ငါးကန်တူးဖော်ဖို့အတွက် ညောင်တုန်းမြို့ နယ်ရှိ လယ်ဧက ၂၀၀ ကျော်ကို သိမ်းယူခဲ့

MBG (Myanmar Billion Group)ကုမ္မဏီ က ငါးကန်တူးဖော်ဖို့အတွက် ဧက ၂၀၀ ကျော်ကို ညောင်တုန်းမြို့နယ်ရှိ လယ်သမား ၁၁ ဦးထံမှ ၁၉၉၉ ခုနှစ်ကတည်းက သိမ်းယူထားတာဖြစ်ပါတယ်။

MBG ကုမ္မဏီက ညောင်တုန်းမြို့ နယ်တစ်ဝိုက်ရှိ လယ်တွေထဲမှာ စိုက်ပျိုးထားတဲ့ စပါးတွေကို ရိတ်သိမ်းသွားပြီး အလံတွေ လာစိုက်သွားတာဖြစ်တယ်လို့ ဆိုပါတယ်။ သူတို့ကုမ္ပဏီပိုင်လယ်တွေထဲ ဝင်ရောက်စိုက်ပျိုးလျင် အဖမ်းခံရမယ်လို့ လယ်သမားတွေကို ခြိမ်းခြောက်ခဲ့ပါတယ်။

ကျေးရွာလူကြီးက အာမခံပေးတဲ့အတွက် ကိုယ့်လယ်ကွက်ထဲ ကိုယ်စိုက်ခဲ့ကြပေမဲ့ စပါးစိုက်လို့မရအောင် အဲ့ဒီကုမ္ပဏီက အဲ့ဒီစပါးတွေကို လာရောက်ရိတ်သိမ်းသွားခဲ့ပြီး လန ၃၉ စာရင်းပေါက်အောင် ပြုလုပ်ခဲ့ကြပါတယ်။ အဲ့ဒီအတွက် လယ်သမားတွေက မြို့နယ် မြေစာရင်းဌာနအဆင့်ဆင့်ကို တိုင်ကြားခဲ့ပေမဲ့ ဆောင်ရွက်ပေးခဲ့ခြင်းမရှိပါဘူး။

၂၆-၈-၂၀၁၁ ရက်နေ့မှာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ နိုင်ငံတော်သမ္မတကြီးဆီကို ထပ်မံတိုင်ကြားခဲ့တဲ့အတွက် မြို့နယ်မြေစာရင်းဌာနက အဲ့ဒီလယ်သမားတွေအတွက် မြေမဲ့ယာမဲ့စာရင်းသွင်းပြီး လယ်မြေအစားပြန်ပေးတာမျိုး ပြုလုပ်ပေးခဲ့ပါတယ်။

ဒါပေမဲ့ သိမ်းယူထားတဲ့ ညောင်တုန်းမြို့နယ်ထဲက လယ်မြေတွေ အစား ပန်းတနော်မြို့နယ်ထဲက လယ်မြေတွေကို ပြန်ပေးတဲ့အတွက် နေရာက သိပ်ဝေးလွန်းတဲ့အပြင် စိုက်ပျိုးဖို့အတွက်လဲ အဆင်မပြေဘူးလို့ လယ်သမားတွေက ဆိုပါတယ်။

အစားထိုးပြန်ပေးတဲ့ လယ်မြေတွေကို လက်မခံလျင် ပြန်ရစရာမရှိတဲ့အတွက် တိုင်ကြားထားတဲ့ လယ်သမား ၁၁ ဦးထဲက ၅ ဦးက မြေအစားပြန်ယူခဲ့ပြီး ကျန်တဲ့လယ်သမားတွေကတော့ လက်သင့်မခံခဲ့ကြပါဘူး။

၁၉၉၉ ခုနှစ်ကတည်းက လယ်မြေတွေ အသိမ်းခံလိုက်ရတဲ့ လယ်သမားတွေဟာ စားဝတ်နေရေးအတွက် တခြားမြို့ရွာတွေကိုသွားပြီး ပြောင်းရွှေ့အလုပ်သမားတွေအဖြစ် အလုပ်လုပ်ကိုင်နေရတယ်လို့ ဆိုပါတယ်။

လယ်အစားပြန်ပေးတာကို လက်သင့်မခံခဲ့တဲ့ လယ်သမားတွေအနေနဲ့ ဝိုင်းဝန်းလက်မှတ်ရေးထိုးကြပြီး နိုင်ငံတော်သမ္မတကြီးထံ ထပ်မံစာတင်သွားမယ့်အပြင် သက်ဆိုင်ရာ တရားရုံးတွေကနေတဆင့် သိမ်းတဲ့သူကို တရားစွဲဆိုသွားမယ်လို့ လယ်သမားအရေးလိုက်ပါဆောင်ရွက်နေသူက ဆိုပါတယ်။

By ဇာဏီ (Burma VJ Media Group)
ငါးကန်တူးဖော်ဖို့အတွက် ညောင်တုန်းမြို့ နယ်ရှိ လယ်ဧက ၂၀၀ ကျော်ကို သိမ်းယူခဲ့ ငါးကန်တူးဖော်ဖို့အတွက် ညောင်တုန်းမြို့ နယ်ရှိ လယ်ဧက ၂၀၀ ကျော်ကို သိမ်းယူခဲ့ Reviewed by သစ်ထူးလွင် on 08:08 Rating: 5

No comments:

Powered by Blogger.