ပြည်တွင်းဘဏ်တစ်ခုမှ အေတီအမ် ကတ်စနစ်ကို စတင် ၀န်ဆောင်မှုပေး

ရန်ကုန်မြို့ရှိ သမ၀ါယမဘဏ် ရုံးချုပ်တွင် အေတီအမ် ကတ်ဝန်ဆောင်မှုနှင့် ပတ်သက်၍ ရှင်းပြနေစဉ်
အကြွေးဝယ်ကတ် စနစ်ကို ပြည်တွင်းအများပိုင် ဘဏ်တစ်ခုမှ နိုဝင်ဘာလဆန်းပိုင်းတွင် စတင် ၀န်ဆောင်မှုပေးခဲ့ကြောင်း ဘဏ်လုပ်ငန်း အသိုင်းအ၀ိုင်းထံမှ သိရပါသည်။
“နိုဝင်ဘာလ ၁ ရက်နေ့က ဘဏ်ရုံးချုပ်မှာ စတင်ဝန်ဆောင်ပေးခဲ့တာ။ ပထမ အဆင့်အနေနဲ့  နိုဝင်ဘာလ ၂၁ ရက်နေ့မှာ ဘဏ် ၁၀ ဘဏ်ကနေ ကတ်တွေထုတ်ပေးသွား မယ်။ နောက်ထပ် ၁၃ ဘဏ်ကတော့ ဒီဇင်ဘာလထဲမှာ စက်တွေ ရောက်လာတာနဲ့ ၀န်ဆောင်မှုပေးသွားမှာပါ။ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ပဲခူး၊ ပြည်၊ တောင်ငူမြို့တွေမှာ စတင် တပ်ဆင်ပေးသွားမှာပါ။ လောလောဆယ်တော့ ညနေ ၄ နာရီအထိပဲ ဘဏ်အတွင်းမှာ တပ်ဆင်ထားတဲ့ အေတီအမ် ကတ်စက်မှာ ထုတ်ယူနိုင်သေးတယ်။ နောက်လာမယ့် ရက် သတ္တပတ်တွေမှာတော့ ဘဏ်အပြင် မှာပါ စက်တွေတပ်ပေးသွားမှာဆိုတော့ ၂၄ နာရီ ၀န်ဆောင်ပေးသွားမှာပါ”ဟု သမ၀ါယမဘဏ် (စီဘီဘဏ်)မှ အုပ်ချုပ်မှုဒါရိုက်တာ ဦးဖေမြင့်က ပြောကြားပါသည်။
အဆိုပါ အေတီအမ်ကတ်ကို အနည်းဆုံးကျပ် ၁၀၀၀ မှ စတင်ပြုလုပ်နိုင်ပြီး အများဆုံး ထည့်ဝင်နိုင်သည့် ပမာဏကို ကန့်သတ်မှုမရှိဘဲ စိတ်ကြိုက်ထည့်သွင်းနိုင်ကာ တစ်နေ့လျှင် အများဆုံး ထုတ်ယူနိုင်သော ပမာဏမှာကျပ် ၁၀သိန်းဖြစ်ပြီး အနည်းဆုံး လက်ကျန်ပမာဏကျပ် ၁၀၀၀ ထားရှိရမည်ဖြစ်ကြောင်း၊ ကတ်အသုံးပြုနိုင်ရန်အတွက် အေတီအမ်ကတ်စာရင်းတစ်ခု ဖွင့်လှစ်ရန် လိုအပ်ပြီး  စုငွေစာရင်းနှင့် စာရင်းရှင်ငွေစာရင်းမှ တိုက်ရိုက်ချိတ်ဆက် နိုင်ရန်အချိန် သုံးလေးလ ကြာမြင့်နိုင်သေးကြောင်း သိရပါသည်။
“အသုံးပြုသူက အေတီအမ် ကတ်စာရင်းတစ်ခု ဖွင့်လှစ်တယ်ဆိုရင် အဲဒီကတ်ကို စက်ကဖတ်နိုင်ဖို့အတွက် ကုတ်နံပါတ်ခြောက်လုံးပါတဲ့ စာရွက်တစ်ရွက်ပေးပါမယ်။ အဲဒီနံပါတ်တွေနဲ့ ကတ်ကို စက်ထဲထည့်ပြီးပြီဆိုရင် အသုံးပြုသူက ကိုယ့်ရဲ့လျှို့ဝှက်နံပါတ်အဖြစ် ဂဏန်းခြောက်လုံးကို စိတ်ကြိုက်ရိုက်နှိပ်ပြီး သေချာမှတ်သားပြီး အသုံးပြုနိုင်မှာ ဖစ်ပါတယ်။ စီဘီဘဏ်အနေနဲ့ ကတ်အမျိုးအစားတွေကို ATM ၊  Easi၊ Beyond ၊ Master , Visa ဆိုပြီးခွဲခြားထားပါတယ်။ ဗဟိုဘဏ် ကခွင့်ပြုတာနဲ့ ဈေးဝယ်စင်တာတွေ မှာပါ စက်တွေ တပ်ဆင်သွားမှာပါ။ အခုဈေးဝယ်စင်တာတချို့နဲ့ ချိတ်ဆက်ပြီး Debit  ကတ် (Point of Sale) ၀န်ဆောင်မှုပေးနိုင်ဖို့ ချိတ်ဆက် ထားပါတယ်။ အေတီအမ်ပြီးရင် Debit ကတ်၊ Credit ကတ်တို့ကိုလည်း ၀န်ဆောင်ပေးသွားဖို့ ပြင်ဆင်နေပါတယ်”ဟု ဖြည့်စွက်ရှင်းပြသည်။
ယခုဝန်ဆောင်မှုပြုသော အေတီအမ်ကတ်ကို ရန်ကုန်မြို့တွင် ၀န်ဆောင်ခမယူဘဲ ရန်ကုန်ပြင်ပ ဆိုပါက စာရင်းလွှဲပြောင်းခ ရယူမည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ ဗဟိုဘဏ် နှင့် ပုဂ္ဂလိကဘဏ်များ ပူးပေါင်း၍  Myanmar Payment Union  စနစ်ကို အကောင်အထည် ဖော်လျက်ရှိပြီး အဆိုပါစနစ် ပြီးစီးပြီဖြစ်ပါက ဘဏ်တစ်ခုနှင့်တစ်ခု ချိတ်ဆက်လုပ်ကိုင် နိုင်မည်ဖြစ်ကြောင်း၊ အခြားဘဏ်များလည်း အေတီအမ် ကတ်စနစ်ကို ၀န်ဆောင်မှုပေးနိုင်ရန် ပြင်ဆင်လျက်ရှိပြီး ယခုနှစ်မကုန်မီ ၀န်ဆောင်မှု ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် အကြွေးဝယ်ကတ် အသုံးပြုမှုကို၁၉၆၀ ပြည့်နှစ်တွင် Master Card နှင့် Visa Card တို့က ၀န်ဆောင်မှုပေးခဲ့ပြီး တော်လှန်ရေးကောင်စီ အစိုးရလက်ထက်တွင် ပြန်လည်ရုပ်သိမ်းခဲ့သည်။ ထို့နောက် ထို့နောက် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အစိုးရလက်ထက် ၁၉၉၄ ခုနှစ်တွင် ပြန်လည် အသုံးပြုခဲ့သော်လည်း ၂၀၀၃ခုနှစ်တွင် ပုဂ္ဂလိက ဘဏ်အချို့၌ ဖြစ်ပေါ်ခဲ့သော ငွေရေး ကြေးရေး အကျပ်အတည်းတွင် ဘဏ်အချို့ ပြိုလဲမှုနှင့်အတူ ရုပ်သိမ်း ခံခဲ့ရကြောင်း သိရပါသည်။

သတင်း---Eleven Media Group
 ပြည်တွင်းဘဏ်တစ်ခုမှ အေတီအမ် ကတ်စနစ်ကို စတင် ၀န်ဆောင်မှုပေး  ပြည်တွင်းဘဏ်တစ်ခုမှ အေတီအမ် ကတ်စနစ်ကို စတင် ၀န်ဆောင်မှုပေး Reviewed by သစ်ထူးလွင် on 18:47 Rating: 5

No comments:

Powered by Blogger.