'မြတ်ဆုမွန်' သီချင်းကိုဖျက်ဆီးပြီး မသီဆိုဖို့ မန္တလေးသိန်းဇော်မေတ္တာရပ်ခံပြီးနောက် လူရွှင်တော် ဖိုက်စတားအဖွဲ့မှ တောင်းပန်

'မြတ်ဆုမွန်'လို့ အမည်ပေးထားတဲ့ ဓမ္မတေးကို ညစ်ညမ်းစကားလုံးတွေ အစားထိုးပြီး လူရွှင်တော်ဖိုက်စတားအဖွဲ့က ဖျော်ဖြေ တင်ဆက်တဲ့အပေါ် အဲဒီတေးသီချင်းကို သီဆိုသူ မန္တလေး သိန်းဇော်က ဘာသာသာသနာနဲ့ ပတ်သက်ပြီး သီကုံးစပ်ဆိုထားတဲ့ သီချင်းကို ပေါ့ပေါ့တန်တန် သဘောထားပြီး မထီမဲ့မြင်မလုပ်ကြဖို့ မေတ္တာရပ်ခံ ပြောကြားလိုက်ပါတယ်။
"အပြစ်တင်တာ မဟုတ်ပါဘူး။ အပြစ် မဖြစ်စေချင်တဲ့အတွက် ဘ၀တူချင်းကို ဖေးကူတဲ့စကားများနဲ့ ပြောကြားခြင်းဖြစ်ပါတယ်။ သဘင်အနုပညာလုပ်နေကြတဲ့ လူငယ်တွေ ဆောင်ရန် ရှောင်ရန်ဆိုတဲ့ အချက်လေးတွေကို သိစေချင်တယ်"လို့ ဇန်န၀ါရီလတွင်းက ကျင်းပခဲ့တဲ့ အဇဋာအနုပညာနဲ့ မီဒီယာတွေ့ဆုံပွဲမှာ မန္တလေးသိန်းဇော်က ပြောခဲ့ပါတယ်။
"ဗုဒ္ဓပူဇနိယနဲ့ပတ်သက်ပြီး သဘင် အနုပညာလောကမှာ ဖျော်ဖြေရေး အတွက်ဆောင်ရွက်ကြရင်းနဲ့ ကိုးကွယ်ရာ၊ အားထားရာတွေမှာ ပေါ့ပေါ့ဆဆ မှားမှားယွင်းယွင်းလေးတွေ ရှိတာတွေ့ရတယ်။ စမြောင်ကပ်တဲ့အခါ တော်ရုံ ရယ်ကြရတဲ့သဘောမဟုတ်ဘဲ (မရိုသေ့ စကား) ခါးအောက်ပိုင်းစာသားတွေကို ဓမ္မတေးမှာ အစားထိုးသီဆိုလာကြတယ်" လို့ သူက ပြောပါတယ်။
မြတ်ဆုမွန်သီချင်း ဖြစ်ပေါ်လာပုံကိုလည်း ကျိုက်ထီးဆောင်းဆရာတော်ကြီးဟာ သာသနာငါးထောင် ခိုင်မြဲစေဖို့ ရည်ရွယ်ချက်နဲ့ အဓိဋ္ဌာန်ပြုရေးသားကာ ရဟန်းသံဃာ၊ သီလရှင်တွေနဲ့ ယောဂီတွေ ရွတ်ဖတ်ပူဇော်ကြတဲ့ တရားစာဖြစ်တယ်လို့ ရှင်းပြပါတယ်။
ဆရာတော်ရဲ့ ဒါယကာတွေက ဂီတလုလင်ဆရာ ဦးကိုကိုဆီ သီချင်းအဖြစ်ပူဇော်ဖို့ အကူအညီတောင်းရာက ဆရာဦးကိုကို သီဆို ပူဇော်ခဲ့တဲ့ သီချင်းဖြစ်ပြီး နောက်ပိုင်းမှာ မန္တလေးသိန်းဇော် ဘုရားပွဲသွားကရင်း ဆရာတော်ကြီးက အဲဒီသီချင်းကို သူ့ကိုချီးမြှင့်ခဲ့ရာ ပွဲသိမ်းသီချင်းအဖြစ် သီဆိုခဲ့တယ်လို့ ပြောပြပါတယ်။
အများပြည်သူတွေကလည်း ဓမ္မတေး သီချင်းတစ်ပုဒ်အဖြစ် အလှူမင်္ဂလာပွဲတွေမှာ အသုံးပြုမင်္ဂလာယူကြတယ်လို့လည်း ဦးသိန်းဇော် က ဆိုပါတယ်။
"ဘုရားထီးတင်ဖို့ အလှူခံမဏ္ဍပ်မှာ မန္တလေးသိန်းဇော်ရဲ့ မြတ်ဆုမွန်သီချင်း ဖွင့်ပြီး အလှူခံတာ ခုဆို ဘုရားထီးတင်နိုင်တော့မယ်ဆိုပြီး ပြောကြတဲ့သူတွေရဲ့ ပြောစကားတွေကိုလည်း ကြားခဲ့ရတယ်။
ဘုရားပွဲ၊ အလှူပွဲအစရှိတဲ့ မင်္ဂလာယူတဲ့ ပွဲတွေမှာ ဒီသီချင်းကို သီဆိုပြီး ဗုဒ္ဓ သာသနာတော်မှာ တစ်ထောင့်တစ်နေရာက ပါဝင်ခွင့်ရ ခဲ့တယ်"လို့ သူက ပြောပါတယ်။
အဲဒီနေ့က ပွဲတက်ရောက်လာခဲ့တဲ့ ဂီတပညာရှင်ကြီးတွေကလည်း ဖိုက်စတားအဖွဲ့ကို တန်ဖိုးမဲ့တဲ့ အနုပညာမျိုး မပြုလုပ်ကြဖို့ မေတ္တာ ရပ်ခံပြောကြားခဲ့ကြပါတယ်။
"မိမိရဲ့လုပ်ဆောင်ချက်ကို ပေါ်လွင်စေချင်တဲ့အဓိပ္ပာယ်နဲ့ လူတစ်ဖက်သားကို နှိမ့်နှိမ့်ချိုးချိုး၊ ပြောင်ပြောင် လှောင်လှောင်ပြောဆို တာဟာ မကောင်းပါလားဆိုတာ ခေါင်းထဲဝင်သင့်ပါတယ်။ အနုပညာရှင်များ၊ စာရေးဆရာများ၊ ပြည်သူအကျိုးရှိစေမယ့် ပြည်သူ သိသင့် သိထိုက်တဲ့၊ ပြည်သူတွေအတွက် အသုံးဝင်မယ့်အကြောင်းအရာတွေကို ဆောင်ရွက်ပေးကြပါ"လို့ အနုပညာဆိုင်ရာ စည်သူ ဘွဲ့ရ ဗိုလ်ကလေးတင့်အောင်က ပြောကြားခဲ့ပါတယ်။
အနုပညာဆိုင်ရာ စည်သူဘွဲ့ရှင်ဖြစ်တဲ့ ရွှေနန်းတင်ကလည်း "အဲဒီသီချင်းတွေ နားထောင်ရတာ စိတ်ကိုမချမ်းသာဘူး။ ကိုယ့်ကိုယ် ကိုယ်ဖျက် သံချေးတက်ကြတာ။ အရင်တုန်းက သဘင်သည်တွေလည်း ပြောကြပါတယ်။ ဒီလိုချည်းတော့ မဟုတ်ပါဘူး။ မလုပ်ကြ ပါနဲ့"လို့ ပြောခဲ့ပါတယ်။
ဖိုက်စတားအဖွဲ့ကို မြန်မာတိုင်း(မ်)က ဆက်သွယ်မေးမြန်းရာ အဖွဲ့ကိုယ်စား လူရွှင်တော်မျောက်ရှုံးက သူတို့ လုပ်လိုက်တာ မှား သွားပါတယ်လို့ မန္တလေး သိန်းဇော်ကို တောင်းပန်စကားဆိုပြီး ပရိသတ်တွေရော၊ စာပေအသိုင်းအ၀ိုင်းကပါ မည်သူမဆို သူတို့အဖွဲ့ မှားတာရှိရင် သင်ပြထောက်ပြပေးပါလို့လည်း ပြောပါတယ်။
"ကျွန်တော်တို့မှာ ရှေ့ဆက်ရမယ့် အလုပ်တွေ အများကြီးရှိပါသေးတယ်။ ဘာသာရေးနဲ့ပတ်သက်မှ မဟုတ်ပါဘူး။ တခြားဘက်ပေါင်း စုံကနေ ထောက်ပြပေးကြဖို့ ပြောချင်ပါတယ်။ ခုလိုပြောပြပေးတဲ့အတွက် ကျွန်တော်တို့အနေနဲ့ စိတ်လည်းမဆိုးပါဘူး။ အကောင်းဆုံး လမ်းညွှန်ချက်ပေးတယ်လို့ပဲ ခံယူပါတယ်။ လူကြီးသူမတွေ ဆုံးမတာကို လေးလေးစားစား မြတ်မြတ်နိုးနိုးနဲ့ နားထောင်ပြီး နောက် မလုပ်မိဖို့ ကြိုးစားရမယ်"လို့ သူက ဆိုပါတယ်။
'မြတ်ဆုမွန်' သီချင်းကိုဖျက်ဆီးပြီး မသီဆိုဖို့ မန္တလေးသိန်းဇော်မေတ္တာရပ်ခံပြီးနောက် လူရွှင်တော် ဖိုက်စတားအဖွဲ့မှ တောင်းပန် 'မြတ်ဆုမွန်' သီချင်းကိုဖျက်ဆီးပြီး မသီဆိုဖို့ မန္တလေးသိန်းဇော်မေတ္တာရပ်ခံပြီးနောက် လူရွှင်တော် ဖိုက်စတားအဖွဲ့မှ တောင်းပန် Reviewed by သစ်ထူးလွင် on 06:47 Rating: 5

11 comments:

JuMaung said...

မန္တလေးဦးသိန်းဇော်ပြောတာမှန်ပါတယ်၊ ဘာသာ သာသနာနဲ့ပတ်သက်တဲ့စာသား စကားလုံး သီချင်းစတာတွေကို ထိခိုက်စေမယ့်အသုံးအနှုန်းတွေကို မသုံးကြရင်အကောင်းဆုံးပါပဲ၊ နဂိုကမှ ကျွန်တော်တို့တိုင်းပြည်က တစ်ပါးသောနိုင်ငံတွေရဲ့ယဉ်ကျေးမှုတွေကဖုံးလွှမ်းခံနေရလို့ မြန်မာ့ယဉ်ကျေးမှုဆိုတာလည်း ပျောက်လုလုဖြစ်တော့မယ်၊ အခုတစ်ခါ ဘာသာ သာသနာလည်းကိုထိခိုက်စေမယ့်အသုံးအနှုန်းတွေဒီထက်မကသုံးနှုန်းလာကြရင် ဘာသာ သာသနာဆိုတာလည်း ပျောက်ကွယ်လုလုဖြစ်သွားပါလိမ့်မယ်။

Nyan Win Bo said...

မန္တလေးဦးသိန်းဇော်ပြောတာကို ထောက်ခံပါတယ်။။နာမည်ကြီး အနုပညာသည်
တစ်ယောက်ဟာ အမျိုးဘာသာဘက်က ရပ်တည်ပြီး ရဲရဲဝံ့ဝံ့ ထုတ်ပြောသင့်ပါတယ်။။
လူငယ်သော်လည်း မိမိ မှားယွင်းမှုအတွက် ရဲဝံ့စွာ တောင်းပန်ရဲတဲ့ လူကြီးများ
ရဲ့ဆုံးမမှု ကိုလိုလားတဲ့ ဖိုက်စတား အဖွဲ့က ညီငယ်များကို လည်း လေးစားပါတယ်။။။
ကျွန်တော် ငယ်စဉ်က အငြိမ့်ကြိုက်ပါတယ်။ဒါပေမဲ့ ခု အငြိမ့်ဆို မိသားစုပါ မကြည့်ရလို့ အတ္တကြီးစွာ အမိန့်ထုတ်ထားတာပါ။။ဘာကြောင့်ပါလဲ????
အိမ်ယာဝင်းတစ်ခုမှာ တပ်မတော်နယ်လှည့်ဆက်ဆံရေး အငြိမ့် တိုက်ရှေ့
တည့်တည့် လာကပါတယ်။။အမိနဲ့သား အဖေနဲ့ သမီး ဘယ်လိုမှ နားထောင်
လို့မရတဲ့ အောက်ပိုင်းပျက်လုံးများကို ပျက်လို့ပါ။။ဒီလိုဘဲ အငြိမ့်တော်တော်
များများဟာ အောက်ပိုင်းတွေပျက်မှ လူရာဝင်ပုံဖြစ်ကုန်ပါတယ်။။မြန်မာ့ယဉ်ကျေးမှုဆိုတာ ဘယ်လို ပြောရမှန်းတောင် မသိတော့ပါဘူး။။ဒီလို
စည်းရုံးမှုမျိုးနဲ့ဆွဲဆောင်တဲ့ တပ်မတော်နဲ့ ပြန်ကြားရေးဌာနများကို ပြင်းထန်စွာ
ရှုံ့ချပါတယ်။။ပြည်သူတွေကို လူငယ်တွေကို အဆိပ်တိုက်တာနဲ့အတူတူပါ။။

Win said...

လူတိုင်းကတော့ ကိုယ့်မျက်ချေးကို ကိုယ်မမြင်နိုင်ဘူးလေ. ဒါပေမယ့် မလုပ်ခင်ကတည်းကစဉ်းစားဖို့တော့လိုမယ်ထင်တယ် မျောက်ရှုံးရေ.

မြန်မာပြည်သား said...

ကျနော်ကမြန်မာဟာသကိုကြိုက်ပါတယ်...အိမ်ပြန်ရောက်ရင်onlineကနေdownload လုပ်ပီးကြည်ရတာအမောပါ ...အခုနောက်ပိုင်ပြက်လုံတွေမှာညစ်ညန်းတာတွေပါမှရီရတယ်ထင်နေကျပါတယ်....ရုပ်ရှင်မင်းသားလူရွှင်တော်တော်တော်များများက....အနုပညာကိုခုတုန်လုပ်ပီးပြည်သူတွေစီပိုက်ဆံကိုညာပီမစားချင်ကျပါနဲ့ ဗျာ....ပြည်သူတွေကခင်ဗျာတိုထက်အနုပညာကိုပိုချစ်ကျတယ်.....ခင်ဗျာတိုကအနုပညာသမာတွေဖြစ်ပီ..ကိုအလုပ်ကိုကိုယ်ပိုပီတန်ဖိုးထာသင်ပါတယ်...အခုနောက်ပိုင်5star အငြိမ်းကိုကြည်လိုက်၇င်....ပေါ်တင်ကိုပြက်လုံလုပ်သလိုနဲ့ ..ပြည်တွေတွေစီကပိုက်ဆံကို..အေးဒမြတိုက်တာတေါကြီးပဲတွေနေရတယ်...အော်ကျော်စို..စာဥသီချင်နဲ့ ပရိတ်သက်ထည်လည်တောင်လိုက်တာ....တော်တော်ခိုင်သွားပုံပဲ.....အနုပညာအစည်အရုံးကလည်ထောက်ပြသင်တယ်လိုထင်ပါတယ်...ကြိုးဆွဲရာမကပဲ..လုပ်သင်လုပ်ထိုက်တာလုပ်ဖို .သင်နေပါပီ....ဒါရိုက်တာဝိုင်းရီုက်တဲ့(ဒီအခန်ဖြတ်)ထဲကလိုမလုပ်ကျပါနဲ့ .....စိတ်ဓာတ်တွေကိုပြုပြင်ကျပါလို့ ...ပြည်သူတွေကြွေးတဲ့ထမင်းစာပီး...ဘာသာ..သာသနာကိုမစော်ကားကျပါတယ်.....

Show said...

မိမိအပြစ်ကိုဝန်ခံရဲတာချီးကျူးစရာအရမ်းကောင်းပါတယ်
ဖတ်ရတဲ့သတင်းတွေထဲမှာအဲဒီသတင်းအကောင်းဆုံးပဲ
အဲပြစ်တွေလုပ်ပြီးဝန်မခံရဲတဲ့လူတွေနဲ့တော့ကွာပါ့

Tri Asian Taste said...

မျောက်ရှုံးရေ.
လူဆိုတာအမှားမကင်းပါဘူး။ မှားမှန်းသိရင် နောက်မလုပ်နဲ့ပေါ့။ အခုလို ၀ံချတောင်းပန်တာ လူတော်တွေမှလုပ်နိုင်တာ။ လူမိုက်တွေကြတော့ မတောင်းပန်တဲ့ အပြင် စော်ကားမော်ကားလုပ်ချင်သေးတယ်။ မင်းတို့ကလူတော်လေတွေပါ။ ခါးအောက်ပိုင်းပျက်လုံးမျိုးရှောင်ရင် မင်းတို့ပိုပြီး အောင်မြင်မယ်။ အောင်မြင်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။

ပေါက်ပေါက်ဆုပ် said...

ဦးသိန်းဇော် ပြောပြတာဟာ ဆရာလုပ်ချင်လို့ပြောတာလည်းမဟုတ်၊ ပါဝါပြချင်လို့လုပ်တာလည်း မဟုတ် ၊ သူဗုဒ္ဒဘာသာဝင်တယောက်အနေနဲ့ပြောသင့်ပြောထိုက်တယ် ထင်လို့ ဘာသာ၊သာသနာ ကိုထိခိုက်တယ်ထင်လို့ပြောလိုက်တာပါ..ပြောတဲ့အခါမှာလည်း အပြောခံရတဲ့သူကို တိုက်ခိုက်ပြီး ပုတ်ခတ်ပြီးပြောတာမဟုတ်ပဲ တဖက်လူနားဝင်အောင်ပြောတတ်တာကတော့ ကျွန်တော်တို့မန်းလေးသားတွေအနေနဲ့အတုယူစရာပါပဲ..မန်းလေးက အရင်ကဆို အနုပညာမှာရော နိုင်ငံရေးမှာပါ အစဉ်အလာရှိပြီးသားပါ..အစဉ်အလာလေးပျက်မသွားအောင်တော့ ကျွန်တော်တို့ကရှေ့လူတွေကို အားကျအတုယူပြီး ကြိုးစားကြရမှာပေါ့ဗျာ..ဟုတ်ဘူးလား မန်းလေးသားတို့ရာ...

Myanmar said...

မည်သို့ဆိုစေ ကိုယ်မှားတာကို မှားပါတယ်လို့ ၀န်ခံတတ်တာကိုက ချီးကျူးစ၇ာပါဗျာ။ မှားနေပါ၇က်နဲ့ ၀န်မခံ မသေမချင်း မိုက်တွင်းနက်နေတဲ့ ၇ာထူးနဲ့ မလျော်ညီစွာ အကျင့်ပျက်ချစား ဗိုလ်၇ူးများထက်တာ့ အပုံကြီးသာတယ်ဗျို့။

ပုဂံစစ်သည် said...

ယဉ်ကျေးမှု့ဆိုတာ နိုင်ငံရဲ့ရတနာတစ်ပါးပါ။ အခုဆိုရင်ကျွန်တော်တို့တိုင်းပြည်လဲ မြန်မာ့ယဉ်ကျေးမှု့က တဖြည်းဖြည်းနဲ့ ပျောက်လု ဖြစ်တော့မယ်။ ယဉ်ကျေးမှု့ဖျက်ဆီးတဲ့ထဲမှာ နိုင်ငံပိုင်ရုပ်သံက ထိပ်ဆုံးကနေပါတယ် တရုတ်ဇာတ်လမ်းတွေပြ၊ ကိုရီးယားဇာတ်လမ်းတွေပြနဲ့ တိုင်ပြည်တိုးတက်ရာတိုးတက်ကြောင်း တစ်ခုမှအထောက်အပံ့မပေးဘူး။ ပြည်သူတွေက ဒါကြည့်ပြီးအတုခိုး ဟောကိုယ့်ယဉ်ကျေးမှု့ကပျောက်ကရော။ ကကြီးတိုင်းပြည် သွားကြည့်ပါ မိန်းမတွေကအရက်သောက် သား၊သမီးတွေက အရွယ်မရောက်သေးဘူး အပျိုရည်ကပျက်၊ ဒါတွေကအတုယူစရာလား၊ ဒါက ကျွန်တော့်ကိုယ်တွေ့ မို့ပြောတာပါ မယုံမရှိပါနဲ့။ ဒီလိုနိုင်ငံက ဇာတ်လမ်းတွေဟာ ကျွန်တော်တို့တိုင်းပြည် ယဉ်ကျေးမှု့နဲ့တခြားဆီပါ၊ လူငယ်တွေအတုယူ မှားမှာကြောက်လို့ရေးမိတာပါ။ ပြီးတော့ လူရွှင်တော်၊ လူရွှင်တော်ဆိုတာကလဲ ယဉ်ကျေးမှု့ရဲ့ပြရုပ် တစ်ခုပါ။ ပြည်သူတွေရဲ့ဘဝ အမောပြေစေဖို့ ရယ်စရာရွှင်စရာ လုပ်ပြတဲ့နေရာမှာ ညစ်ညမ်းတာပါမှ ရယ်စရာဖြစ်လာတာလား။ အခုခေတ်လူရွှင်တော်တွေက ညစ်ညမ်းတဲ့စကား တအားသုံးကြတော့ လူငယ်တွေအတုယူမှားရော။ ဆင်ဆာအဖွဲ့ကလဲ ဒါမျိုးဆိုကြိုဆိုတယ်ထင်တယ်။ လူရွှင်တော်အားလုံးကိုပြောချင်ပါတယ် "မြန်မာ့ယဉ်ကျေးမှု့ကို မဖော်ဆောင်ချင်နေပါ၊ အုံးမဲတော့မသုတ်ပါနဲ့"လို့ .....

Myo Aung said...

ဒီလိုလုပ်ဖြစ်ရပ်တွေအားလုံးရဲ့တရားခံဟာ ခေါင်းဆောင်ကြီးဦးသန်းရွှေရဲ့ ကောင်းမှု့ပါ။ ဦးသန်းရွှေရော ဒေါ်ကြိုင်ကြိုင်ပါ ဗုဒ္ဓဘာသာ ကိုင်းရှိုင်းတယ်လို့ ယုံကြည်ပါတယ်။ ဒါပေမဲ့ တိုင်းပြည်ကို ဆင်းရဲတွင်းနက်စေတော့ လူတွေက စိတ်ပြေလက်ပျောက် ဗွီဒီယိုလေးကြည့်တာကိုတောင် ဘ၀သရုပ်ဖော်မကြည့်ချင်ကြတော့ဘူး။ ကိုယ့်ဘ၀ထက် ခက်ထန်တာ၊ ကြမ်းတမ်းတာ မရှိတော့ဘူး။ ဗွီဒီယိုကြည့်ပြီး ထပ်စိတ်ညစ်မခံနိုင်ကြဘူး။ ဒါကြောင့် အကယ်ဒမီရမင်းသားတောင် ဟာသကားရိုက်နေရတဲ့ အဆင့်ရှိတယ်။ သဘာဝသယံဇာတ ရှားပါးတာတင်မကဘူး ဟာသစကားလုံးတွေပါ ရှားပါးလာတယ်။ နောက်ဆုံးတော့ ဘုရားစင်ရော၊ ဘုရားကတော့တဲ့ စကားလုံးရော ဟာသလုပ်လာကြတယ်။ မလုပ်သင့်ပါဘူး။ ကျွန်တော်လည်း ဟာသကြိုက်ပါတယ်။ ဒါပေမဲ့ ဘာသာရေးကို ပျက်ရည်မပြုသင့်ပါဘူး။ အီရတ်လို၊ အာဖကန်နစ်စတန်လို နိုင်ငံတွေမှာ မတင်းကြတ်တာကို အခွင့်အရေး မယူသင့်ပါဘူး။

မဟာနာယကဆရာတော်ကြီးတွေကလည်း ဒီလိုကိစ္စရပ်တွေကို အာနာစက်နဲ့ ထိမ်းရှုပ်ပေးဖို့ အာနာစက်ပိုင်ရှင် တွေကို လမ်းညွှန်မှု့ပေးသင့်ပါတယ်။ ဒီမိုကရေစီလှုပ်ရှားမှု့တွေကို လိုက်ပြီးစောင့်ကြည့်နေတာနဲ့ အချိန်မကုန်သင့်ပါဘူးဖရား။ ဘုရားတပည့်တော်မိုက်မဲ့တဲ့စကားပြောမိရင်ခွင့်လွှတ်ပါ။

ရွှေဘိုသား said...

ဖိုက်စတားကကောင်တွေ နဲနဲတော့ထောင်တယ်...
သူတို့ကို သူတို့ဘာထင်နေလဲမသိဘူး...
လူလိုသိကြကွာ

Powered by Blogger.