ဆင်းရဲချို့တဲ့သူများအတွက်အခမဲ့ဆေးခန်းတစ်ခုဖွင့်လှစ်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်ရှိ ကျီစုကျေးရွာအတွင်း အနောက်ကျောင်း သဇ္ဇနရာမ ကျောင်းတိုက်တွင် ဒေါ်အောင်ဆန်းစုကြည်၏ လမ်းညွှန်မှုဖြင့် ဆင်းရဲချို့တဲ့သူများ ကူညီစောင့်ရှောက်ရေး ကွန်ယက် အမည်ရှိ အခမဲ့ဆေးခန်းတစ်ခုကို  ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၂၁ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ ကြောင်း သိရသည်။

အဆိုပါဆေးခန်းအား နာမကျန်းသူများ၊ သက်ကြီးရွယ်အိုများ၊ ကလေးသူငယ်များနှင့် ဆင်းရဲနွမ်းပါး သူများ အတွက် အဓိကရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်သည်။

ဆေးခန်းဖွင့်လှစ်ထားသော ဒဂုံမြို့သစ်အရှေ့ပိုင်းရှိ ကျီစု ကျေးရွာတွင် အိမ်ခြေ တစ်ထောင်(၁၀၀၀) ကျော်ရှိပြီး သွားရေးလာရေးခက်ခဲခြင်း၊ အနီးတဝိုက်တွင် ဆေးရုံ၊ ဆေးခန်းများမရှိခြင်း၊ လက်လုပ်လက်စား အခြေခံ လူတန်းစားများ များပြားခြင်းအစရှိသည့် လိုအပ်ချက်များကြောင့် ယခုကဲ့သို့ အခမဲ့ဆေးခန်း လာရောက် ဖွင့်လှစ်ထားခြင်းဖြစ်ကြောင်း ဆင်းရဲချို့တဲ့သူများ ကူညီစောင့်ရှောက်ရေး ကွန်ယက် တာဝန်ခံ ကိုမျိုးသန့်ကျော် ကပြောသည်။

“ဒီနေရာက အခြေခံလူတန်းစားတွေများတယ်။ ပြီတော့ လမ်းပန်းဆက်သွယ်ရေးမကောင်းတဲ့အတွက် နာမကျမ်းဖြစ်ရင် ကားဝင်လို့မရဘူး။ အထမ်းနဲ့ထုတ်ရတယ်။ အဲလိုမျိုးလေးတွေရှိတာပေါ့၊ နွမ်းပါးသူတွေ အတွက် တကယ်လိုအပ်နေလို့ ဖွင့်တာပါ ” ဟု တာဝန်ခံ ကိုမျိုးသန့်ကျော်ကပြောသည်။

ဆေးခန်းစတင်ဖွင့်လှစ်ခဲ့သည့်နေ့မှာပင် လာရောက်ဆေးကုသသူ လူနာဦးရေ (၁၁၆) ဦးရှိပြီး လက်ရှိအချိန်တွင် ဆေးခန်းအား ဆရာဝန်အခက်အခဲကြောင့် တစ်ပတ်လျှင် ကြာသပတေး နှင့် တနင်္ဂနွေ (၂) ရက်သာ ဖွင့်လှစ်၍ ကုသနိုင်မည်ဖြစ်ကြောင်း သိရသည်။
ကြာသပတေးနေ့တွင် အင်္ဂလိပ်ဆေး ဆရာဝန်နှင့် ကုသပေးမည်ဖြစ်ပြီး၊ တနင်္ဂနွေနေ့တွင် လေဖြတ်သူများ၊
အညောင်းအညာမိနေသူများအတွက် တိုင်းရင်းဆေးဆရာဖြင့် ကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။

“အခုက စဖွင့်ခါစဆိုတော့ ဆရာဝန်တွေက မစုံသေးဘူး။ အဲဒါကြောင့် တစ်ပတ် (၂) ရက်ပဲဖွင့်နိုင်သေးတာပါ။ နောက်ပိုင်း ဆရာဝန်တွေရောက်လာရင်တော့ တစ်ပတ်လုံးဖွင့်ပေးသွားမှာပါ။ တိုင်းရင်းဆေးဆရာထားတာက တစ်ချို့ကျတော့ တိုင်းရင်းဆေးနဲ့ပဲ ကုချင်တဲ့သူတွေရှိတယ်လေ။ ”ဟု အဖွဲ့ဝင်လူငယ်တစ်ဦးကပြောသည်။

ဆင်းရဲချို့တဲ့သူများ ကူညီစောင့်ရှောက်ရေးကွန်ယက်ကို လူဦးရေ (၄၀) ခန့်ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး လူငယ်များအများဆုံးပါဝင်ကြောင်း သိရသည်။ ဆေးခန်းဖွင့်လှစ်နိုင်ရန် အဖွဲ့အတွင်းရှိ လူငယ်များနှင့် ပြင်ပ အလှူရှင်များမှ လာရောက်လှူဒ္ဒါန်းသော အလှူငွေများဖြင့် ယခုကဲ့သို့ ဖွင့်လှစ်ထားခြင်းဖြစ်ကြောင်း သိရသည်။
ကျော်ဇင်မန်း(မြစ်မခ)
နိုဝင်ဘာလ ၂၃၊ ရန်ကုန်မြို့။
ဆင်းရဲချို့တဲ့သူများအတွက်အခမဲ့ဆေးခန်းတစ်ခုဖွင့်လှစ် ဆင်းရဲချို့တဲ့သူများအတွက်အခမဲ့ဆေးခန်းတစ်ခုဖွင့်လှစ် Reviewed by သစ်ထူးလွင် on 20:19 Rating: 5

No comments:

Powered by Blogger.