ငြုပ်သီးကြိတ်စက်ထဲ လူတစ်ဦးညပ်ပြီးသေဆုံး

ပုသိမ်စက်မှုဇုန်ရှိ အိအိချိုငြုပ်သီးမှုန့်စက်ရုံတွင် သန့်ရှင်းရေးပြုလုပ်နေသော အမျိုးသားတစ်ဦး ငြုပ်သီးကြိတ်စက်အတွင်းညပ်ကာ သေဆုံးခဲ့သည်။ 

ယခုလ ၁၉ ရက်၊ နေ့လည် ၁၂ နာရီခန့်က ၎င်းငြုပ်သီးမှုန့်စက်ရုံအရှေ့ဘက်ခန်းရှိကြိတ်စက်အနီးတွင် ဦးဆန်းတင့် (၄၆ နှစ်)သည် ၎င်းကိုင်တွယ်အသုံးပြုသည့် ငြုပ်သီးမှုန့်စက်၏ ဇလားခွက်ကို စက်လည်နေစဉ်အတွင်း တံမြက်စည်းနှင့် သန့်ရှင်းရေးပြုလုပ်နေစဉ်တွင် စက်အတွင်းသို့မတော်တဆ ခြေချော်ကျပြီး စက်ထဲ၌ပင်ညပ်၍ ဦးခေါင်းမှခြေဖျားအထိ တစ်ကိုယ်လုံးတွင် ပြတ်ရှဒဏ်ရာများစွာဖြင့် သေဆုံးခဲ့သည်။

၎င်းအခန်း၏နောက်ဘက်ရှိကြိတ်စက်တွင် ငြုပ်သီးကြိတ်နေသော အလုပ်သမားတစ်ဦးက အရှေ့ဘက်ခန်းမှဒုန်း၊ဒုန်းဟူသောအသံများကြားရပြီး ကြိတ်စက်အသံပုံမှန်မဟုတ်တော့သောကြောင့် အရှေ့ဘက်ခန်းကိုလာကြည့်သောအခါ စက်၏အောက်မှမော်တာသာလည်နေပြီး ချိန်းကြိုးရပ်နေသဖြင့် စက်ဂျမ်းဖြစ်နေသည်ဟုထင်ပြီး စစ်ဆေးကြည့်ရာတွင် ငြုပ်သီမှုန့်ကျသောနေရာ၌ သွေးများသာကျနေသည်ကိုတွေ့ရသည်ဟုဆိုသည်။

သေဆုံးသူပြုတ်ကျခဲ့သော ငြုတ်သီးကြိတ်စက်

"စက်ကိုတံမြက်စည်းနဲ့လှည်းနေရင်းက တံမြက်စည်းကအရင်ပါသွားတာလို့ကြားတယ်။ စကြားရတော့အံ့လဲအံ့သြ၊ထိတ်လဲထိတ်လန့်သွားတယ်။ ကျန်ခဲ့တဲ့မိသားစုအတွက်လဲ စိတ်မကောင်းဖြစ်ရပါတယ်"ဟု စက်မှုဇုန်အတွင်းနေထိုင်သူတစ်ဦးကပြောပြသည်။

သေဆုံးသူဦးဆန်းတင့်တွင် ဇနီးဖြစ်သူနှင့်အတူ ၁၃နှစ်အရွယ် ၈ တန်းကျောင်းသား တစ်ယောက်၊ ၁၀နှစ်အရွယ် ၅ တန်းကျောင်းသူတစ်ယောက်နှင့် ၄နှစ်အရွယ် မိန်းကလေးတစ်ယောက် စုစုပေါင်း ၃ ယောက်ကျန်ရစ်ခဲ့သည်။

"အဲဒိလုပ်ငန်းမှာအလုပ်ဝင်တာ ၇ လလောက်ပဲရှိပါသေးတယ်။ အခုကိစ္စဖြစ်သွားတာသူတို့(အလုပ်ရှင်) ဘက်ကလည်း လျော်ကြေးသဘောမျိုးတော့မဟုတ်ပါဘူးဆိုပြီး ငွေ ၁၀ သိန်း (ကျပ်) လာပေးတဲ့အပြင် နာရေးမှာလဲလိုအပ်သမျှကိုအနီးကပ်စောင့်ရှောက်လုပ်ကိုင်ပေးနေပါတယ်"ဟု သေဆုံးသူ၏ဇနီးဖြစ်သူက ပြောပြသည်။

အဆိုပါအမှုကိုပုသိမ်အမှတ်၂ရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ်၁၆/၁၁ဖြင့် လက်ခံစစ်ဆေးလျက်ရှိသည်။

နိုဝင်ဘာ    ၂၄ ၊ ၂၀၁၁ (YPI) 
ငြုပ်သီးကြိတ်စက်ထဲ လူတစ်ဦးညပ်ပြီးသေဆုံး ငြုပ်သီးကြိတ်စက်ထဲ လူတစ်ဦးညပ်ပြီးသေဆုံး Reviewed by သစ်ထူးလွင် on 20:25 Rating: 5

No comments:

Powered by Blogger.