စီးပွါးရေးပိတ်ဆို့ မှု ရုတ်သိမ်းဖို့ စဉ်းစားတော့မည်

လုံလောက်သည့် တိုးတက်မှုများ ရှိခဲ့မည်ဆိုပါက စီးပွားရေးပိတ်ဆို့မှုများကို ရုပ်သိမ်းရန် စဉ်းစားမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က ဒီဇင်ဘာလ ၂ ရက်နေ့တွင် ပြောကြားခဲ့သည်။
ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးတွင် ဒီဇင်ဘာလ ၂ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်ခန့်တွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲ၌ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က Eleven Media Group ၏ မေးမြန်းမှုနှင့် ပတ်သက်၍ ပြန်လည်ဖြေကြားရာတွင် အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ဂျာနယ်လစ်များ၏ မေးမြန်းမှုကို လက်မခံမီ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က သူမ၏ ခရီးစဉ်နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင် နိုင်ငံရေး အကျဉ်းသားများကိစ္စ၊ တိုင်းရင်းသား လူမျိုးစုဒေသများအရေး၊ မြန်မာနိုင်ငံရှိ နေရာတိုင်းက နိုင်ငံသားတိုင်း ငြိမ်းချမ်းရေးနှင့် တရားမျှတရေးကို မခံစားနိုင်သမျှ ကာလပတ်လုံး တစ်ကယ်စစ်မှန်သည့် ငြိမ်းချမ်းရေးနှင့် တရားမျှတမှု မရှိနိုင်ကြောင်း၊ မြန်မာနိုင်ငံကို အကူအညီပေးရေးနှင့် မြန်မာခေါင်းဆောင်များ ပြုပြင်ပြောင်းလဲရေးလမ်းကြောင်းပေါ် ဆက်လျှောက်နေမည်ဆိုပါက အမေရိကန်ပြည်ထောင်စုအနေဖြင့်  မြန်မာခေါင်းဆောင်များနှင့်အတူ အဆိုပါလမ်းပေါ်တွင် လျှောက်လှမ်းရန် အသင့်ရှိပါကြောင်းတို့ကို ထည့်သွင်းပြောကြားခဲ့သည်။

"နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ်ပေးရေး၊ တိုင်းရင်းသား လူမျိုးစုဒေသများ နိုင်ငံရေး၊ လူမှုရေးနယ်များ နေရာချဲ့ပေးရေး၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ရရှိရေး၊ နိုင်ငံပြောင်းလဲရေး လမ်းကြောင်းပေါ်မှာ ဆက်လက်လျှောက်လှမ်းသွားရာကနေ ကျွန်မတို့ ဆွေးနွေးကြရမှာပါ။ ဒီနေ့မနက်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ပါတယ်။ နိုင်ငံရေးပါတီ ပြန်လည်မှတ်ပုံတင်မယ်ဆိုတာလည်း သိခဲ့ရပါတယ်။ ယုံကြည်ချက်ကြောင့် အကျဉ်းချခံနေရတဲ့ နိုင်ငံရေးအကျဉ်းသား တစ်ထောင်ကျော် ကျန်ရှိနေပါတယ်။ ဒါ့ပြင် ကမ္ဘာလုံးဆိုင်ရာ အခွင့်အရေးများကို ငြင်းပယ်ခြင်းခံနေခဲ့ရတဲ့ လူသန်းပေါင်းများစွာ ရှိနေပါတယ်။

နိုင်ငံပြုပြင်ပြောင်းလဲရေး အတွက် အစိုးရရဲ့ ကတိက၀တ်ကို ဆုံးဖြတ်ပေးမှာကတော့  ယုံကြည်ချက်ကြောင့် အကျဉ်းချခံနေရတဲ့ နိုင်ငံရေး အကျဉ်းသားတွေအားလုံး လွှတ်ပေးရေးသာဖြစ်လိမ့်မယ်လို့ ကျွန်မတို့ သဘောတူညီခဲ့ကြပါတယ်။ လွတ်လပ်ရေးရပြီးကတည်းက ပြိုကွဲခဲ့တဲ့ အမျိုးသား ပြန်လည်စည်းလုံးညီညွတ်ရေးဟာ စိန်ခေါ်မှုတစ်ရပ်ဖြစ်ကြောင်း ကျွန်မတို့ ဆွေးနွေးခဲ့ကြပါတယ်။ လူမျိုးပေါင်းစုံ ကွဲပြားစွာနေထိုင်ကြတဲ့ ဒီနိုင်ငံထဲကနေရာတိုင်းက နိုင်ငံသားတိုင်း ငြိမ်းချမ်းရေးနဲ့ တရားမျှတရေးကို မခံစားနိုင်သမျှ ကာလပတ်လုံး တစ်ကယ်စစ်မှန်တဲ့ ငြိမ်းချမ်းရေးနဲ့ တရားမျှတမှုဆိုတာ မရှိနိုင်ပါဘူး။

နိုင်ငံရေးနဲ့ လူမှုရေးကိစ္စတွေ တစ်စုံတရာ ဖွံ့ဖြိုးတိုးတက်လာပေမယ့် အထူးသဖြင့် ရန်ကုန်မြို့မှာ တိုးတက်မှုတစ်စုံတစ်ရာ ရရှိလာခဲ့ပေမယ့် ကျန်ဒေသတွေ အထူးသဖြင့် တိုင်းရင်းသား လူမျိုးစုတွေ အများဆုံး နေထိုင်ကြတဲ့ဒေသတွေမှာ အကြမ်းဖက်မှုတွေ၊ ဆင်းရဲနွမ်းပါးမှု၊ စာမတတ်မြောက်မှုတွေဟာလည်း လက်မခံနိုင်လောက်အောင် အလွန်မြင့်မားနေဆဲဖြစ်သလို အဓမ္မ နှိပ်စက်ခြင်းကို ဒီဒေသတွေမှာ ခံစားနေရပါတယ်။ အလွန်အကျွံလောက်အောင် များပြားတဲ့လူမျိုးစု ကွဲပြားနေတာဟာ ဒီနိုင်ငံမှာ များပြားနေပါတယ်။ ဗုဒ္ဓဘာသာ၊ အစ္စလာမ်၊ ခရစ်ယာန် တခြားဘာသာကို ကိုးကွယ်နေကြတဲ့သူတွေ၊ ကိုယ်တိုင် သီးခြားဘာသာစကားနဲ့ ယဉ်ကျေးမှု ဓလေ့ထုံးစံတွေရှိကြတဲ့ တိုင်းရင်းသား လူမျိုးပေါင်းစုံ တစ်ရာကျော် ရှိကြတဲ့ နိုင်ငံလည်းဖြစ်တယ်။

သူတို့အားလုံးဟာ ကမ္ဘာလုံးဆိုင်ရာ အခွင့်အရေးတွေ ရှိသင့်သလိုသူတို့ဟာလည်း နိုင်ငံရဲ့အနာဂတ်ရေးမှာလည်း ပါဝင်ဆုံးဖြတ်ခွင့် ရှိသင့်ပါတယ်။ နိုင်ငံရဲ့သဘာဝသယံ ဇာတ ကြွယ်ဝမှုကို နိုင်ငံသားတိုင်းခံစားခွင့် ရှိသင့်တဲ့ အရပ်သားလူ့ဘောင်ခေါင်းဆောင်တွေနဲ့ ကျွန်မတို့တွေ သဘောတူညီမှုရှိခဲ့ကြပါတယ်။

ကျွန်မ ဒီနေ့တွေ့ခဲ့ရတဲ့ စည်းရုံးလှုပ်ရှားသူများနဲ့ တက်ကြွဆောင်ရွက်နေသူများက သူတို့ ရင်ဆိုင်နေကြရတဲ့ စိန်ခေါ်မှုအများအပြားနဲ့ နိုင်ငံတကာအသိုင်းအ၀ိုင်းကနေ ရရှိဖို့ သူတို့မျှော်လင့်ထားတဲ့ သူတို့ ပံ့ပိုးမှုတွေကို ကျယ်ကျယ်ပြန့်ပြန့် ပြောခဲ့ကြပါတယ်။ သူတို့ရဲ့ စိုးရိမ်မကင်းဖြစ်မှုတွေ၊ အရပ်သားလူ့ဘောင် တခြားသူက ကြောင့်ကြမှုတွေကို အမေရိကန်က ကြားနာခဲ့ရပါတယ်။ ဒီနိုင်ငံက ပြည်သူလူထုအတွက် ကျွန်မတို့ သရုပ်ဖော်ဖို့ ဆောင်ရွက်သွားမယ့် အစီအစဉ်များကို တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ပွင့်လင်းစွာ ကြေညာလိုပါတယ်။ ဒါက အစိုးရကနေ လုပ်မှာ မဟုတ်ပါဘူး။

ဒီနိုင်ငံက ခေါင်းဆောင်တွေကို ကျွန်မတို့ နောက်တစ်ခေါက် ပြောချင်ပါ တယ်။ လူကြီးမင်းတို့ဘက်က ပြုပြင် ပြောင်းလဲရေးလမ်းကြောင်းပေါ်ဆက် လျှောက်နေမယ်ဆိုပါရင် အမေရိကန်ပြည်ထောင်စုကနေ လူကြီးမင်း တို့နဲ့အတူ အဲဒီလမ်းပေါ်မှာလျှောက်လှမ်းဖို့ အသင့်ရှိပါတယ်။
ကျွန်မတို့ ဆောင်ရွက်သွားမှာကတော့ နိုင်ငံတစ်ဝန်းလုံး အထူးသဖြင့် တိုင်းရင်းသားလူမျိုးစုများ နေထိုင်ရာဒေသတွေမှာ အသေးစားချေးငွေ၊ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ တခြားအရေးကြီးတဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းနေသော အရပ်သားလူ့ဘောင်အဖွဲ့များကို တိုးမြှင့် ထောက်ပံ့သွားပါ့မယ်။ ဒုတိယက အာဆီယံနဲ့ အရှေ့-အနောက်စင်တာတို့ တွဲပြီး အင်္ဂလိပ်စာ ထိရောက်စွာ သင်ကြားရေး ကနဦးဆောင်ရွက်ချက်များအပါအ၀င် ပြန်လည်ဖလှယ်ရေး အစီအစဉ်သစ်များကို ဆောင်ရွက်သွားပါ့မယ်။ တတိယကတော့ ပြည်တွင်း မိတ်ဖွဲ့အဖွဲ့အစည်းတွေနဲ့ မြန်မာနိုင်ငံသားများ တိုးတက်အောင် အခွင့်အရေးပေး လက်တွေ့ဆောင်ရွက်နေသူများနဲ့ ပူးပေါင်း ဆောင်ရွက်သွားပါမယ်။ စတုတ္ထအနေနဲ့ ကျန်းမာရေး၊ အုပ်ချုပ်ရေးနဲ့ တခြားကိစ္စရပ်များမှာ ပညာရေးဆိုင်ရာ ဖလှယ်ရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးတို့ကို တိုးမြှင့်ဆောင်ရွက်နေကြတဲ့ အမေရိကန်တက္ကသိုလ်တွေ ဖောင်ဒေးရှင်းတွေကို ကျွန်မတို့ ပံ့ပိုးပေး သွားပါမယ်။

မနေ့ကပြောခဲ့သလိုပဲ ပြုပြင်ပြောင်းလဲမှု အရှိန်အဟုန်ကို ထိန်းထားမယ်ဆိုရင် ဒီထက်မက ဆောင်ရွက်ပေးသွားဖို့ ပြင်ဆင်ထားပါတယ်။ မိခင် ဧရာဝတီရဲ့ ရေစီးလိုပါပဲ။ လူသားလွတ်မြောက်ဖို့ ရေစီးကို ထိန်းထားလို့ မရပါဘူး။ ဒီနိုင်ငံက ခေါင်းဆောင်တွေကို ကျွန်မတို့ နောက်တစ်ခေါက် ပြောချင်ပါ တယ်။ လူကြီးမင်းတို့ဘက်က ပြုပြင် ပြောင်းလဲရေးလမ်းကြောင်းပေါ်ဆက် လျှောက်နေမယ်ဆိုပါရင် အမေရိကန်ပြည်ထောင်စုကနေ လူကြီးမင်း တို့နဲ့အတူ အဲဒီလမ်းပေါ်မှာလျှောက်လှမ်းဖို့ အသင့်ရှိပါတယ်။

အထဲမှာပါ၊ အပြင်မှာပါရှိကြတဲ့ ပြုပြင်ပြောင်းလဲသူများကို ကျွန်မတို့ ပံ့ပိုးပေးသွားပါမယ်။ လာမယ့်အရေးကြီးလှတဲ့ နေ့ရက်များမှာ အမေရိကန် နိုင်ငံသားတို့ရဲ့ မျှော်လင့်ချက်နဲ့ ဆုတောင်းများက မြန်မာနိုင်ငံသူ၊ နိုင်ငံသားများနဲ့ အတူရှိနေပါတယ်။ မြန်မာနိုင်ငံသူ၊ နိုင်ငံသားတို့ရဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို မရရအောင် ဆောင်ရွက်သွားပေးဖို့ စိတ်အားထက်သန်နေပါတယ်" ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က ပြောကြားခဲ့သည်။

ထို့နောက် သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်လာသည့် ပြည် တွင်း၊ ပြည်ပသတင်းထောက်များ၏ မေးမြန်းမှုကို လက်ခံရာတွင် ပြည်ပသတင်းထောက်မှ မေးခွန်းတစ်ခု နှင့် ပြည်တွင်းသတင်းထောက်မှ မေး ခွန်း တစ်ခု တို့ကိုသာ ဖြေကြား သွားခဲ့သည်။

Eleven Media Group မှ သတင်းထောက်က နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်၏ ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ လွှတ်တော်ဥက္ကဋ္ဌများ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း၊ ယင်းကဲ့သို့ တွေ့ဆုံဆွေးနွေးပြီးနောက် အမေရိကန်၏ မြန်မာနိုင်ငံအပေါ်ချမှတ်ထားသည့် စီးပွားရေးပိတ်ဆို့ အရေးယူမှုကို ရုပ်သိမ်းပေးရန် အလားအလာများ ရှိလာပါသလားဟု  မေးမြန်းခဲ့ရာ အမေရိကန်နိုင်ငံခြား ရေးဝန်ကြီး ဟီလာရီကလင်တန်က "ကျွန်မတို့မှာ အစိုးရအတွက် ကျွန်မတို့မြင်ချင်တဲ့ စဉ်ဆက်မပြတ် ဆောင်ရွက်သွားရမယ့် လုပ်ငန်းတွေအတွက် ရေးဆွဲသတ်မှတ်ထားတာတွေ ရှိပါတယ်။ ကျွန်မအနေနဲ့ သီးသန့် ဆွေးနွေးပွဲမှာရော၊ အများပြည်သူဆွေးနွေးပွဲတွေမှာပါ ပြောခဲ့တာကတော့  ကျွန်မတို့အနေနဲ့ လုပ်ဆောင်ချက်တစ်ခုကို လုပ်ဆောင်ချက်တစ်ခုနဲ့ တုံ့ပြန်ဆောင်ရွက်သွားမှာ ဆိုတာပါပဲ။ တစ်ကယ်လို့များ လုံလောက်တဲ့ တိုးတက်မှုများ ရှိခဲ့မယ်ဆိုရင်တော့ လုံးဝသိသာတာကတော့ ကျွန်မတို့အနေနဲ့ စီးပွားရေး ပိတ်ဆို့မှုတွေကို ရုပ်သိမ်းပေးဖို့ စဉ်းစားသွားမယ် ဆိုတာပါပဲ။ ဒါပေမယ်လို့ ကျွန်မ အရင်ကပြောသလိုပဲ ကျွန်မတို့အနေနဲ့ ထိတွေ့ဆက်ဆံမှုနဲ့ တွေ့ဆုံ ဆွေးနွေးမှုအဆင့်ဟာ အစဦးအဆင့်ပဲ ရှိသေးပါတယ်။ အဲဒီအဆင့်ကို လွန်ခဲ့တဲ့ နှစ်နှစ်အတွင်း ကြိုးစားတည်ဆောက်ခဲ့ရတာပါ"ဟု နိုင်ငံခြားaရးဝန်ကြီး ဟီလာရီကလင်တန်က ဖြေကြားခဲ့သည်။

"ကျွန်မတို့ မြင်တွေ့နေရတဲ့ အားတက်ဖွယ်ရာ လက္ခဏာ၊ တိုးတက်မှုအခြေအနေတွေဟာ ကျွန်မတို့ အခိုင်အမာပြောထားတဲ့အရာတွေကို  ပွင့်ပွင့်လင်းလင်း စမ်းသပ်နေတာပါပဲ။ ကျွန်မတို့အနေနဲ့ ဒီတိုးတက်မှုတွေမှာ အမှန်တကယ် ဖြစ်ပြီး စဉ်ဆက်မပြတ် ဖြစ်ပေါ်နေမှာလားလို့ သိချင်ပါတယ်"ဟုလည်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ထို့ပြင် "ကျွန်မအနေနဲ့ မြန်မာအစိုးရကို ရှင်းရှင်းလင်းလင်း ပြောကြားခဲ့တာကတော့ လုံလောက်တဲ့ တိုးတက်မှုများ ရှိခဲ့မယ်ဆိုရင်တော့ စီးပွားရေးပိတ်ဆို့မှုကို ရုပ်သိမ်းဖို့ ရှိတယ်ဆိုတာပါပဲ။ အခုအချိန်မှာတော့ ကျွန်မတို့အနေနဲ့ ဒါကို ဆွေး နွေးဖို့ရာ အဆင်သင့် မဖြစ်သေးပါဘူး။ ကျွန်မတို့အနေနဲ့ ထိတွေ့ဆက်ဆံမှု အခုမှ စတုန်းရှိပါသေးတယ်။ ကျွန်မတို့အနေနဲ့ နိုင်ငံရေး အကျဉ်းသားများ အားလုံး လွှတ်ပေးတာကို မြင်ချင်ပါတယ်။ လေးနက်တဲ့ ငြိမ်းချမ်းရေးနဲ့ ပြန်လည်စည်းလုံးညီညွတ်ရေးကို ကျွန်မတို့ မြင်ချင်ပါတယ်။ ပြီးခဲ့တဲ့နှစ်ရက်အတွင်းမှာ တွေ့ခဲ့ရတဲ့ လူတွေနဲ့သာမက ပြီးခဲ့ တဲ့ နှစ်နှစ်အတွင်း ကျွန်မတွေ့ခဲ့ဖူးတဲ့လူတွေကပါ စီးပွားရေး ပိတ်ဆို့ မှုကို ရုပ်သိမ်းခြင်းဟာ စီးပွားရေးကို အကျိုးရှိစေပေမယ်လို့ စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်ဖို့ လိုတယ်ဆိုတာကိုလည်း လက်ခံထားကြပါတယ်။ နောက်ပြီး နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု ပြုလုပ်ဖို့ လည်း လိုတယ်ဆိုတာပါပဲ။ အဲဒီလို လုပ်ခြင်းအားဖြင့် အကျိုးခံစားခွင့်တွေကို လူအနည်းအကျဉ်းသာ ခံစားရတာထက် လူအများစု ခံစားရမှာ ဖြစ်ပါတယ်" ဟုလည်း နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က ဖြေကြားခဲ့သည်။

၁၈ မိနစ်ခန့်သာ ကြာမြင့်ခဲ့သည့် အဆိုပါသတင်းစာရှင်းလင်းပွဲသို့ ပြည်တွင်း၊ ပြည်ပသတင်း ထောက် ၇၀ ကျော် တက်ရောက်ခဲ့ကြသည်။

Eleven Media Group
စီးပွါးရေးပိတ်ဆို့ မှု ရုတ်သိမ်းဖို့ စဉ်းစားတော့မည် စီးပွါးရေးပိတ်ဆို့ မှု ရုတ်သိမ်းဖို့ စဉ်းစားတော့မည် Reviewed by သစ်ထူးလွင် on 19:43 Rating: 5

No comments:

Powered by Blogger.