ဒေါ်အောင်ဆန်းစုကြည် မကွေးတိုင်း မြိုင်မြို့ က ရွာနှစ်ရွာ ဖွံ့ဖြိုးရေး လုပ်ငန်းလေ့လာ

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ မကွေးတိုင်း မြိုင်မြို့နယ်က ပေပင်တိုက်ကျေးရွာနဲ့ ကျစ်ကြီးကျေးရွာကို အန်ဂျီအိုတခုဖြစ်တဲ့ The Adventist Development and Relief Agency (ADRA) က လုပ်ထားတဲ့ ကျေးရွာဖွံ့ဖြိုးရေး အစီအစဉ်နဲ့ ကျေးရွာ ရေရရှိရေး အစီအစဉ်တွေကို သွားရောက် ကြည့်ရှုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို ပခုက္ကူ ဒေသခံများ ကြိုဆို နေကြစဉ် (ဓာတ်ပုံ - ရိုက်တာ)
ဒီခရီးစဉ်မှာ ရန်ကုန်အခြေစိုက် ဗြိတိသျှသံအမတ်ကြီးလည်း လိုက်ပါသွားတယ်လို့ ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်မှာ လိုက်ပါ ဆောင်ရွက်သူတွေက ပြောပါတယ်။
“မြို့ဝင်ကတည်းက အသစ်ဆောက်ထားတဲ့ တံတားကြီး ဒီဘက်ထိပ်ကနေ လူတွေက ဒေါ်စုကို ၀ိုင်းပြီးတော့ ဟိုဘက် ဒီဘက် ညှပ်ပြီးတော့ နှုတ်ဆက်ကြတာပေါ့ဗျာ။ ကားကတော့ ရပ်ပေးလို့ မရတော့ လုံခြုံရေး လူငယ်တွေနဲ့ပဲ သူတို့ ပန်းစည်းတွေ ပေးကြတယ်။ နှုတ်ဆက်ကြတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေဆိုပြီး။ မြို့ဖြတ်သွားတဲ့ လမ်းတလျှောက် လူတွေကတော့ ပြည့်ကျပ်နေတာပဲ။ ဒီခရီးစဉ်က စည်းရုံးရေး ခရီးစဉ် မဟုတ်တဲ့အတွက် မြို့တွေကို ပြောမထားပါဘူး။ ဒါပေမယ့် ညောင်ဦးရော ပခုက္ကူရော ၀ိုင်းပြီးတော့ ကြိုကြတဲ့အတွက် ကျနော်တို့ အချိန်တောင် နည်းနည်းနောက်ကျနေပါတယ်။ ညနေလေယာဉ်နဲ့ ဒေါ်စုက ရန်ကုန်ကို ပြန်မှာပါ။”
ဒေသခံတွေက ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစေကြောင်း ၀ိုင်းနှုတ်ဆက်ကြသလို လက်ကမ်း ကြိုဆိုတာတွေ၊ ပန်းစည်းပေးအပ်တာတွေ လုပ်ဆောင် ကြိုဆိုကြပါတယ်။
ပခုက္ကူမြို့က သံဃာတပါးက မနက် ၉ နာရီကျော်ခန့်မှာ ရောက်ရှိလာတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဒေသခံတွေ ကြိုဆိုပုံမြင်ကွင်းနဲ့ပတ်သက်လို့ ခုလို မိန့်ပါတယ်။
“အင်မတန်ကို အံ့ဩစရာကောင်းတယ်။ လူထုတွေက အင်မတန်ကို ပျော်ရွှင်ပြီးတော့ ဟို လူထုကို မလာရင် ဒဏ်ငွေနဲ့ဆင့်ခေါ်လို့လာရတဲ့ ပုံမျိုးတွေနဲ့ တခြားစီ။ မြို့လယ်ခေါင်မှာ ဘယ်မှသွားလို့မရအောင် ကားတွေပိတ်သွားတယ်။ ကားတွေရော လူတွေရော လူထု လူတန်းစား အလွှာအသီးသီးက လာကြတာလေ။ အရင်တုန်းကဆိုရင် လူတွေ ထွက်ကြည့်ရဲမှာ မဟုတ်ဘူးလေ။ အခုတော့ တမြို့လုံး ရဟန်းရှင်လူ အကုန်လုံး သောင်းသောင်းဖြဖြကြိုကြတယ်။ တချို့ဆို တို့သေပျော်ပါပြီကွာ ဒေါ်စုကိုတွေ့ဖူးပြီ ဆိုပြီး ဒါမျိုးတွေ အော်သွားတဲ့ လူတွေလည်း အများကြီးပဲလေ။”
ဒီခရီးစဉ်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင် လူငယ်တွေရော၊ ဒေသခံ ရဲတပ်ဖွဲ့ဝင်တွေရော ၀ိုင်းဝန်းလုံခြုံရေး ယူပေးကြတယ်လို့ ခရီးစဉ်ကို လိုက်ပါနေတဲ့ ဒေါက်တာကြည်မင်းက ပြောပါတယ်။
အဲဒီရွာက ဖွံ့ဖြိုးရေလုပ်ငန်းတွေကို လေ့လာပြီးတဲ့နောက် ညနေပိုင်းမှာ ရန်ကုန်မြို့ကို ညောင်ဦးမြို့ကနေ လေယာဉ်နဲ့ ပြန်မှာဖြစ်ပါတယ်။
ADRA အဖွဲ့ဟာ ကမ္ဘာ့နိုင်ငံပေါင်း တရာကျော်မှာ လူမှုကူညီရေးလုပ်ငန်းတွေ လုပ်ဆောင် ကူညီနေတဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတခု ဖြစ်ပါတယ်။ 
ဒီဗွီဘီ
ဒေါ်အောင်ဆန်းစုကြည် မကွေးတိုင်း မြိုင်မြို့ က ရွာနှစ်ရွာ ဖွံ့ဖြိုးရေး လုပ်ငန်းလေ့လာ ဒေါ်အောင်ဆန်းစုကြည် မကွေးတိုင်း မြိုင်မြို့ က ရွာနှစ်ရွာ ဖွံ့ဖြိုးရေး လုပ်ငန်းလေ့လာ Reviewed by သစ်ထူးလွင် on 18:08 Rating: 5

No comments:

Powered by Blogger.