အမှိုက်ပုံ ကနေ လျှပ်စစ်ထုတ်တော့မယ်

ရန်ကုန်မြို့ ဆင်ခြေဖုံးက အမှိုက်ပုံ
ရန်ကုန်မြို့၏ နေ့စဉ်ထွက်ရှိသော အမှိုက်များမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရန်အတွက် ပြည်ပနိုင်ငံများမှ ဆက်တိုက် လာရောက်ဆွေးနွေးခဲ့ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောပြချက်အရ သိရှိရသည်။
၂၀၁၁ ခုနှစ် ဧပြီလမှ အောက်တိုဘာလအတွင်း ပြည်ပနိုင်ငံခြောက်ခုမှ ကုမ္ပဏီများမှ လာရောက်ဆွေးနွေးခဲ့ခြင်းဖြစ်ပြီး ဂျပန်၊ ပြင်သစ်၊ ထိုင်း၊ ဗီယက်နမ်၊ မလေးရှားစသည့် နိုင်ငံများဖြစ်ကြောင်း သိရသည်။
''ရန်ကုန်မြို့ရဲ့ နေ့စဉ်ထွက်ရှိတဲ့ အမှိုက်တွေထဲကနေ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖို့အတွက် ပြည်ပနိုင်ငံကကုမ္ပဏီတွေ လာရောက်ဆွေးနွေးသွားတာ ရှိပါတယ်။ အဲဒီထဲမှာ ဂျပန်၊ ထိုင်း၊ ပြင်သစ်နိုင်ငံဆိုရင် တရားရေးဝန် ဦးစီးတဲ့ ကုမ္ပဏီက လာတယ်။ ပြီးတော့ ဗီယက်နမ်။ နောက်ဆုံးလာဆွေးနွေးသွားတာတော့ မလေးရှားနိုင်ငံကပါ။  သူတို့က ရန်ကုန်မြို့ရဲ့ တစ်နေ့အမှိုက်တန်ချိန် ဘယ်လောက်ထွက်တယ်၊ ဘယ်အမှိုက်တွေ အများဆုံး ပါဝင်တယ် စသဖြင့် အမှိုက်နဲ့ပတ်သက်တဲ့ အချက်အလက်တွေကို ယူတယ်။ သူတို့ကိုယ်တိုင်မြေပြင်ကို လေ့လာတယ်။ Servey လုပ်တယ်။ ပြီးတော့ ပြန်သွားကြတယ်။ ရရှိသွားတဲ့ အချက်အလက်တွေအပေါ် ပြန် သုံးသပ်ပြီး လုပ်နိုင်တဲ့ အခြေအနေတွေရှိရင်တော့ လုပ်ဖြစ်မယ်လိုတော့ ပြောသွားတယ်'' ဟု ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့ပါသည်။
ယခင်ကလည်း ပြည်ပနိုင်ငံများမှ အမှိုက်မှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရန် လာရောက်ဆွေးနွေးခဲ့ဖူးသော်လည်း ကန့်သတ်ချက်များရှိခဲ့ခြင်းကြောင့် မလုပ်ဖြစ်ခဲ့ကြောင်း၊ အထူးသဖြင့် မြေအသုံးချမှုအပိုင်းတွင် အဓိက ကန့်သတ်ချက်ဖြစ်ခဲ့ကြောင်း သိရှိရသည်။
''ဒီလုပ်ငန်းအတွက်ကို အရင်ကလည်း ပြည်ပနိုင်ငံတွေက လာရောက်ဆွေးနွေးခဲ့ဖူးတာ ရှိပါတယ်။ ဒါပေမယ့် ဒီဘက်မှာ ကန့်သတ်ချက်တွေများနေတော့ ပြန်သွားကြတယ်။  ရင်းနှီးမြှုပ်နှံမှုလည်းများတယ်လေ။ အခုတော့ ကုမ္ပဏီတွေက ဒီမှာလာ လုပ်ချင်ကြတယ်။ ဒီဘက်ကသာ အဆင့်သင့်ဖြစ်မယ်ဆိုရင် ၀င်လာမှာ။ လုပ်ဖြစ်သွားရင်တော့ သူတို့ဆီ က နည်းပညာရမယ်။ လျှပ်စစ်ဓာတ်အားရမယ်။ လျှပ်စစ်ဓာတ်အားဆိုတဲ့ နေရာမှာလည်း ၀ယ်သုံးရမှာပေါ့။ ပြီးတော့ ကိုယ့်နိုင်ငံကလူတွေလည်း အလုပ်ရမယ်။ ပြီးတော့ အမှိုက်ကနေ ထုတ်မှာဖြစ်တဲ့အတွက် အမှိုက်ပုံတွေကနေထွက်နေတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်တွေ၊ မီးသိန်းဓာတ်ငွေ့တွေ လေထုထဲကို ရောက်တာ နည်းသွားမှာဖြစ်တဲ့အတွက် ပတ်ဝန်းကျင်ကိုလည်း ထိခိုက်မှုနည်းသွားမယ်'' ဟု အဆိုပါတာဝန်ရှိသူက ဆက်လက်ပြောပြခဲ့သည်။
၂၀၀၉ ခုနှစ်က နောက်ဆုံး ကောက်ယူခဲ့သော အမှိုက်စစ်တမ်းအရ ရန်ကုန်မြို့၏ အမှိုက်ထွက်ရှိမှုနှုန်းမှာ တစ်နေ့လျှင် တန် ၁၅၄၀ ဖြစ်ပြီး  မြို့နယ် ၂၆ ခု တွင် ခေါင်းလောင်းတီး အမှိုက်သိမ်းစနစ်ဖြင့် အမှိုက်သိမ်းဆည်း ပေးလျှက်ရှိပြီး ကျန်ရှိသည့်မြို့နယ်များတွင်မူ သတ် မှတ်ထားသည့်နေရာတွင် အမှိုက်စွန့်ပစ်ရန် အုတ်ကန်များထားရှိ သတ်မှတ်ပေးထားကာ အမှိုက်စွန့်ပစ်စေသည်ဟု သိရသည်။ ယင်းအမှိုက်များကို သိမ်းဆည်းစုစည်းကာ နောက်ဆုံးအမှိုက်ပုံဖြစ်သော ထိန်ပင် သုသာန်တွင် သွားရောက်စွန့်ပစ်ခြင်းဖြစ်ကြောင်း သိရှိရသည်။
Eleven Media Group
အမှိုက်ပုံ ကနေ လျှပ်စစ်ထုတ်တော့မယ် အမှိုက်ပုံ ကနေ လျှပ်စစ်ထုတ်တော့မယ် Reviewed by သစ်ထူးလွင် on 11:26 Rating: 5

1 comment:

Anonymous said...

ကန့်သတ်ချက်တွေကို တတ်နိုင်သလောက်လျှော့ပြီး ဖြစ်အောင်လုပ်စေချင်တယ်။ ဒါမှ သူတို့ဆီက နည်းပညာတွေရမှာ။ မလေးရှားဆို အရင်က Mitsubishi ကနည်းပညာရဖို့ proton ကားတွေကို ပညာရှင်များခေါ်ပြီး ပြည်တွင်းမှာပဲ ထုတ်ခဲ့တာပါ။ အခုတော့ လုံးဝ မလေးရှားပိုင်ဖြစ်နေပါပြီ။ ပြည်သုတွေလည်း အလုပ်ရ၊ တိုင်းပြည်လည်း နိုင်ငံခြားငွေသက်သာ၊ နည်းပညာလည်းရလိုက်တယ်။

Powered by Blogger.