အာရှဖွံ့ဖြိုးရေးဘဏ် မြန်မာကို တိုက်ရိုက်ငွေကြေးအကူအညီပြန်ပေးဖို့ ပြင်

မနီလာအခြေစိုက် အာရှဖွံ့ဖြိုးရေးဘဏ်(အေဒီဘီ) ဟာ ဆယ်စုနှစ် ၂ ခုကျော်လောက် မြန်မာနိုင်ငံကို ငွေကြေးအကူအညီ မပေးဘဲ ရပ်ဆိုင်းထားရာကနေ ဖွံ့ဖြိုးရေး စီမံကိန်းတွေမှာ တိုက်ရိုက်ငွေကြေးကူညီပေးဖို့ ပြင်ဆင်နေတယ်လို့ ထုတ်ဖော် ပြောကြား လိုက်ပါတယ်။
အေဒီဘီဘဏ်ရဲ့အကြီးအကဲတဦးက ဘလွန်းဘဂ် စီးပွားရေး သတင်းဌာနနဲ့ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့က အေဒီဘီဌာနချုပ်ရုံးခန်းမှာ တွေ့ဆုံမေးမြန်းရာမှာ ပြောကြားခဲ့တာပါ။
အေဒီဘီ ဦးဆောင်ညွှန်ကြားရေးမှူး ရာဂျတ်နဂ်က အေဒီဘီအနေဖြင့် မြန်မာနိုင်ငံနဲ့  ပြန်လည်ဆက်ဆံဖို့ အသေအချာ တိုးမြှင့် ဆောင်ရွက်နေပါတယ်။ မြန်မာနိုင်ငံကို ကိုယ်စားလှယ်အဖွဲ့စေလွှတ်ပြီး လေ့လာစူးစမ်းမှုတွေ စတင် လုပ်ဆောင်ခဲ့ပြီးပါပြီ။
မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် ဧရာမ စိန်ခေါ်မှုတွေ ရှိနေပါတယ်။ အခြေခံ အဆောက်အဦတွေ တည်ဆောက်ရေးနဲ့ လူမှုရေးကဏ္ဍတွေမှာပါ အထောက်အပံ့တွေနဲ့ စွမ်းဆောင်ရည် မြှင့်တင်ပေးဖို့ အတော်လေး လိုအပ်နေပါတယ်လို့ ပြောပါတယ်။
အေဒီဘီအနေနဲ့ မြန်မာနိုင်ငံမှာ ဖွံ့ဖြိုးရေးစီမံကိန်းတွေ တရားဝင် စတင်လုပ်ဆောင်နိုင်ဖို့  ဘဏ်ရဲ့ အစုရှယ်ယာဝင်တွေဆီက ထောက်ခံမှုရဖို့ ကြိုးစားနေတဲ့အကြောင်းနဲ့  မြန်မာနိုင်ငံကို ကူညီဖို့ ကုလသမဂ္ဂနဲ့  ကမ္ဘာ့ဘဏ်လို အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။
မြန်မာနိုင်ငံမှာ အာဏာရှင်စနစ်ကနေ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုတွေ ဖြစ်ထွန်းတဲ့အပေါ် ကမ္ဘာ့ဘဏ် အပါအ၀င် နိုင်ငံတကာ အသိုင်းအ၀ိုင်းက ဆယ်စုနှစ်တွေနဲ့ချီ ရပ်ဆိုင်းထားတဲ့ အကူအညီတွေ ပြန်ပေးဖို့  ပြင်ဆင်နေချိန်မှာ ခုလို အာရှဖွံ့ဖြိုးရေးဘဏ်ကလည်း ကူညီဖို့ ဖြစ်လာတာပါ။
နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (အိုင်အမ်အက်ဖ်)ကလည်း မြန်မာနိုင်ငံဟာ အာရှရဲ့ စီးပွားရေးနယ်ပယ်သစ် ဖြစ်လာနိုင်တယ်လို့ ထုတ်ဖော် ပြောကြားထားပါတယ်။ ကမ္ဘာ့ဘဏ်ကတော့ မြန်မာနိုင်ငံနဲ့ ပြန်လည် ဆက်သွယ် ဆောင်ရွက်မှုတွေ စတင် လုပ်ဆောင်တော့မယ်လို့ မကြာသေးခင်ကမှ ကြေညာထားပါတယ်။ ချေးငွေသစ်တွေ ချပေးဖို့ကိုတော့ ကြွေးဟောင်းတွေ ပြန်ဆပ်ပြီးမှ ပေးမယ်လို့ ပြောကြားထားပါတယ်။
အာရှဖွံ့ဖြိုးရေးဘဏ်ကို ၁၉၆၆ ခုနှစ် ကတည်းက စတင်ထူထောင်ထားတာ ဖြစ်ပြီး အာရှနိုင်ငံတွေရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ကူညီပံ့ပိုးပေးဖို့ တည်ထောင်ထားတာပါ။ အာရှနဲ့ပစိဖိတ်ဒေသက ၄၈ နိုင်ငံနဲ့ အပြင်ဘက်က ၁၉ နိုင်ငံ စုစုပေါင်း အဖွဲ့ဝင်နိုင်ငံ  ၆၇ နိုင်ငံ ရှိပါတယ်။ ဘဏ်ရဲ့ ရှယ်ယာအများစုကို အမေရိကန်နဲ့ ဂျပန်တို့က ပိုင်ဆိုင်တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံကတော့ ၁၉၇၃ ခုနှစ်က အေဒီဘီ အဖွဲ့ဝင်နိုင်ငံ ဖြစ်လာခဲ့ပြီး  ၁၉၈၆-၈၇ ခုနှစ်တွေတုန်းကတော့ မြန်မာကို ချေးငွေနဲ့နည်းပညာ အကူအညီတွေ ပေးခဲ့ဖူးပါတယ်။ မြန်မာစစ်တပ်က အရပ်သားတွေကို ပစ်ခတ်နှိမ်နင်းမှုတွေ ပြုလုပ်ခဲ့တဲ့ ၈၈ အရေးအခင်း နောက်ပိုင်းမှာတော့ မြန်မာကို တိုက်ရိုက် ငွေကြေး ကူညီထောက်ပံ့မှုတွေ မပေးတော့ဘဲ ရပ်ဆိုင်းထားတာ ဖြစ်ပါတယ်။ 
ဒီဗွီဘီ
အာရှဖွံ့ဖြိုးရေးဘဏ် မြန်မာကို တိုက်ရိုက်ငွေကြေးအကူအညီပြန်ပေးဖို့ ပြင် အာရှဖွံ့ဖြိုးရေးဘဏ် မြန်မာကို တိုက်ရိုက်ငွေကြေးအကူအညီပြန်ပေးဖို့ ပြင် Reviewed by သစ်ထူးလွင် on 15:32 Rating: 5

4 comments:

san san said...

တကယ်လို့အာရှဖွံ့ဖြိုးရေးဘဏ်အကူအညီတွေ၇လာရင် ထိုင်းနိုင်ငံလို စိုက်ပျိုးရေးနဲ့ပက်သတ်တဲ့ စီမံကိန်းတွေမှာ အများဆုံးထည့်ဝင်သင့်တယ်။ဥပမာ research တွေလိုမျိုးပေါ့။အခြေခံ စိုက်ပျိုးရေး တိုးတက်ရင် တိုင်းပြည်လုံးပို မြန်ဆန်စွာတိုးတက်မှာအမှန်ဘဲ။

AyeeSett said...

ပေးလို့ထူးလာမှာလားဗျာ ....စဉ်းစားကြပါဦး

Chit San Maung said...

တိုင်းပြည်အတွက် အမှန်တကယ်လိုအပ်တဲ့ စီမံကိန်းတွေမှာ ထိထိရောက်ရောက် ကူညီပေးနိုင်ရင် ကောင်းပါတယ်..။
အလကားပေးတာမဟုတ်ဘဲ ကြွေးဖြစ်တဲ့အတွက် ပြန်ဆပ်ဖို့ကိုပါ စဉ်းစားစီစဉ်ထားသင့်ပါတယ်..။ အဲဒီငွေကြေးအကူအညီအပေါ် အကျင့်ပျက်ချစားမှုတွေ၊ တလွဲစီမံခန့်ခွဲမှုတွေကို ကာကွယ်တားဆီးနိုင်မှ တိုင်းပြည်အတွက် အကျိုးရှိပါလိမ့်မယ်..။

Mg Khwe said...

လိုအပ်တဲ့ လူထု လက်ထဲကို အမှန်တကယ် ထည့်နိုင်တဲ့ စနစ် နဲ့ လူထုလက် ထဲရောက်နိုင်ပါမှ။ မဟုတ်ရင် ဟိုလူတွေ ခုတ်စားတာနဲ့ လောက်တောင် လောက်မှာ မဟုတ်ဘူး။

Powered by Blogger.