သေဆုံးတဲ့ ရေငုပ်သမားက ဘယ်လိုလူလဲ

ဆမန်ခူနမ်ရဲ့ရုပ်အလောင်းကို သယ်ထုတ်လာနေကြပုံ
ဂူထဲပိတ်မိနေတဲ့ကလေးတွေကို အောက်စီဂျင်သွားပို့ရင်း သေဆုံးသွားတဲ့ ထိုင်းရေတပ်သားဟောင်း ရေငုပ်သမား ဆမန်ခူနမ်ဟာ ကိုယ်ကျိုးအတွက်မကြည့်ဘဲ လူတွေကိုကူညီချင်တဲ့စိတ်ရှိသူလို့ သူရဲ့သူငယ်ချင်းတွေက ပြောပါတယ်။

ဆမန်ခူနမ်ဟာ ရေငုပ်တာအပြင် ခန္တာကိုယ်ကြံ့ခိုင်တဲ့အားကစားတွေကို လိုက်စားသူတစ်ယောက်ပါ။ သူငယ်ချင်းတွေနဲ့လည်း စက်ဘီးစီးအားကစားလည်း လုပ်ပါတယ်။

ကျွန်တော်က သူ့ရဲ့ကစားဖေါ်အဖြစ် နှစ်တော်တော်ကြာ တွဲခဲ့သူပါ။ သူဟာကိုယ်ကျိုးမကြည့်ဘဲ တခြားလူကို ကူညီတတ်တဲ့သူပါ။ သူ့ရဲ့အလုပ်အပေါ် အားသွန်ခွန်စိုက်လုပ်တဲ့သူပါလို့ သူငယ်ချင်းတွေက ရှင်းပြပါတယ်။
 ရေငုပ်သမား ဆမန်ခူနမ်
ဂူထဲပိတ်မိနေတဲ့ ထိုင်းအားကစားသမား ၁၂ ယောက်နဲ့ နည်းပြတစ်ယောက်ကို အောက်စီဂျင်သွားပို့ရင်း သတိမေ့သေဆုံးခဲ့တဲ့ ဆမန်ခူနမ်ရဲ့ သူ့ဈာပနအတွက် ကုန်ကျမယ့်စရိတ်ကို ထိုင်းဘုရင်က တာဝန်ယူမယ်လို့ သိရပါတယ်။

ဆမန်ခူနမ်က ကလေးတွေဆီ အောက်ဆီဂျင်ဘူးသွားပို့ပြီး အပြန်လမ်းမှာ သူ့အတွက်လုံလောက်တဲ့ အောက်ဆီဂျင် မကျန်တော့လို့ သေဆုံးခဲ့ရတာပါ။

ထိုင်းကျောင်းသားလူငယ် ဘောလုံးအသင်းဝင် ၁၂ ယောက်နဲ့ သူတို့ရဲ့ နည်းပြဆရာတို့ ဂူထဲမှာ ပိတ်မိနေတာ ရက်သတ္တပတ် ၂ ပတ်နီးပါး ရှိပါပြီ။

ဂူအတွင်း ကလေးတွေ ဝင်ရောက်ချိန်က ရေတွေမရှိပေမယ့် မိုးရွာပြီးရေတွေတက်လာလို့ ရေလွတ်ရာရှောင်ရင်း သူတို့တွေဂူအတွင်းပိုင်းအထိ ရောက်ခဲ့ကြတာပါ။

သူတို့ကို ရှာဖွေရေးလုပ်နေချိန် ၁၀ ရက်မြောက်နေ့မှာပဲ ကယ်ဆယ်ရေးလုပ်ငန်းမှာ ပါဝင်တဲ့ ဗြိတိန်ရေငုပ်သမားတွေက ရှာတွေ့ခဲ့တာပါ။
 သေဆုံးတဲ့ ရေငုပ်သမားက ဘယ်လိုလူလဲ
ထိုင်းရေတပ်နဲ့ နိုင်ငံတကာက ရေငုပ်သမားတွေက ကလေးတွေဆီ အစားအစာနဲ့ သူတို့ရဲ့ ကျန်းမာရေးအခြေအနေကို စစ်ဆေးမှုပြုပြီး ဖြစ်ပေမယ့် သူတို့ရောက်ရှိနေတဲ့ နေရာဟာ အောက်ဆီဂျင်ရရှိမှု ပုံမှန်အောက်လျော့နည်းနေတာက စိုးရိမ်စရာဖြစ်နေပါတယ်။

ရာသီဥတုခန့်မှန်းချက်အရ လာမယ့်တနင်္ဂနွေနေ့မှာလည်း မုတ်သုံမိုးသည်းထန်မယ် ဆိုတာကြောင့် ဂူအတွင်းရေကြီးလာရင် ကလေးငယ်တွေ အတွက် စိုးရိမ်စရာဖြစ်နေပါတယ်။

ကလေးတွေကို ရေငုပ်သင်ပေးပြီး ကယ်ထုတ်ဖို့ မူလကစီစဉ်ခဲ့ပေမယ့် အခုလို အောက်စီဂျင် လျော့နည်းလို့ ရေငုပ်သမားတယောက် သေဆုံးရတာက ကလေးတွေအတွက် စိုးရိမ်စရာ ပိုဖြစ်စေခဲ့ပါတယ်။

ကလေးတွေကို အခုနေရာမှာ ကြာကြာထားဖို့ စိတ်မချရတဲ့ အခြေအနေဖြစ်လာလို့ ကယ်ဆယ်ရေး အစီအစဉ်တွေကို ပြောင်းဖို့လိုနေပြီ၊ အချိန်မဆိုင်းသင့်တော့ဘူးလို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။

ကလေးတွေနဲ့ ဂူထဲမှာ ကယ်ဆယ်ရေးလုပ်နေတဲ့ သူတွေဆီပါ အောက်ဆီဂျင် လုံလုံလောက်လောက်ရဖို့ ထိုင်းစစ်တပ်ရော အရပ်ဘက်အဖွဲ့တွေကပါ လုပ်ဆောင်နေကြတယ်လို့လည်း ဂူတည်ရှိတဲ့ ချင်းရိုင်ခရိုင်မှုးက ပြောပါတယ်။

BBC Burmese
http://www.bbc.com/burmese
သေဆုံးတဲ့ ရေငုပ်သမားက ဘယ်လိုလူလဲ သေဆုံးတဲ့ ရေငုပ်သမားက ဘယ်လိုလူလဲ Reviewed by THITHTOOLWIN on 19:32 Rating: 5
Powered by Blogger.