ကြားဖြတ်ရွေးကောက်ပွဲကို တရားမျှတစွာ ကျင်းပသွားမည်ဟု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌဆို

ရွေးကောက်ပွဲကော်မရှင်ဥက္ကဌမီဒီယာများနှင့်တွေ့ဆုံ
နေပြည်တော်၊ ဒီဇင်ဘာ ၁၆၊ ၂၀၁၁
လာမည့်ကြားဖြတ်ရွေးကောက်ပွဲကို  မည်သည့်ပါတီကိုမျှ ဘက်မလိုက်ဘဲ အမှန်ကန်ဆုံးနှင့် တရားမျှတစွာ ကျင်းပပေးမည်ဟု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဌမှ ပြည်တွင်း မီဒီယာများနှင့် တွေ့ဆုံစဉ်ပြောကြားခဲ့သည်။

“ကျွန်တော် အမှန်ကန်ဆုံးနဲ့ အမျှတဆုံးဖြစ်အောင် ကြိုးစားသွားပါ့မယ်။ ကျွန်တော်ဘက်လိုက်ရင် ကျွန်တော် သိက္ခာကျမယ်၊ ကော်မရှင် သိက္ခာကျမယ်။ ဒီလို အလုပ်မျိုး လုံးဝမလုပ်ပါဘူး၊ ဥပဒေနဲ့ အညီပဲ ရွေးကောက်ပွဲကို ကျင်းပမှာပါ၊ မညီရင် မလုပ်ပါဘူး”ဟု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေးမှ ပြည်တွင်းမီဒီယာများ၏ မေးမြန်းချက်ကို ပြန်လည်ဖြေကြားခဲ့သည်။

ဒီမိုကရေစီအစိုးရလက်ထက်တွင် ပထမဆုံးအကြိမ် ကျင်းပပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲကျင်းပမည့်ရက်ကို အတိအကျ မသတ်မှတ်ရသေးသော်လည်း ကျင်းပမည့်ကာလထက် သုံးလကြိုတင် အသိပေးသွားမည်ဖြစ်ကြောင်း သိရသည်။

“ကျွန်တော် ဒီတာဝန်ကို စယူကတည်းက အကြီးအကဲတွေကို ပြောထားတယ်။ ဘယ်သူရဲ့ ဘက်ကိုမှ မလိုက်ဖူး၊ လွတ်လွတ်လပ်လပ်ပဲ လုပ်ပါမယ်လို့ ပြောခဲ့တယ်။ နောက်ပြီး ကျွန်တော့်အနေနဲ့ ၂၀၁၀ ရွေးကောက်ပွဲကို သင်္ခန်းစာယူပြီး လာမဲ့ရွေးကောက်ပွဲတွေကို တရားအမျှတဆုံးနဲ့ အောင်အောင်မြင်မြင် ကျင်းပသွားမှာပါ”ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ယခုကဲ့သို့ ရွေးကောက်ပွဲများကို ဘက်မလိုက်ပဲ တရားမျှတစွာ ကျင်းပပေးသွားမည်ဟူသော ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဌ၏ ပြောကြားချက်ကို ပြည်သူ့ခေတ်ဂျာနယ် အတိုင်ပင်ခံအယ်ဒီတာ၊ သတင်းစာဆရာ မောင်ဝံသက

“ဒါက မဖြစ်မနေ လုပ်ရမဲ့ တာဝန်ပဲ၊ ဒီတာဝန်မျိုးက နိုင်ငံတကာမှာလည်း အင်မတန် ဂုဏ်သိက္ခာရှိတဲ့တာဝန်မျိုးဖြစ်တယ်။ နိုင်ငံတကာကို ကြည့်မယ် ဆိုရင်လည်း ရွေးကောက်ပွဲ ပြီးတိုင်း ပေးထားတဲ့ ကတိနဲ့ ညီမညီ မှတ်ကျောက်တင်လေ့ရှိကြတယ်။ အခုလို ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌက ပြောသလို အဆင့်ဆင့်သော ရွေးကောက်ပွဲ ကော်မရှင် ၀င်တွေဖြစ်တဲ့ မဲရုံမှူး၊ မဲရုံအဖွဲ့ဝင်တွေ အားလုံးကလည်း ကော်မရှင်ဥက္ကဌ မှာကြားထားတဲ့ အတိုင်း လိုက်နာဖို့ လိုတယ်။ စတုတ္ထမဏ္ဍိုင်ဘက်ကလည်း ရွေးကောက်ပွဲဟာ တရားမျှတမှု ရှိမရှိ စောင့်ကြည့်နေမှာ ဖြစ်တယ်” ဟု သုံးသပ်ပြောကြားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းကလည်း အလွန်ကောင်းမွန်သော စကားဖြစ်ကြောင်းနှင့် NLD အနေဖြင့် ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဌ ပြောသလို အခြေအနေမျိုးကိုသာ မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

လက်ရှိ အချိန်တွင် မှတ်ပုံတင်ထားသော နိုင်ငံရေးပါတီ ၃၇ ပါတီ ရှိပြီး၊ မှတ်ပုံတင် လျှောက်ထားသော ပါတီ ၁၀ ပါတီ ရှိကြောင်း သိရသည်။

by မက်စင်ဂျာ ဂျာနယ်
ကြားဖြတ်ရွေးကောက်ပွဲကို တရားမျှတစွာ ကျင်းပသွားမည်ဟု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌဆို ကြားဖြတ်ရွေးကောက်ပွဲကို တရားမျှတစွာ ကျင်းပသွားမည်ဟု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌဆို Reviewed by သစ်ထူးလွင် on 19:11 Rating: 5

1 comment:

Aye said...

ဟုတ်ပ မလား...NLD ကလုတချို့ နေရာ ရမယ်ဆိုပြီးကြားတယ်နော်..တကယ်သာတရားမျှတမယ်ဆိုရင် ဒီလို သတင်းထွက်ပ မလား?

Powered by Blogger.