ရာဇဝင်ထဲမှာ အန်ကယ်ကြီးကို ထားခဲ့

ကဲ ကဲ .... ထပါ ထပါ ဒေါ်မမ ရယ် .... ဒီလောက်ဆို ပြည်သူမြင်ပါပြီ
သြော် .... ဦးခင်ညွန့် အိမ်မှာကလည်း အရာရာကို ရွှေကွတ် ထားတာပါလား
ဘိုထိုင် အိမ်သာကိုကော ရွှေကွတ်ထားသေးလားလို့ မေးချင်မိတယ် ...
ဒေါ်မမ ရယ် ပြည်သူတွေ ဆင်းရဲနေတယ်ဗျာ ... ခင်ဗျား ရိုက်လာတဲ့ ဒေါင့်က မမှန်ဘူး ... ခြံထဲ စွပ်ကျယ်နဲ့ အလုပ်လုပ်နေတဲ့ ပုံမှ ပြည်သူက ကြွေမှာပေါ့ ...

ယနေ့ထုတ် Hot News မျက်နှာဖုံးပါ အယ်ဒီတာချူပ် ဒေါ်မမ ....

( ကိုဇာဂနာ က လက်ချင်းချိတ်ပြတော့ မမ ကလဲ အပြိုင်ပေါ့လေ )

အဂ္ဂမဟာ ဒီမိုဖက်တီး (Facebook)


ရာဇဝင်ထဲမှာ အန်ကယ်ကြီးကို ထားခဲ့
အောင်မောင်း
အစိုးရဖြစ်စေ၊ အုပ်ချုပ်သူဖြစ်စေ မည်မျှပင်ကောင်းမွန်သည် ဆိုငြားအံ့၊ ကာလရှည်ကြာ အပြောင်းအလဲမရှိလျှင်  နိုင်ငံရေးအရ တည်ငြိမ်မှု ရှိလိမ့်မည် မဟုတ်ပေ။ အဘယ့်ကြောင့်ဆိုသော် နိုင်ငံရေးဆိုသည်မှာ အားလုံးပါဝင်ခွင့်ရှိပြီး လူ့သဘာဝအရပင်လျှင် နိုင်ငံရေးအာဏာ မရဖူးသူက ရရန် ကြိုးပမ်းခြင်း၊ ရဖူးသူကလည်း ပြန်လည်ရရန် ကြိုးပမ်းခြင်းတို့ ကြုံတွေ့နေရမည်ဖြစ်သောကြောင့် နိုင်ငံရေးအာဏာကို အလှည့်မရသည့် နိုင်ငံရေး အင်အားစုများက တချိန်ချိန်တွင် အစိုးရကို ဖြုတ်ချရန် ကြိုးပမ်းကြမည်မှာလည်း ဓမ္မတာဖြစ်သည်။ ထိုအခါတွင် နိုင်ငံရေး မတည်မငြိမ်ဖြစ်လာပြီး တိုင်းပြည် လည်း နာသည်။ ထို့ကြောင့် အစိုးရဆိုသည်မှာ တစ်ဖွဲ့တည်းက ရေရှည်အုပ်ချုပ်နေလျှင်လည်း မကောင်း၊ အစိုးရအဖွဲ့တွေ မကြာခဏ ပြောင်းလဲနေလျှင် လည်းမကောင်း ဟူသည့်သဘောရှိပြီး ကာလအကန့်အသတ် အတိုင်းအတာတစ်ခုအတွင်း လူထုကို ရွေးချယ်ခွင့်ပေးထားခြင်း ဖြစ်ပေလိမ့်မည်။
ယနေ့ မြန်မာ့နိုင်ငံရေး အပြောင်းအလဲတစ်ခုကို ရောက်နေပြီဆိုသည်မှာ ငြင်းဆန်၍မရသည့် ကိစ္စပင်။ အစိုးရအဖွဲ့သစ်သည် လူဟောင်းများဖြင့် ပွဲထွက်လာသည် ဆိုသော်လည်း နိုင်ငံရေးလမ်းကြောင်းကတော့ အသစ်ဖြစ်နေပြီဖြစ်သည်။ ပို၍ထင်ရှားသည်မှာ စစ်အစိုးရပုံစံမျိုး မဟုတ်တော့ဘဲ လွှတ်တော်တွင် ပြည်သူကို ကိုယ်စားပြုသော ပလေယာအသစ်များ ပါဝင်ခွင့်ရလာပြီဖြစ်သည်။ လာမည့် ရွေးကောက်ပွဲ သုံးလေးခုအတွင်း အစိုးရအဖွဲ့တွင် ပလေယာအသစ်၊ မျက်နှာသစ်များ ထပ်မံတွေ့မြင်ရဖွယ်ရှိပါသည်။ အနီးစပ်ဆုံး လာမည့် ကြားဖြတ်ရွေးကောက်ပွဲအပြီးတွင်ပင် လွှတ်တော်၌ မျက်နှာသစ်များ ထပ်မံတွေ့မြင်ရဖွယ်ရှိသည်။ သမ္မတ ဦးသိန်းစိန်နှင့် ဝါရှင်တန်ပိုစ့်တို့ တွေ့ဆုံမေးမြန်းအပြီးတွင် သမ္မတကြီးက ဒေါ်အောင်ဆန်းစုကြည် အစိုးရအဖွဲ့အတွင်း ပါဝင်လာရေးမှာ ၎င်းအနေဖြင့် လက်ခံရမည့်ကိစ္စဟု ထုတ်ဖော် ပြောကြားခဲ့ပြီးဖြစ်သလို ဒေါ်အောင်ဆန်းစုကြည်မှလည်း ပြည်သူ အတွက် အကျိုးရှိပါက အစိုးရအဖွဲ့အတွင်း ရာထူးရယူသွားဖွယ်ရှိကြောင်း အရိပ်အမြွက်ပြောကြားပြီးဖြစ်သည်။
တိုင်းပြည်၏ ပြောင်းလဲလာသော အခြေအနေများအပေါ် မူတည်၍ နိုင်ငံတကာ အသိုင်းအဝိုင်း၏ မြန်မာနိုင်ငံအပေါ် ထားရှိသည့် အမြင်များလည်း ပြောင်းလဲလာခဲ့ပြီဖြစ်သည်။  အထူးသဖြင့် မြန်မာနိုင်ငံကို ကာလရှည်ကြာ ပိတ်ဆို့ ထားခဲ့သော အမေရိကန် ပြည်ထောင်စုနှင့် အနောက်ဥရောပ နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးအဆင့်အထိ လာရောက်ပြီး အနာဂတ်တွင် မြန်မာနိုင်ငံနှင့် နီးကပ်စွာဆက်ဆံသွားနိုင်ရန် ကြိုးပမ်းဆောင်ရွက်မှုများ ဆက်တိုက်ဆိုသလို တွေ့နေရပြီဖြစ်သည်။ အာဆီယံဥက္ကဋ္ဌရာထူးကိုလည်း ၂၀၁၄တွင် စတင်ထမ်းဆောင်တော့မည်ဖြစ်ပြီး ပထဝီနိုင်ငံရေး အခြေအနေကြောင့် လွတ်လပ်သော အာဆီယံ ကုန်သွယ်မှုဇုန်ပေါ်အပြီးတွင် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုမှာ ရုတ်ခြည်းမြင့်တက်လာနိုင်မည့် အလားအလာကောင်းများလည်း မြင်တွေ့နေရပြီ ဖြစ်သည်။ ရေမြင့်လျှင်ကြာတင့်ဆိုသကဲ့သို့ပင် နိုင်ငံရေး၊ စီးပွားရေးများ ဖွံ့ဖြိုးမှုနောက်တွင် လူမှုရေးဖွံ့ဖြိုးမှုများလည်း ကပ်ပါလာပြီး ယင်းကြောင့် ဖြစ်ထွန်းလာသည့် အကျိုးဆက်များကို ခံစားရမည်မှာလည်း မြန်မာပြည်သူများပင်ဖြစ်ပါသည်။
ထိုကဲ့သို့ အခြေအနေမျိုးသို့ ရောက်ရှိရန် မြန်မာ့ဒီမိုကရေစီ အပြောင်းအလဲခရီးမှာ ၂၃ နှစ်တာမျှ ကြာမြင့်ခဲ့ရသည်။ နိုင်ငံရေးအင်အားစုများနှင့် မီဒီယာတို့မှာ အခွင့်အလမ်းပေါ်သည်နှင့် ဒီမိုကရေစီ အပြောင်းအလဲအတွက် အင်တိုက်အားတိုက် ပါဝင်ဆောင်ရွက်ခဲ့ကြရသည်လည်း ဖြစ်သည်။ အထူးသဖြင့် စာပေလွတ်လပ်ခွင့် အထိုက်အလျှောက်ရလာသည့် အချိန်မှစ၍ မီဒီယာမှာ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်လာခဲ့ သည်။ အချို့သောမီဒီယာများမှာ ယနေ့ကဲ့သို့ နိုင်ငံရေးအခင်းအကျင်း ပေါ်ပေါက်လာစေရေးအတွက် အပြင်းအထန်ဝေဖန်ခံ၍၊ ကြံ့ကြံ့ခံ၍ ရပ်တည် လာခဲ့ရသည်။ ထို့ကြောင့် မီဒီယာအနေဖြင့် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွင် တာဝန်ကျေခဲ့သည်ဟုပင် ဆိုရမည်ဖြစ်သည်။
သို့သော် ယနေ့မီဒီယာများ၏ လုပ်ရပ်က နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွင် မီဒီယာတို့ ပေးဆပ်ခဲ့ရသော စေတနာတွေကို ဝေဒနာတွေဖြစ်အောင် လုပ်နေသကဲ့သို့ ဖြစ်နေသည်။ ဆိုရလျှင် မီဒီယာတွေကိုယ်တိုင်က ၎င်းတို့ ကြိုးပမ်းခဲ့သော နိုင်ငံရေး ပြောင်းလဲမှုကို နောက်ကြောင်းပြန်လှည့်အောင် လုပ်နေကြခြင်းဖြစ်သည်။ ထင်ရှားမြင်သာသည့်ကိစ္စမှာ အန်ကယ်ကြီးကို ပရိုမိုးရှင်းလုပ် ပွဲထုတ်လာကြခြင်းဖြစ်သည်။ မားသားကြီး ဆိုသည်မှာ ဒေါ်အောင်ဆန်းစုကြည်၊ ဘရားသားကြီးဆိုသည်မှာ ကိုမင်းကိုနိုင်ဟု ပြောဆိုသုံးနှုန်းကြသဖြင့် အန်ကယ်ကြီးဆိုသူမှာ ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်ကို ဆိုလိုခြင်းဖြစ်ကြောင်း စာရှုသူအနေဖြင့် သဘောပေါက်နိုင်ပါလိမ့်မည်။ စနေနေ့ နံနက်ပိုင်းထုတ် ရန်ကုန်ခရော်နီကယ် အပတ်စဉ်ထုတ်စာစောင် ခေါင်းကြီးပိုင်းတွင် အယ်ဒီတာဖြစ်သူက “ကျားသေကိုအသက်သွင်းကြသူများသို့” ဟု ခေါင်းစဉ်တပ်၍ ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်ကို နိုင်ငံရေးလောကထဲ ပြန်ဆွဲခေါ်ရန် ကြိုးပမ်းနေသည့် မီဒီယာများကို သတိပေးထားသည်ကို ဖတ်လိုက်ရသည်။ အင်တာနက်စာမျက်နှာများတွင်လည်း ဦးခင်ညွန့် နိုင်ငံရေးထဲ ပြန်ဝင်သင့်၊ မဝင်သင့်၊ ယခင်က ဦးခင်ညွန့် ကျူးလွန်ခဲ့သော လူသားချင်း မတရားမှုများကို သင်ပုန်းချေပေးသင့်၊ မပေးသင့် စသည်ဖြင့် အငြင်းပွားသည့် စာတွေလည်း ဆက်တိုက်ဆိုသလို တွေ့လာရသည်။
ထို့ကြောင့် မီဒီယာများအား နိုင်ငံရေးပြောင်းလဲမှုကို ဆောင်ရွက်ရာတွင် မည်သို့ ဆောင်ရွက်နေသနည်းဟု မေးခွန်းထုတ်ရမလို ဖြစ်လာသည်။ အထက်ကဆိုခဲ့သော ရန်ကုန်ခရော်နီကယ်ခေါင်းကြီးကဲ့သို့ပင် စောင်ရေတက်လို၍လော၊ မသိနားမလည်၍လော၊ သို့တည်းမဟုတ် မည်သို့မည်ပုံ ပြောင်းပြောင်း ပြောင်းဖို့ကအဓိက ယခင်ကစစ်အုပ်ချုပ်ရေးမှ ဒီမိုကရေစီဖြစ်အောင် ပြောင်းခဲ့သည်၊ ယခု ဒီမိုကရေစီမှ စစ်အုပ်ချုပ်ရေးဖြစ်အောင် ပြန်ပြောင်းလိုက်ဦးမည်ဟူသည့် စေတနာတွေကြောင့်လောဟူ၍ အမှန်တကယ်ပင် မေးစရာ၊ တွေးစရာတွေ ပေါ်လာပါသည်။ အမည်တပ်၍ အပြစ်ဆိုရလျှင် လျှပ်တပြက် အယ်ဒီတာချုပ် ဦးမြတ်ခိုင်နှင့် အန်ကယ်ကြီးတို့ပြုလုပ်သော အင်တာဗျူးမှာ စိတ်မချမ်းသာစရာပင်။ ဦးကျော်ဆန်း၏ လက်ကိုင်ဒုတ်ဟု ကင်ပွန်း တပ်ခံရလောက်အောင်ပင် ဦးမြတ်ခိုင်မှာ အန်ကယ်ကြီးကို မြှောက်ထိုးပင်ကော်လုပ်၍ နိုင်ငံရေးအတွင်းပြန်လာရန် ညိုမြလုပ်နေသည်။ နောက် ဂျာနယ်တစ်စောင်မှာ ဖေးဘရိတ်ဂျာနယ် ဖြစ်သည်။ တိုင်းပြည်ကို ယနေ့တိုင် နာလံပြန်မထူနိုင်အောင် လုပ်သွားခဲ့သော ဦးနေဝင်းမိသားစုမှ  မြေးဖြစ်သူ ဇွဲနေဝင်းကို သတင်းလုပ်၍ ဖော်ပြလိုက်သေးသည်။ နိုင်ငံရေးနှင့် မည်သို့မျှမပတ်သက်သော မာဖီးယားကို ပွဲထုတ်သည့် ထိုမီဒီယာ၏ ရပ်တည်ချက်ကိုလည်း နားလည်၍မရ။ မိမိတို့ လုပ်ရပ်မည်မျှ အန္တရာယ်ကြီးနေသည်၊ နိုင်ငံတည်ဆောက် ရေးကို မည်မျှ ထိခိုက်သွားစေသည်ဆိုသည်ကို တွေးကြဖို့ကောင်းပါသည်။
စာရေးသူအနေဖြင့် အန်ကယ်ကြီးကို လူတော်တစ်ယောက်၊ တိုင်းပြည်အတွက် အသုံးဝင်သူတစ်ယောက်ဟု လက်ခံနိုင်သည့်တိုင် တိုင်းပြည်ကို နောက်တစ်ကြိမ် အန္တရာယ်မပြုတော့ဟူသည့် ယုံကြည်မှုမျိုး မရှိနိုင်သေးသည်မှာလည်း ပုဂ္ဂိုလ်ရေး ခံစားမှုသက်သက်သာဖြစ်ပါသည်။ အန်ကယ်ကြီးကို အချို့သောပြည်သူများက ဒေါ်အောင်ဆန်းစုကြည်ထက်ပင် ချစ်ခင်နှစ်သက်ကြသည်ကိုလည်း မျက်ဝါးထင်ထင် မြင်တွေ့ဖူးပါသည်။ သို့ရာတွင် အာဏာ ဆိုသည်မှာ တိမ်းမူးရီဝေစေတတ်သည့် သဘောရှိရာ အာဏာခုံပေါ် ပြန်ရောက်သည်နှင့် တပြိုင်နက် ယခင်ကကဲ့သို့သော အာဏာတည်ဆောက်မှုမျိုး မလုပ်နိုင်ဟုလည်း အာမခံ၍မရသည့် အခြေအနေလည်း ရှိပါသည်။ ထို့ကြောင့် အထက်ပါခေါင်းကြီးတွင် ဖော်ပြထားသလိုပင် ကျားသေကို ပြန်၍ အသက်မသွင်းကြခြင်းမှာ အကောင်းဆုံးဖြစ်ပါလိမ့်မည်။ အန်ကယ်ကြီးအနေဖြင့် ပြစ်ဒဏ်ကျခံရပြီး အကျယ်ချုပ်မှ လွတ်မြောက်လာသဖြင့်သာ ယခင်က ၎င်းကျူးလွန်ခဲ့သော လူသားချင်း အနိုင်အထက်ပြုကျင့်မှု၊ လူ့အခွင့်အရေး ချိုးဖောက်မှုများကို  ပြည်သူတွေက ခေတ္တမေ့လျော့နေကြခြင်းသာဖြစ်သည်။ သို့တည်းမဟုတ် မြန်မာလူမျိုးများပီပီ လွယ်လွယ်ကူကူ ခွင့်လွှတ်လိုက်ကြခြင်းလည်း ဖြစ်နိုင်ပါသည်။ ခွင့်လွှတ်နိုင်မှုနှင့်အတူ တပါတည်း မေ့ပစ်နိုင်ကြ လျှင် ပိုမိုကောင်းမွန်နိုင်ပါသည်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို ယခင်က ၎င်းကျူးလွန်ခဲ့မှုများကို မေ့မေ့ပျောက်ပျောက်ဖြစ်၍ နိုင်ငံရေးထဲ ပြန်မလာတော့ရန် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် သမ္မတကြီးကဲ့သို့သော ဗိုလ်ချုပ်ဟောင်းများကိုယ်တိုင် လုပ်ဆောင်နေကြသည်ကို အတုယူနိုင်ကြလျှင် ပိုကောင်းပါလိမ့်မည်။
နိုင်ငံရေးဆိုသည်မှာ ဆက်လက်ရွေ့လျားနေမည်သာဖြစ်ပြီး ပါဝင်ပတ်သက်သည့် ဇာတ်ကောင်များသည် တစ်ချိန်ချိန်တွင် သမိုင်းအဖြစ်သာ ကျန်ရှိခဲ့ လိမ့်မည်ဖြစ်သည်။ အန်ကယ်ကြီးကိုလည်း ရာဇဝင်ထဲမှာ ထားခဲ့ခြင်းကသာ အကောင်းဆုံးဖြစ်ပါလိမ့်မည်။ ထိုထက်ပိုလျှင်မူ………………။
yangonchronicle
ရာဇဝင်ထဲမှာ အန်ကယ်ကြီးကို ထားခဲ့ ရာဇဝင်ထဲမှာ အန်ကယ်ကြီးကို ထားခဲ့ Reviewed by သစ်ထူးလွင် on 08:06 Rating: 5

14 comments:

Unknown said...

ဆရာအောင်မောင်းပြောတာမှန်ပါတယ်...အန်ဒရယ်ကြီးကိုရာဇ၀င်ထဲမှာထား ခဲ့တာအကောင်းဆုံးပါဘဲ.. အန်ဒရယ်ကြီးကြောင့်သေခဲ့ကြရတဲ့ကျောင်းသားပြည်သူတွေအများကြီးပါဘဲ...သူ့ကြောင့်...သူ့ကြောင့်ပြည်သူတွေဆင်းရဲမွဲတေခဲ့ရပါတယ်...သူ့ကြောင့်...သူ့ကြောင့်စစ်အစိုးရအသက်ရှည်ခဲ့ရပါတယ်..သေပြီးသာဖုတ်ကြီးကိုတိုင်းပြည်မျက်နှာထောက်ပြီးပြန်လည်အသက်မသွင်း ကြပါနဲ့တော့ဗျို့.......

Unknown said...
This comment has been removed by a blog administrator.
Su Su Aung said...

မှန်ပါတယ်။ နိုင်ငံရေးလှုပ်ရှားတဲ့သူတွေကို ရက်ရက်စက်စက်နှိပ်ကွပ်ပြီး စစ်အာဏာရှင်သက်ဆိုးရှည်အောင်လုပ်ပေးတဲ့သူ၊ စစ်တပ်ဟာ မိုးပေါ်ထောင်မဖောက် မှန်အောင်တည့်တည့်ပစ်တယ်ဆိုတာတွေကို အလွယ်တကူမေ့ပစ်လိုက်လို့ကတော့ စစ်အာဏာရှင်စနစ်ပြန်လည်နှိုးထ လာနိုင်ပါတယ်။

paganthar said...

ဒီလိုမျိုးနေရမယ်ဆိုရင်၁၀ဘဝအကျယ်ချုပ်နဲ့နေနိုင်ပါတယ်ဟဟ

hate love said...

သူမှားတာတွေကိုတစ်ခါမှမတောင်းပန်သေးဘူးနော်။
မှားခဲ့တယ်လို့လဲမမြင်သေးသလိုဘဲ။
ထပ်မှားဖို့နေရာပေးကြအုံးမှာလား။
ဒေဝဒတ်ကိုဆွမ်းကပ်ဖို့ပြင်နေကြတာလား။
ဒီမိုကရေစီဆိုတာလွတ်လပ်ခွင့်။လူသားလိုနေထိုင်သောသူများ
အတွက်ဟုထင်ပါသည်။သူခိုးများ.လူဆိုးများအတွက်ဒီမိုကရေစီ
ဆိုရင်တော့မြန်မာ့အနာဂတ်ဟာ(ပလာစတာလိုကပ်ပြီးအနာပျောက်ရင်ပြန်ခွာလို့ရတဲ့ကပ်ခွာ)အနာကပ်ပဲဖြစ်နေမှာစိုးပါသည်။

ရာရာ said...

ကိုအောင်မောင်းရေ..
ရာဇ၀င်ထဲက အဲ့ဒီ အန်ကယ်ကြီးက အခု သူ့အပြစ်တွေအကုန်ကျေကုန်ပြီလားဗျာ။ သန့်ရှင်းတဲ့လူတစ်ယောက်ဖြစ်သွားပြီလားဆိုတဲ့မေးခွန်း ကျွန်တော့်ခေါင်းထဲမှာရှိနေတယ်..။ တကယ်တန်း သူကျတဲ့အပြစ်က သူလုပ်ခဲ့တဲ့ပြစ်မှုတွေအတွက်မဟုတ်ဘူးလေ။ ဘိုးသန်းရွှေက ဖြုတ်ထုတ်သတ် အနေနဲ့ ချထားတာမလား။ တကယ်ဆို ရာဇ၀င်ထဲမှာ အဲ့ဒီအန်ကယ်ကြီးကိုဒီတိုင်းထားခဲ့လိုမရသေးဘူး..သူ့ကျူးလွန်ခဲ့တဲ့အပြစ်တွေအများကြီးကျန်သေးတယ်လို့ပြောချင်ပါတယ်.

Anonymous said...

ရာရာ

သူတို့ရာထူးနေရာမှာ ရာရာသာဖြစ်ခဲ့မယ်ဆိုရင် ဒီထက်ပိုဆိုးခဲ့မယ်လို့ ရာရာရဲ့ Comments တွေဖတ်ရင်သိသာတယ်နော်။

ဘာကြောင့်များအကုသိုလ်ဝင်ယူနေတာလဲ။အရမ်းမနာလိုခဲ့ပုံရတယ်နော်။

disppla said...

အန်ကယ်ကြီးဆိုတာ ရိုသေလွန်းပါတယ်။ သူထောင်ကျတဲ့ရက်(date)နဲ့
သူဒုက္ခပေးခဲ့တဲ့လူ(မိသားစုတွေ မပါသေးဘူး)တွေနဲ့ ယှဠ်ရင်တောင်မမျှတသေးပါဘူး
ဖြစ်နိုင်ရင် အနာဟောင်းကို ပြန်မဆွပေးကြပါနဲ့ဗျာ။
မေ့လက်စနဲ့မေ့သွားပါရစေ

Tet Toe said...

ဂန္ဓီပြောတာလို့မှတ်သားမိပါတယ်။ ``ခွင့်လွတ်ဖို့ ဆိုတာမေ့ပစ်ဖို့မဟုတ်ဘူး`` တဲ့။
ကျူးလွန်ခဲ့တဲ့သူ့အမှားတွေကိုလည်းမှားပါတယ်လို့ခုထိဝန်မခံသေးဘူး။
အမှားတွေခွင့်လွှတ်တယ်ထားဦး မေ့ပစ်လိုက်ကြတော့မှာလား။ ဗမာတွေသည်းခံ စိတ်ရှိတယ်ဆိုတာထက် ခပ်ညံ့ညံ့တွေအဖြစ်ခံကြတော့မှာလား။

thetswan88 said...

ခွင့်လွတ်နားလည်မှုပေးတယ်ဆိုတာက အမှားတွေကိုဝန်ခံ၊ ပေးတဲ့အပြစ်တွေကို ခံယူပြီးမှ ရမှာပါ။ ဦးခင်ညွန့် ညှင်ပန်းသတ်ဖြတ်ဖို့ ပေးခဲ့ တဲ့အမှုတွေကများတော့ သူကို ခွင့်လွတ်ဖို့ ဆိုတာက အရမ်းဝေးပါတယ်။

AUSTIN said...

သန်းရွှေရဲ့လှည့်ကွက်တွေနော်...ပြည်သူလူထုတစ်ရပ်လုံးက အမေစု ကို
အာရုံစိုက်နေချိန်မှာ သူ့ကိုပြန်လွှတ်ပေးတာ စိတ်ဓာတ်စစ်စင်ရေးတစ်ခုပဲ...
အခုပဲကြည့် မီဒီယာတစ်ခို့သူ့သတင်းတွေဖော်ပြလာပြိ...အာရုံပြောင်းနေတာ
သက်သက်ပဲ...မယုံရင်စောင့်ကြည့်ကျပါ...ရွေးကောက်ပွဲနည်းလာရင်ပိုလို့
ပိုလို့...

sirimingala said...

ခင်မမလို မြတ်ခိုင်လို လူစားတွေရှိနေသရွေ့တော့ စာပေသမားတွေသိက္ခာကျနေဦးမှာပဲ။ စီးပွားရေးကိုပဲကြည့်ကြတာ။ အတ္တသမားတွေ။ ဆောင်းပါးကိုသဘောကျတယ်ဗျာ။ကျေးဇူး။

haymann said...

သူဆိုးခဲ့တာကို လူတိုင်းသိခဲ့တယ် ။သူခံလိုက်ရတာလဲ လူတွေသိတယ် အများပြည်သူတွေသိတယ်ပေါ့နော် ။ယခုလက်ရှိစစ်ဥပဒေချုပ် ဦးရာပြည့်တဲ့ အယင် တောင်ကြီးမြိုမှာတိုင်းမှုး ဘ၀တုန်းက လူကြီးမဆန်တဲ့အာဏကိုအလွဲသုံးစားလုပ်ပြီး ငွေကိုစားပြိး ဘောပင် နီလေးနဲ့လက်မှတ်ထိုးခွင့်ပြုချက်တွေပေးခဲ့တာ ။ အရေးကြုံတော့ လုံးဝအပြစ်ကင်းတဲ့ပြည်သူကောင်းနဲတပည့်ကောင်းရဲမိန်းမကို သေစေ အချုပ်ကျစေခဲ့တာ ကို သူမပာုတ်သလို့လုပ်ပြီး ဌာနာဆိုင်ရာကို ဖုန်းနဲ (ထောင်ကျအောင်လုပ်ပေးနော် )ဆိုပြီးနုတ်ပိတ်ချင်နေတဲ့လုပ်ရပ် ကို ဘယ်လို့ခွင့်လွှတ်လို့ရမလဲ အမှောင်ကနေဓါးထိုးတာ ဘယ်ကစစ်ဥပဒေချုပ်ဆိုတဲ့ ရာထူးနဲ့တန်မလဲနော်။

haymann said...

ကျမအထင်တော့ ဦးခင်ညွန်က အယင်ကမိုးပေါ့်က စတား နောက်ပိုင်းသူ မြောင်းထဲရောက်သွားခံလိုက်ရတဲ့ ဖီလင် ကို ခံစားကြည့်လိုက်ပါ သူခံစားရမှာပါ ။တခါလောက်တော့ အခွင့်ရေးပေးသင့်တယ်လို့ ကျမ ယူဆတယ် ဒိလိုလူက ပိုကောင်းတတ်ပါတယ် ။မစမ်းကြည့်ယင်ဘယ်သိမလဲနော် ။သူမှတ်နေလောက်ပါပီ ။စတား နော် ။ဝန်ကြီးချုပ်နော်။ ခုလို့ဘ၀ကိုရောက်၇တာ သူသိတာပေါ့ ဘာလဲဆိုတာလေနော် ။ကျမညီမခံလိုက်ရတာက ယခုစစ်ဥဒေချုပ်ဦးရာပြည့် မင်းသားခေါင်းစွပ်ပြီးဘီလှူးလုပ်တာ နောက်ကွက်ကနေ စစစတွေကို အမိန့်ပေးပြီးလုပ်ဆောင်ခိုင်းသမျှ အကုန်ပေါ်နေတာတောင် မသိပာန်ဆောင်ပြီး ဒုက္ခဆက်ပေးနေသေးတာ ဘောင်းဘီတောင်တစ်ဝက်ကျွတ်ကျနေတာကို ဦးရာပြည့် မသိဘူးလားနော်
တော်တော်များများလူကြီးသနေပြီး သူစေခိုင်းဖုန်းဆက်တဲ့ လူကြီးတွေလဲ သူကိုဝေဖန်နေပြီးသူမကြားဘူးလားမသိဘူး ။ ပြည်သူများအာလုံးရေ အဲဒါမျိုးလူက ကြောက်စရာ မုန်းစရာကောင်းပြီး အော့ကလီဆန်ဖို့ကောင်းတာ ပါ ။

Powered by Blogger.