တွံတေးမှ ကျုရှင်ဆရာဦးအောင်ဖေ တစ်ကိုယ်တော် ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့

ကျုရှင်ဆရာဦးအောင်ဖေ
၉၁ နှစ်ပြည့် အမျိုးသားအောင်ပွဲနေ့မှာ ရန်ကုန်တိုင်း တွံတေးမြို့ နယ်က ကျုရှင်ဆရာဦးအောင်ဖေ တစ်ကိုယ်တော် ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့တယ်လို့ သိရပါတယ်။တစ်ကိုယ်တော် ဆန္ဒပြခဲ့သူ ဆရာဦးအောင်ဖေကို ဘားမားဗီဂျေမှ ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

မေး - တွံတေးမြို့နယ်မှာ ဆန္ဒပြတာတွေဖြစ်တယ်လို့ကြားတယ်ခင်ဗျ ဆရာပြောပြပေးပါ။

ဖြေ - ဟုတ်ကဲ့ပါ။ ဒီနေ့မနက်ရှစ်နာရီမှာ ကျနော်ရဲ့ဆန္ဒကို ကျနော်ထုတ်ဖော်တာပါ။ ဒီလိုထုတ်ဖော်တာက ဘယ်လိုလဲဆိုရင် ကျနော့်ရဲ့ နှစ်ပေတစ်ပေခွဲခန့် စာရွက်ပေါ်မှာ စစ်မှန်သော တွေ့ဆုံဆွေးနွေးခြင်းကသာ စစ်မှန်သောဒီမိုကရေစီကို ဖော်ဆောင်နိုင်မည်ဖြစ်သည်။ ဆိုတဲ့ စာတန်းကို ဆော့ပင်နဲ့ ရေးတယ်။ ကျနော်ရဲ့ ရှပ်အင်္ကျီအဖြူကျောကုန်းမှာလဲ အဲဒီစာတန်းမျိုး ရေးတယ်။ ပြီးတော့တခါ အဲဒီစာတန်းမျိုးကို စာရွက်ရေ ၂၀၀ နဲ့ရေးပြီးတော့ အဲဒီစာရွက်တွေကို လက္ဘရည်ဆိုင်တွေ၊ ဈေးအပါအ၀င် ပြည်သူပြည်သားတွေကို လိုက်ဝေတယ်။ ရပ်ကွက်တော်တော်များများ ပတ်တဲ့အခါ တစ်နာရီကျော်ကျော်ကြာသွားပါတယ်။

မေး - အခုလိုဆန္ဒပြတဲ့ရည်ရွယ်ချက်လေးပြောပြပေးပါ။

ဖြေ - ဟုတ်ကဲ့ပါခင်ဗျ ဒီလိုပါ ကျနော်တို့တွေက ကျနော်အရင်ကတည်းက ကျနော့်ဆန္ဒတွေကို လွတ်လပ်စွာထုတ်ဖော်ဖူးပါတယ်။ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျဉ်းချုပ်ကျနေတုန်း ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးကိုရော အကျဉ်းသားများလွတ်မြောက်ရေးများအပါအ၀င် ပေါ့နော် ။ အဓိက ဒေါ်စုနဲ့ ဒီတည်ဆဲအစိုးရနဲ့ တွေ့ဆုံဆွေးနွေးဖို့ကို ကျနော်အများကြီးတောင်းဆိုဖူးပါတယ်။ ဒေါ်အောင်ဆန်းစုကြည် လွတ်လာတဲ့အခါမှာလဲ ဒီတွေ့ဆုံဆွေးနွေးရေးဖြစ်တဲ့အခါမှာ တမျိုးပေါ့နော် အတိုင်းအတာတစ်ခုထိ ၀မ်းသာပါတယ်။ ဒါပေမယ့် စောင့်ကြည့်နေရတဲ့ အခြေအနေတော့ ရှိတာပေါ့။ ဘာကြောင့်လဲဆိုတော့ တည်ဆဲအစိုးရက ဒေါ်အောင်ဆန်းစုကြည်က ရိုးသားတယ် ပွင့်လင်းတယ် ပြည်သူ့ဘက်ကနေပြီးတော့ ရပ်တည်တယ်။ ဒါပေမယ့် တည်ဆဲအစိုးရက စစ်မှန်တဲ့တွေ့ဆုံဆွေးနွေးခြင်းမျိုးကို မလုပ်ဘူးလို့ ကျနော်ယူဆတယ်။ ဒါကြောင့်မို့လို့လဲ အခုချိန်ထိကို ကျနော်တို့ဘက်ကို ထင်သာမြင်သာရှိတဲ့ ပွင့်လင်းမှုကြီးက သိပ်မရှိသေးဘဲနဲ့ သူတို့ရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ တစ်ဖက်စောင်းနင်းလုပ်ထားတဲ့ ဥပဒေအရ ရေးဆွဲထားတဲ့ကျနော်တို့ ဒီရွေးကောက်ပွဲဝင်ဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ မှတ်ပုံတင်ဖို့အဆင့်ထိ ရောက်သွားတာ ဆိုရင် ဒီတည်ဆဲအစိုးရအနေနဲ့စစ်မှန်တဲ့တွေ့ဆုံဆွေးနွေးရေး မလုပ်လိုတာလို့ ကျနော်သုံးသပ်တယ်။ အဲဒီလိုသုံးသပ်လို့ကျနော့်ဆန္ဒကို ကျနော်ထုတ်ဖော်တာပါ။ အဲဒါတော်တော်စိတ်မကောင်းစရာ ဖြစ်ပါတယ်။ အဖွဲ့ချုပ်နေနဲ့လဲ အခုလိုမျိုးပေါ့နော် ပြည်သူ့ရဲ့ အကုန်လုံးပေါ့နော် ကိုးဆယ်ခုနှစ် ရွေးကောက် ပွဲကနေ ပြည်သူတွေက တောက်လျှောက်ကြီးပေါ့နော် ထောက်ခံလာခဲ့ကြတယ်။ အကုန်လုံး အဖွဲ့ချုပ်နဲ့အတူပဲပေါ့နော် ကျနော်တို့ရပ်တည်ခဲ့ကြတယ်။ ထောင်ကျတဲ့သူကလည်းကျတယ်။ သေဆုံးတဲ့သူလဲရှိတယ်။ ပြည်ပရောက်တဲ့သူလဲ ရှိတယ်ပေါ့နော်။ အဲဒီအတောအတွင်းမှာ အဖွဲ့ချုပ်က ဖြစ်သွားခဲ့တာ အများကြီးကျနော်လဲစိတ်မကောင်းဖြစ်တယ်။ ကျနော်လဲထပ်တူထပ်မျှစိတ်မကောင်းဖြစ်တယ်။ ဒါကြောင့်မို့လို့လဲ ဒီနေ့ကျနော်ဆန္ဒပြတဲ့အခါမှာလဲ စစ်မှန်တဲ့ ဒေါ်စုကတော့ဒီလိုပေါ့နော် ပါတီလိုင်းနဲ့ လူထုလိုင်းရှိမယ်။ ဒေါ်စုကတစ်ဖက်မှာ ပါတီခေါင်းဆောင်ဖြစ်သလို တစ်ဖက်မှာလဲ ကျနော်တို့အင်မတန်လေးစားရတဲ့လူထုခေါင်းဆောင်ပါ။ အဲဒီတော့ ကျနော် ဒီပါတီကနေပြီးတော့ အခုလိုမျိုးဝင်ပြီးသွားတဲ့ ကျနော်တို့လွှတ်တော်ပေါ့နော် ဒီလွှတ်တော်ကနေပြီးတော့ဘာမှမလုပ်နိုင်ဘူးလို့ ယုံကြည်မှုမရှိဘူး၊ အဲဒီတော့ တွေ့ဆုံဆွေးနွေးရေး ကသာလျင် စစ်မှန်တဲ့ဒီမိုကရေစီရေးကိုဖော်ဆောင်နိုင်မယ်ဖြစ်တယ်ဆိုတာ ကျနော်ယုံကြည်တယ်။ တွေ့ဆုံဆွေးနွေးရေးတောင်မှပဲ စစ်မှန်တဲ့တွေ့ဆုံဆွေးနွေးခြင်းမျိုးနဲ့ ဆွေးနွေးမှသာလျှင် ရနိုင်မယ်လို့ကျနော်ထင်တယ်၊ အဲဒါကြောင့် ကျနော့်ရဲ့ကဆန္ဒကိုထုတ်ဖော်ပြသရခြင်းဖြစ်ပါတယ်။

မေး - ဘာကြောင့်မို့လို့ ဒီနေ့မှ ရွေးပြီးတော့ ဆန္ဒပြတာလဲခင်ဗျ

ဖြေ - ဟုတ်ကဲ့ ဒီနေ့ကတော့ အမျိုးသားနေ့အထိမ်းအမှတ်ပေါ့ခင်ဗျ။ အမျိုးသားနေ့အထိမ်းအမှတ်လေးနဲ့မို့လို့ ကျနော်ရွေးလိုက်တာပါပဲ။ အမျိုးသားနေ့နဲ့လဲ သွားတိုက်ဆိုင်တယ်။ လွန်ခဲ့တဲ့ တစ်နေ့ကပေါ့ တစ်ရက်ကျော်လောက်လဲ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကလဲ အဲဒါမျိုးဆုံးဖြတ်သွားတာနဲ့လဲ တိုက်ဆိုင်တယ်၊ နောက် ဒီအမျိုးသားနေ့ကို အမှတ်တရဖြစ်စေချင်တာလဲပါတယ် ။ ဒါကြောင့်ဒီနေ့မှာ ကျနော်လုပ်လိုက်တာဖြစ်ပါတယ်။ အနောက်မှာတော့ ထုံးစံအတိုင်း ရဲတို့ အက်စ်ပီတို့ပါတယ် နောက်ကနေ ဓါတ်ပုံလိုက်ရိုက်တာတို့တော့ရှိတယ်၊ မော်တော်ဆိုင်ကယ်နဲ့လိုက် ကြတယ်၊ နှောက်ယှက်ခြင်းတော့မရှိပါဘူး၊ဓါတ်ပုံရိုက်တာပဲရှိတယ်။

မေး - အခုအခြေနေကရော ဘယ်လိုမျိုးရှိလဲ

ဖြေ - အခုလဲ အေးဆေးပါပဲ ဘာမှတော့မရှိပါဘူး။ မေး - ဆရာ့အနေနဲ့ ဒီတစ်ခါဆန္ဒပြတာနဲ့ဆို ဘယ်နှခါမြောက်လဲခင်ဗျ ဖြေ - ကျနော်အကြိမ်မနဲတော့ဘူးဗျ။ ကျနော်ထင်တယ်။ အကြိမ်သုံးဆယ်ထက်မနဲရှိမယ်။ တစ်ကိုယ်ရေ ဆန္ဒပြတာတော်တော်များတယ်ခင်ဗျ။

မေး - ဆရာ့အနေနဲ့ ဖြည့်စွက်ြပီးပြောပေးချင်တာ ရှိရင်ပြောပေးပါခင်ဗျာ

ဖြေ - ကျနော် ပြောစရာရှိတာကတော့ဗျာ အခုတည်ဆဲအစိုးရကို ပြောချင်တယ်ခင်ဗျ။ တည်ဆဲအစိုးရအနေနဲ့ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နဲ့ဆွေးနွေးတဲ့အခါမှာ အမှန်တကယ် သူတို့ရဲ့ဖွဲ့စည်းပုံအခြေဥပဒေထဲပါသွားအောင် မဆွေးနွေးဘဲနဲ့ အမှန်တကယ်မျိုး ပြည်သူ ကလိုလားနေတဲ့ ပြည်သူ့ရဲ့ကိုယ်စားလှယ်ဖြစ်တဲ့ ပြည်သူ့ခေါင်းဆောင်ကို တကယ်တမ်း တန်းတူညီတူ တန်ဖိုးထားပြီးတော့ အသေအချာ ဆွေးနွေးစေချင်တယ်။ အခုလိုမျိုး တစ်ဖက်စောင်းနင်းဆွဲထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေက ပေါ်ပေါက်လာတဲ့ တစ်ဖက်စောင်းနင်း ရွေးကောက်ပွဲကြီးထဲကို ထည့်ပြီး အန်အယ်ဒီကို ဘာမှလုပ်လို့မရအောင် လုပ်တာမျိုးကို ကျနော်တို့မကြိုက်ဘူး။ တစ်ကယ်တမ်းပဲ စစ်မှန်တဲ့ဒီမိုကရေစီကို လွှတ်တော်ထဲမှာ မဖန်တီးနိုင်ဘူးလို့ ကျနော်အပါအ၀င် တော်တော်များများကလဲ ယုံကြည်ကြတယ်။ ပြင်ပမှာပဲ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပွင့်လင်းတဲ့တွေ့ဆုံဆွေးနွေးရေးကို လုပ်စေချင်တယ် ဒီထက်ပိုပြီးတော့ မှန်မှန်ကန်ကန်လေးပေါ့ဗျာ။
By ဇာဏီ (Burma VJ Media Network) 
တွံတေးမှ ကျုရှင်ဆရာဦးအောင်ဖေ တစ်ကိုယ်တော် ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ တွံတေးမှ ကျုရှင်ဆရာဦးအောင်ဖေ တစ်ကိုယ်တော် ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ Reviewed by သစ်ထူးလွင် on 12:14 Rating: 5

No comments:

Powered by Blogger.