မုဒုံရှိ ကမ္ဘာ့အကြီးဆုံး လျောင်းတော်မူဘုရားကြီး

(ကမ္ဘာ့အကြီးဆုံးအရှည်ဆုံး လျောင်းတော်မူဘုရားကြီး) ဓါတ်ပုံ-မယ်လိုဒီ
အလျားအတောင် ၆၀၀ ရှိ ဦးခေါင်းတော်ကို ညာလက်တော်ဖြင့် ထောက်ထားသည့် မုဒုံမြို့ နယ်အတွင်း တည်ဆောက်နေသော ကမ္ဘာ့အကြီးဆုံး လျောင်းတော်မူဘုရားကြီးတည်ဆောက်မှု လုပ်ငန်းများကို သုံးနှစ်အတွင်း အပြီးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းဘုရားကြီးအား မုဒုံမြို့နယ် ၀င်းစိန်တောရ သာသနာပြုစခန်းတွင် တည်ဆောက်ထားကာ ဘုရားကြီးအား မွန်ဆရာတော်အဂ္ဂမဟာ သဒ္ဓမ္မဇော်တိက ဓဇဘဒ္ဒန္တကေသရဦးဆောင်စီမံမှုဖြင့် တည်ဆောက် နေခြင်းဖြစ်ကြောင်း သိရသည်။

ဝင်းစိန်တောရကျောင်း ဦးစီးနာယက မွန်သက်ရှည်ဆရာတော်ကြီးမှာ အတောင် ၄၀၀ ပြည့် ဇိနသုခရန်အောင် ချမ်းသာလျောင်းတော်မူဘုရားကြီးကို အမြင့်ပေ ၁၁၀ အထက်၊ အထပ်ရှစ်ထပ်၊ အခန်းပေါင်း ၁၈၂ ခန်းဖြင့် ၁၃၅၃ ခုနှစ် ပြာသိုလပြည့်မှ စတင်တည်ဆောက်ခဲ့ရာ ယခုအခါ အခန်း ၁၁၀ ကျော်တွင် ဗုဒ္ဓ၀င် ရုပ်ကြွရုပ်လုံး ပန်းချီကားများဖြင့် တည်ဆောက်ပြီးစီးနေပြီဖြစ်သည်။

" လက်ရှိဇိနသုခရန်အောင်ချမ်းသာ လျောင်းတော်မူဘုရားကြီးနဲ့ မျက်နှာချင်းဆိုင်နေရာအမြင့် ပေ ၁၂၀ ပေရှိတဲ့ တောင်စောင်းမှာ တည်နေတာပါ။ ၁၃၇၃ ခုနှစ်ကဆုန်လပြည့်နေ့ (၂၀၁၁ ခုနှစ်မေ ၁၇ ရက်က) အုတ်မြစ်ချတည်ဆောက်တာပါ။ ထူးခြားချက်အနေနဲ့ ဦးခေါင်းတော်ကို ညာလက်တော်နဲ့ ထောက်ထား တယ်။ အတောင် ၄၀၀ ပြည့်လျောင်းတော်မူဘုရားကြီးနဲ့ မျက်နှာချင်းဆိုင်မှာရှိတာ၊ ဦးခေါင်းတော်က အရှေ့ ဘက်အရပ်မှာ ဦးတည်အနေအထားမှာ ရှိတာတွေပါ။ ဆရာတော်က သုံးနှစ်အတွင်း အပြီးတည်ဆောက်မယ်လို့ မိန့်ပါတယ်" ဟု ဆရာတော်တပည့်ဒကာ တစ်ဦးကပြောသည်။

ဝင်းစိန်တောရဆရာတော်ကြီးမှာ မုဒုံမြို့နယ်၊ လက်တက်ကျေးရွာဇာတိဖြစ်သည်။ ယခုအခါ သက်တော်(၉၁) နှစ် ပြည့်ပြီဖြစ်သည်။ သိစီဝရိတ်သင်္ကန်းသုံးထည်ကိုသာ ယူဆောင်၍ သုဿာန်ပေါင်း ၁၃၃ ခု တွင် ကိလေသာကိုပယ်ရန် ဓူတင် ၁၃ ပါးကို ကျင့်ခဲ့သည်။ ၀င်းစိန်တောရစခန်းကို ၁၃၄၃ ခုနှစ်မှ စတင်ထူ ထောင်ခဲ့ရာ ယခုအခါ စေတီပုထိုးပေါင်း ၄၀၀ ကျော် သာသနိကအဆောက်အအုံ ၄၀ ကျော် တည်ထားခဲ့ပြီးဖြစ် သည်။ မုဒုံမြို့နယ် လက်တက်ကျေးရွာတွင် အမြင့်ပေ ၁၈၀ ရှိ ဗုဒ္ဓသာသနာထိုင်တော်မူ ရုပ်ပွားတော်ကြီးကို အကြမ်းထည် တည်ဆောက်ပြီးစီးနေပြီဖြစ်ကြောင်း ပန်းသတင်းဂျာနယ်မှသိရသည်။

By: သစ်ထူးလွင်

မုဒုံရှိ ကမ္ဘာ့အကြီးဆုံး လျောင်းတော်မူဘုရားကြီး မုဒုံရှိ ကမ္ဘာ့အကြီးဆုံး လျောင်းတော်မူဘုရားကြီး Reviewed by သစ်ထူးလွင် on 07:43 Rating: 5

No comments:

Powered by Blogger.