မြန်မာ့လေကြောင်း ကိုယ်ပိုင်ဘတ်ဂျက်ဖြင့် ရပ်တည်ရတော့မည်

မြန်မာ့လေကြောင်း MAI
လာမည့်ဘဏ္ဍာရေးစနစ်သစ်အရ မြန်မာ့လေကြောင်းအနေဖြင့် မိမိလေကြောင်းလိုင်းမှ ရရှိသော ဘတ်ဂျက်ဖြင့် ကိုယ်တိုင်ရပ်တည်ရတော့မည်ဟု ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဥာဏ်ထွန်းအောင်က ပြောကြားခဲ့ကြောင်း သိရသည်။

အရင်းအနှီးကြီးမားသော စီးပွားရေးလုပ်ငန်းများတွင် မြန်မာ့လေကြောင်းသည်လည်း အပါအဝင်ဖြစ်ပြီး လေယာဉ်ပြင်ဆင်စရိတ်နှင့် အာမခံလုပ်ငန်းများကို နိုင်ငံတော်ကစိုက်ထုတ်သုံးစွဲပေးရကြောင်း၊ လာမည့်နှစ်မှစ၍ ဘဏ္ဍာရေးစနစ်အရ မြန်မာ့လေကြောင်းအနေဖြင့် ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်ကြရတော့မည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။

ယင်းသို့ ဝင်ငွေကို ကိုယ်တိုင်အသုံးပြုတော့မည်ဆိုလျှင် လေကြောင်းစီးပွားဆိုင်ရာ ဥပဒေကို ဦးစွာဖော်ဆောင်နိုင်ရန် လိုအပ်ကြောင်း မြန်မာ့လေကြောင်းမှ အဆင့်မြင့်အရာရှိကြီးတစ်ဦးဖြစ်သူ ဦးထွန်းတင့်အေးက ပြောသည်။

"နိုင်ငံပိုင်လေကြောင်းလိုင်းဆိုတာကလဲ အစိုးရဌာနလိုပါပဲ။ ကုမ္ပဏီပုံစံမျိုးသွားလို့မရဘူး၊ ဝန်ထမ်းတွေကို လစာပေးတာ၊ ပင်စင်ပေးတာစတဲ့ အစိုးရဌာနတွေမှာ လုပ်ဆောင်တဲ့ လုပ်ထုံးလုပ်နည်းတွေ အတိုင်းသွားရတာ။ လက်ရှိဒီမှာက နိုင်ငံပိုင်လေကြောင်းလိုင်းတစ်ခု လုပ်ကိုင်ရမယ့် လုပ်ငန်းတွေကို လုပ်ကိုင်လို့မရသေးပါဘူး။ ဒီလုပ်ငန်းတွေ လုပ်ကိုင်နိုင်ပြီဆိုရင်တော့ အဲဒီကရရှိတဲ့ ကိုယ့်ဘတ်ဂျက်ငွေကို ကိုယ်သုံးပြီး လုပ်ငန်းတစ်ခုလုံးကို ကိုင်တွယ်နိုင်မှာဖြစ်ပေမယ့် လောလောဆယ် အခြေအနေအရတော့ ကိုယ့်ဘတ်ဂျက်ငွေကို ကိုယ်အသုံပြုဖို့ အခက်အခဲရှိနိုင်ပါတယ်" ဟု ဦးထွန်းတင့်အေးက ဆိုသည်။

အဆိုပါ ဥပဒေအရ နိုင်ငံပိုင်လေကြောင်းလိုင်းဖြစ်သော မြန်မာ့လေကြောင်းအနေဖြင့် အမျိုးသားအလံတင် လေကြောင်းဖြစ်ခွင့်အပြင် လေယာဉ်စီးပွားရေးလုပ်ငန်းနှင့် ဆက်စပ်လျက်ရှိသော လေယာဉ်လက်မှတ်အရောင်းအေးဂျင့်များ လုပ်ကိုင်ခွင့်၊ လေဆိပ်အတွင်း မြေပြင်ဝန်ဆောင်မှုလုပ်ငန်းများ အပါအဝင်လေကြောင်းနှင့် ဆက်စပ်လုပ်ငန်းများအားလုံးကို လုပ်ကိုင်ခွင့်ရှိမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် မြန်မာ့လေကြောင်း၏ ကုန်ကျစရိတ်များအားလုံးကို နိုင်ငံတော်မှ ကျခံသုံးစွဲပေးလျက်ရှိကာ အဆိုပါဘဏ္ဍာရေးစနစ်သစ်အရ လေယာဉ်ဝယ်ယူခြင်း၊ ပြင်ဆင်ခြင်း၊ ဝန်ထမ်းများအတွက် စရိတ်ကုန်ကျခြင်းအစရှိသည်တို့အတွက် မြန်မာ့လေကြောင်းမှပင် ကုန်ကျသုံးစွဲရတော့မည်ဖြစ်သည်။

"မြန်မာ့လေကြောင်းမှာက ဝန်ထမ်းပေါင်း ၁၀၀၀ ကျော်ရှိတယ်။ နောက်ပြီး ပင်စင်သမားတွေလဲ ရှိသေးတယ်။ အခုတောင် တခြားလေကြောင်းလိုင်းတွေက မပျံတဲ့ဒေသတွေကို အရှုံးခံပြီး ပျံသန်းပေးနေရတာဆိုတော့ ပြောခဲ့တဲ့အတိုင်း လေကြောင်းလုပ်ငန်းအပြင် လေကြောင်းနဲ့ အခြားဆက်စပ်လုပ်ငန်းတွေကိုပါ နိုင်ငံပိုင်လေကြောင်းလိုင်းက လုပ်ကိုင်ခွင့်ရမှသာ အဆင်ပြေနိုင်မှာဖြစ်ပါတယ်" ဟု ယင်းကထပ်မံပြောသည်။

မြန်မာ့လေကြောင်းလိုင်းကို ၁၉၆၃ ခုနှစ်က စတင်တည်ထောင်ခဲ့ပြီး စတင်တည်ထောင်ခဲ့စဉ်က လေကြောင်းသယ်ယူပို့ဆောင်ရေး ဥပဒေအသက်ဝင်သည့် အတွက် ယင်းသို့ မိမိဘတ်ဂျက်ကို ကိုယ်တိုင်သုံးစွဲခဲ့သည့် အခြေအနေမှာ အဆင်ပြေခဲ့ကြောင်း၊ သို့ရာတွင် လက်ရှိအခြေအနေကဲ့သို့ ပြိုင်ဆိုင်မှုများပြားလာသည့် အခြေအနေတွင် ခက်ခဲနိုင်မည်ဖြစ်ကြောင်း အဆိုပါလေကြောင်းလိုင်းမှ ဝါရင့်လေယာဉ်မှူးကြီးတစ်ဦးက ပြောသည်။

လက်ရှိတွင် မြန်မာ့လေကြောင်းလိုင်းအနေဖြင့် ATR 72, ATR 42, MA 60 နှင့် F 28 လေယာဉ်အမျိုးအစား အစင်းရေကိုးစင်းတို့ဖြင့် မြို့ပေါင်း ၂၅ မြို့သို့ ခရီးသည်ပေါင်း လေးသိန်းကျော်အထိ ပျံသန်းပို့ဆောင်ပေးလျက်ရှိကြောင်း သိရသည်။


မြန်မာ့လေကြောင်း ကိုယ်ပိုင်ဘတ်ဂျက်ဖြင့် ရပ်တည်ရတော့မည် မြန်မာ့လေကြောင်း ကိုယ်ပိုင်ဘတ်ဂျက်ဖြင့် ရပ်တည်ရတော့မည် Reviewed by သစ်ထူးလွင် on 08:35 Rating: 5

2 comments:

Anonymous said...

ေ၇ကြောင်းကလဲ၇ှုံးတယ် လေကြောင်းကလဲ၇ှုံးတယ် ရထားကလဲ၇ှံးတယ်
ခရိးသွား၇တဲ့ ပြည်သူတွေလဲသက်တောင့်သက်သာမရှိ
Sသုံးမကျတဲ့စိမံခန့် ခွဲမှု ဆို တာ ထင်းထင်းကြိးပေါ်နေပါပေါ့လား

Unknown said...

ရေကြောင်းက ၀က်ဝက်ကွဲ ရထားက ပက်ပက်စက်စက်ကွဲ လေကြောင်းက
ခွက်ခွက်လန်ကွဲ အစိုးရဌာန မကွဲတဲ့ ဌာန ရှိသလားဗျာ.....
ကဲဒါဆို သမ၀န်ကြီးဌာနတို့ စက်မှု စားကုန်တို့ ဘယ်လိုအခြေအနေရှိတုံးဗျာ..
ဒီလိုခေတ်ကြီးမှာ မဆလက ထားခဲ့တဲ့ သမဆိုတာက ရှိသင့်သေးလားဗျာ..

Powered by Blogger.