ပြည်သူများ ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

ထားဝယ်၊ ဇန်နဝါရီ ၂၉

ပြည်သူလူထု အနေနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို လေ့လာစေလိုကြောင်း ထားဝယ်ဒေသသို့ နေ့ချင်းပြန်ခရီး ရောက်ရှိနေသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း ပြောကြား လိုက်သည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချူပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို ထားဝယ်ဒေသ မြို့နယ် လေးခုမှ လူထု နှစ်ထောင်ခန့် ထားဝယ်လေဆိပ်တွင် လာရောက် ကြိုဆိုခဲ့ပြီး လောင်းလုံမြို့နယ် အောက်ရေဖြူ ကျေးရွာသို့ ခရီးဆက်ရာတွင် သောင်းချီသော ပြည်သူများက လိုက်ပါခဲ့သည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ အတွင်းရှိ ပြည်သူများ အကျိုးမဖြစ်ထွန်းသည့် အပိုင်းများကို ပြင်ဆင်ရန် လိုအပ်ကြောင်း ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဝင်ရောက် ရွေးချယ်ခံမည့် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့သည်။

"ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုတာ ပြည်သူ့နဲ့ အစိုးရကြားက ပဋိညာဉ်ပဲ။ ကြိုက်ကြိုက် မကြိုက်ကြိုက် ကိုယ့်ကို ဘယ်လို အုပ်ချုပ်နေတယ်။ ကိုယ့်မှာ ဘာလုပ်ပိုင်ခွင့်တွေ ရှိလဲဆိုတာ သိဖို့ ဒေါ်အောင်ဆန်းစုကြည် ပြောသလို အခြေခံ ဥပဒေကို လေ့လာထားသင့်တယ် " ဟု နိုင်ငံရေး လေ့လာ သုံးသပ်သူ တစ်ဦးက ပြောဆိုသည်။

ပါတီနှင့် ပြည်သူလူထုအကြား ဟန်ချက်ညီရန် လူထုအနေဖြင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို နားလည်ထားသင့်ပြီး ဒေသခံ အားလုံးနီးပါးမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဖတ်ရှုလေ့လာခြင်း မရှိကြောင်း ထားဝယ် ဒေသခံ လူငယ်တစ်ဦးက ပြောကြားသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အနေဖြင့် ကြားဖြတ်ရွေးကောက်ပွဲ ဝင်ခြင်းသည် အခြေခံ လိုအပ်ချက် သုံးခု ဖြစ်သည့် ဥပဒေ စိုးမိုးရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး၊ ဖွဲ့စည်းပုံ အခြေခံဥပဒေရှိ  ပြည်သူများကို အကျိုးမဖြစ်စေသည့် အပိုင်းတွေကို ပြုပြင်ပြောင်းလဲရန် ဖြစ်ကြောင်း ဇန်နဝါရီလ ၂၉ ရက်နေ့တွင် ထားဝယ်မြို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချူပ်ရုံးတွင် လာရောက် ကြိုဆိုကြသည့် ထားဝယ်ဒေသခံများကို  ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် အချို့ ဥပဒေများသည် ပြည်သူများ လွတ်လပ်စွာ လုပ်ကိုင် စားသောက်နိုင်ခွင့်ကို တားဆီးထား သကဲ့သို့ ဖြစ်နေကြောင်း၊ ယင်းဥပဒေများကို လွတ်တော်အတွင်းမှ ဖယ်ရှားရန် ဆန္ဒရှိကြောင်း၊ ယခုအချိန်သည့် မရပ်စဲ နိုင်သေးသည့် ပြည်တွင်း ငြိမ်းချမ်းရေး ကိစ္စကိုလည်း လုပ်ဆောင်ရမည် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ထားဝယ်ခရီးစဉ်မှာ ဧပြီ ၁ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲ အတွက် ရန်ကုန်တိုင်း ပြင်ပသို့ ပထမဆုံး အကြိမ် ခရီးဝေးသွားရောက် မဲဆွယ်ခဲ့သော ခရီးစဉ်လည်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ထားဝယ်ဒေသသို့ ပထမခရီးစဉ် အဖြစ် ၁၉၈၉ ခုနှစ် ဇန်နဝါရီလကုန်တွင် လာရောက်ခဲ့ပြီး ယခု ခရီးစဉ်သည် ဒေါ်အောင်ဆန်းစုကြည်၏ အနှစ်နှစ်ဆယ်ကျော် အတွင်း ဒုတိယမြောက် ထားဝယ်ခရီးစဉ် ဖြစ်သည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးအောင်စိုးသည် ကြားဖြတ် ရွေးကောက်ပွဲ လစ်လပ်မဲဆန္ဒနယ် လောင်းလုံးမြို့နယ်မှ ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်သည်။

ဗဟို အစိုးရနှင့် ဝေးကွာသော ထားဝယ်ဒေသတွင် ခေတ်အဆက်ဆက်၌ ရာနှုန်းပြည့် တရားဥပဒေ စိုးမိုးမှု အတွက် စိန်ခေါ်မှု များစွာ ရှိပြီး ထားဝယ်စီမံကိန်းကြောင့် ဒေသခံ ထောင်ချီ ပြောင်းရွေ့ရမည် ဖြစ်ရာ လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိနိုင်ကြောင်း စောင့်ကြည့် လေ့လာသူများက စိုးရိမ်နေကြသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေသည် ယခင် တပ်မတော် အစိုးရက ဦးဆောင်ရေးဆွဲခဲ့ပြီး ၂၀၀၈ ခုနှစ်တွင် အငြင်းပွားဖွယ်ရာ ပြည်သူ့ဆန္ဒခံယူပွဲဖြင့် အတည်ပြုခဲ့သည်။
The Voice

ပြည်သူများ ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း ပြည်သူများ ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း Reviewed by သစ်ထူးလွင် on 17:55 Rating: 5

No comments:

Powered by Blogger.