မန္တလေးတိုင်းအဖွဲ့ချုပ်ဆိုင်းဘုတ်ကို ဖြုတ်ချခိုင်း

Posts by နေသွင်   ·   No Comments

photo_DVB
မန္တလေးမြို့ ချမ်းအေးသာဇံမြို့နယ် ၃၂ နဲ့ ၃၃ လမ်းကြား၊ ၈၂ နဲ့ ၈၃ လမ်းကြားမှာ ဖွင့်ထားတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံး ဆိုင်းဘုတ်ကို ဖြုတ်ပေးဖို့ မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးမှူးက ဖိအားပေးခဲ့တယ်လို့
မန္တလေးတိုင်း အဖွဲ့ချုပ်က ပြောပါတယ်။
မန္တလေးတိုင်း အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးသိန်းတန်နဲ့ ရုံးဖွင့်ဖို့ အိမ်ငှားပေးထားတဲ့ အိမ်ရှင် ဦးကိုလေးကို ထွေ/အုပ် ဦးစီးမှူး ဦးအောင်ဒင်က မနေ့တုန်းက သူ့ရုံးကို ဆင့်ခေါ်ပြီး ဆိုင်းဘုတ်ကို ဖြုတ်ချဖို့ ဖိအားပေးတယ်လို့ ဆိုပါတယ်။
မန္တလေးတိုင်းအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးသိန်းတန်က ဆိုင်းဘုတ်ဖြုတ်မှာ မဟုတ်ဘူးလို့ အခုလို ပြောပါတယ်။
“ကျနော်တို့က ဒီအတိုင်းပဲ ရပ်နေမှာပဲ။ ကျနော် ဖြစ်တဲ့အကြောင်းကို ဗဟိုကိုလည်း အစီရင်ခံစာ တင်ထားပြီးပြီ။ ဆိုင်ဘုတ်တင်ထားတဲ့အချိန် ဗဟိုကို အကြောင်းကြားတယ်။ ဗဟိုက တင်လိုက်ပါဆိုလို့ တင်တယ်။ ကျနော်ကတော့ ဗဟိုက ဆုံးဖြတ်ချက် မချမချင်း လုပ်စရာရှိတာ ဆက်လုပ်မှာပဲ။”
ထွေ/အုပ်ဦးစီးမှူးက မနှစ်တုန်းက အဖွဲ့ချုပ်ကပါတီအဖြစ် မှတ်ပုံတင် ပြန်မတင်ခဲ့တာ၊ ရွေးကောက်ပွဲ မ၀င်ခဲ့တာ၊ ပါတီ တရားဝင်ခွင့်လျှောက်ထားတဲ့ အမှု ရှုံးသွားတာတွေကို အကြောင်းပြပြီး တရားမ၀င်တော့တဲ့ ပါတီအနေနဲ့ ဆိုင်းဘုတ်ကို ဖြုတ်ဖို့ ဖိအားပေးခဲ့တာလို့ ဆိုပါတယ်။
“လက်မှတ်ထိုးခိုင်းတယ်။ ကျနော်ကတော့ လက်မှတ်မထိုးနိုင်ဘူး။ အဲ့လိုဆိုရင် သိတဲ့အကြောင်း လက်မှတ်ထိုးဆိုတော့. ခင်ဗျားပြောတဲ့အတိုင်း၊ ကျနော်တို့ အဖွဲ့က ရွေးကောက်ပွဲ မ၀င်ဘူး၊ မှတ်ပုံမတင်ဘူး၊ ဒါတော့ သိတယ်။ ဒါတော့ လက်မှတ်ထိုးလိုက်တယ်။  ကျန်တာတော့ လက်မှတ်မထိုးဘူး။ အဲဒီတော့ သူက ဘာပြန်ပြောလဲဆိုတော့ ‘ကျနော်တို့က ရုတ်ရုတ်လုပ်လိုက်ရင် ခင်ဗျားတို့လည်း မကောင်းဘူးပေါ့။ ကျနော်က ပြောတယ်၊ အဲဒါတော့ လုပ်ပါ။ ခင်ဗျားတို့ဘက်က လုပ်ပိုင်ခွင့်ရှိရင် လုပ်ပါဆိုတော့ ပြီးသွားတယ်ဗျ။”
ဒီကိစ္စနဲ့ပတ်သက်လို့ ရန်ကုန်က အဖွဲ့ချုပ်ရုံးကို ဆက်သွယ်မေးမြန်းတဲ့အခါမှ အဖွဲ့ချုပ် ပြောခွင့်ရသူ ဦးအုန်းကြိုင်က အခုလိုပြောပါတယ်။
“ကျနော်တို့က ဒုတိယဥက္ကဋ္ဌကို တင်ပြတော့၊ ဒုတိယဥက္ကဋ္ဌက ဖြုတ်မှမချရဘဲနဲ့၊ တခုခုအာမခံချက်လည်း လက်မှတ်မထိုးခဲ့ရတော့ ဘာမှပြောစရာ မရှိပါဘူးတဲ့၊ အေးအေးဆေးဆေး ပြီးသွားရင် ပြီးတာပဲတဲ့၊ အဲ့လိုပဲထားလိုက်ပါတဲ့။”
အရင်တုန်းက မန္တလေး အဖွဲ့ချုပ်ရုံးကို မဟာအောင်မြေမြို့နယ်ထဲမှာ ဖွင့်ခဲ့တာဖြစ်ပြီး ရွေးကောက်ပွဲကာလမှာပဲ အိမ်ပိုင်ရှင်က ရုံးဖွင့်ဖို့ ဆက်မငှားတော့တဲ့ နောက်မှာ ဆိုင်းဘုတ်ကို ယာယီဖြုတ်ထားပြီး ဇွန်လ ၁၉ ရက်နေ့ကျမှ ရုံးသစ်မှာ ဆိုင်းဘုတ် ပြန်တင်ခဲ့တာလို့ သိရပါတယ်။
မန္တလေးအဖွဲ့ချုပ်ကို အာဏာပိုင်တွေက အခုလို ဖိအားပေးနေတဲ့အချိန်ဟာ ဇူလိုင်လထဲမှာ အထက်မြန်မာပြည်ကို အဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်ထွက်ဖို့ စီစဉ်နေတဲ့ အချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။
မန္တလေးတိုင်းအဖွဲ့ချုပ်ဆိုင်းဘုတ်ကို ဖြုတ်ချခိုင်း မန္တလေးတိုင်းအဖွဲ့ချုပ်ဆိုင်းဘုတ်ကို ဖြုတ်ချခိုင်း Reviewed by သစ်ထူးလွင် on 18:54 Rating: 5
Powered by Blogger.