပြင်ပြောင်းလဲမှုတွေကတော့ သတင်းစာပေါ်မှာ တော်တော်ကြီးကိုခရီးရောက်နေပေမဲ့ လက်တွေ့မှာတော့ အောက်ခြေအရာရှိငယ်များက သခင့်အကြိုက်လိုက်ပြီး သခင့်အတွက် လုပ်ဆောင်ပေးနေဆဲပါ။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်က အလျင်စလို မဆုံးဖြတ်ဖို့ပြောတာဖြစ်မှာ။ သမတကြီးတယောက်ထဲနဲ့တော့ ဒီမိုကရေစီဖေါ်ဆောင်လို့မရဘူး။ ဝန်ကြီး၊ ဝန်လေးတွေကိုကြိုးစားပြီးတွဲခေါ်ကြည့်ပါ။ မရရင်တော့ လက်တွဲဖြုတ်ဖို့ရဲရဲကြီးဆုံးဖြတ်ပါလို့ သမတကြီးကို အကြံပြုပါရစေ။

Family Board said...

ဒီမိုကရေစီလမ်းကြောင်းပေါ်လျောက်နေတဲ့ သမ္မတ ဦးသိန်းစိန်ရဲ့ ၀တ်စားဆင်ယင်မူ့ က ဌာန်ကရိုင်းမကျသေးပါဘူး

Powered by Blogger.