လုပ်ငန်းရှင်အချို့ လုပ်ငန်းများ မီးဘေးလုံခြုံရေး စစ်ဆေးခြင်းအား ရှောင်ကွင်းငြင်းဆန်မှုများ ရှိနေ

လုပ်ငန်းရှင်အချို့ မီးဘေးလုံခြုံရေး စစ်ဆေးခြင်းများအား လက်ခံရန် ရှောင်ကွင်း ငြင်းဆန်ခြင်းများ ရှိနေကြောင်း မီးသတ်ဦးစီးဌာန အောက်မြန်မာပြည် ညွှန်ကြားရေးမှူး ဦးသင်းဌေးရွှေက ပြောကြားခဲ့သည်။ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး အတွက် မီးသတ်ဦးစီးဌာနမှ အဆိုပါ စက်ရုံများ၊ ဂိုဒေါင်များကို သွားရောက် စစ်ဆေးသည့် အခါတွင် အချို့သော ပိုင်ရှင်များက မီးဘေးလုံခြုံရေး စစ်ဆေးမှုအား ယင်းသို့ ရှောင်ကွင်းငြင်းဆန်မှုကို ပြုလုပ်လေ့ရှိကြောင်း သိရသည်။ “မီးသတ်အနေနဲ့ကတော့ ဂိုဒေါင်စက်ရုံတွေကို သွားစစ်ရင် သူတို့က မီးသတ်ဆေးဘူး လာရောင်းတာလောက်သာ ထင်နေတယ်။ တချို့ကလဲ အပိုအလုပ်တွေ လုပ်နေတယ်လို့ ထင်ကြတယ်။ ပြောကြတဲ့သူတွေလဲ ရှိပါတယ်။ အန္တရာယ်ရှိတဲ့ ပစ္စည်းသိုလှောင်မှုဆိုရင် ဘယ်လို လုပ်ရမယ်ဆိုတဲ့ စည်းကမ်းတွေ ရှိတဲ့အခါ စာရွက်တွေ ကပ်ထားဖို့တွေ ပြောပါတယ်။ ဒါပေမဲ့ လိုက်နာဆောင်ရွက်မှုပိုင်းတွေ အရမ်း အားနည်းတယ်။ စည်းကမ်းတွေပဲ မီးသတ်က ထုတ်ထားပေမယ့် လိုက်နာမှု မရှိရင် အရေးယူလို့ရတဲ့ အဖွဲ့အစည်း မဟုတ်တော့လဲ ခက်ပါတယ်” ဟု ဦးသင်းဌေးရွှေက ပြောသည်။

မကြာသေးမီ အချိန်က မင်္ဂလာတောင်ညွန့်မြို့နယ် စက်ဆန်းရပ်ကွက် မီးလောင်ပေါက်ကွဲမှု ဖြစ်ပြီးခဲ့သည့် နောက်ပိုင်းမှစ၍လည်း ယင်းကဲ့သို့ ပစ္စည်းသိုလှောင်မှုများ ပြုလုပ်သည့် စက်ရုံများ အလုပ်ရုံများကို စစ်ဆေးမှုများ ပိုမို ပြုလုပ်သွားမည်ဖြစ်ကာ ပြည်သူ ပူးပေါင်းဆောင်ရွက်ရန်လည်း ပညာပေး အစီအစဉ်များ ဆောင်ရွက်ရန်ရှိကြောင်း သိရသည်။ ပေါက်ကွဲမှု ဖြစ်ပွားပြီးသည့် နောက်မှစ၍လည်း မီးဘေးအန္တရာယ် ကာကွယ်ရေးနှင့် ပတ်သက်၍ ပြည်သူများ စိတ်ဝင်စားမှု အချို့ ရှိလာကြောင်း သိရသည်။ “အရင်က ကားတွေပေါ်မှာ မီးသတ်ဆေးဘူး ရှိရမယ်။ မရှိရင် ဂတ်စ်ဖြည့်ခွင့် မရှိဘူးလို့ အရင်တုန်းက ပြောပေမယ့် ခုနောက်ပိုင်းမှာတော့ ဘယ်သူမှလဲ ဒီဆေးဘူးတွေ မလဲပါဘူး။ တကယ်သာဖြစ်ရင် ဒီဆေးဘူးတွေ သုံးလို့မရပါဘူး။ အခုတော့ မစစ်ပေမယ့်လဲ အသစ်ဝယ်တပ်လိုက်ပါတယ်။ ဖြစ်ခဲ့သည်ရှိသော် အမြန်သုံးနိုင်အောင်လို့ပါ” ဟု လိုင်းဆွဲနေသော ဘတ်စ်ကား ယာဉ်ပိုင်ရှင် တစ်ဦးက ပြောသည်။
By Yangon Times Journal
 
လုပ်ငန်းရှင်အချို့ လုပ်ငန်းများ မီးဘေးလုံခြုံရေး စစ်ဆေးခြင်းအား ရှောင်ကွင်းငြင်းဆန်မှုများ ရှိနေ လုပ်ငန်းရှင်အချို့ လုပ်ငန်းများ မီးဘေးလုံခြုံရေး စစ်ဆေးခြင်းအား ရှောင်ကွင်းငြင်းဆန်မှုများ ရှိနေ Reviewed by သစ်ထူးလွင် on 17:22 Rating: 5

No comments:

Powered by Blogger.